News

POST TYPE

AUTOMOBILE

ပူပြင်းတဲ့ရာသီ ကားမောင်းရာမှာ သိထားသင့်တဲ့ အချက် ၁၀ ချက်
25-Nov-2019

အခုအချိန်ဟာ မိုးကနေ ဆောင်းကူးလာလို့ အအေးဓာတ်က ဝင်ဖို့ကြံနေတုန်းကာလပဲရှိတယ်လို့ ဆိုရပါမယ်။ ဘာလို့ဆို မြန်မာနိုင်ငံလို အပူကဲတဲ့ ဒေသများတဲ့နေရာမှာ အေးတယ်ဆိုတာ ချို(ဂျို)နဲ့လားလို့ မေးရမလိုတောင်ဖြစ်နေလို့ပါ။ ပြီးတော့ ရှေ့မှာလည်း နွေဥတုကစောင့်နေတာကြောင့် ဒီတစ်ပတ်မှာတော့ Motoring ပရိသတ်ကြီးအတွက် ပူပြင်းတဲ့ရာသီမှာ ကားမောင်းမယ့်သူတွေ သိထားသင့်တဲ့အချက်တွေကို ဝေမျှဖော်ပြသွားမှာပဲ ဖြစ်ပါတယ်။ တချို့လည်း သိကောင်းသိထားပြီးပြီဆိုပေမယ့် သတိဆိုတာပိုတယ်လို့မရှိလို့ သတိပြန်ရဖို့ ပြန်မျှလိုက်တာ ဖြစ်ပါတယ်။

(၁) Air-Con ကို သတိပြုပါ
ပထမဆုံးနဲ့ အရေးကြီးဆုံးအချက်အနေနဲ့ ပြင်ပအပူဒဏ်ကို အကောင်းဆုံး တွန်းလှန်နိုင်မယ့် အချက်ဖြစ်ပါတယ်။ Air-Con တွေကောင်းနေမယ်ဆိုရင် ပြင်ပအပူဒဏ်ကို ကားအသုံးပြုသူတွေ ခုခံနိုင်မှာဖြစ်ပါတယ်။ 

(၂) Air-Con  သုံးရာမှာ သတိပြုရမယ့် အချက်များ
ပြင်ပအပူဒဏ်ကို ခုခံဖို့ Air-Con  တွေသုံးကြတာတော့ ဟုတ်ပါပြီ။ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဒါမှမဟုတ် ဘေးဥပဒ်မဖြစ်အောင် အသုံးပြုတတ်ဖို့လည်း လိုပြန်ပါတယ်။ ဘာတွေကို သတိပြုကြမလဲ ကြည့်လိုက်ကြရအောင် ...

(၃)ပြင်ပအပူချိန်နဲ့ ကားအတွင်းခန်း အပူချိန်ကို  သိပ်ကွာခြားစေတာမျိုးမဖြစ်ပါစေနဲ့

အဲဒီလိုဖြစ်ရင် ဘာတွေဖြစ်နိုင်လဲဆိုတော့ အပူထဲက ရုတ်တရက် အအေးထဲကို ဝင်တဲ့အခါ၊ အအေးထဲက အပူထဲကို ထွက်တဲ့အခါတွေမှာ ကြီးမားတဲ့ ကျန်းမာရေးထိခိုက်မှုတွေကို ဖြစ်စေတတ်ပါတယ်။ မြန်မာနိုင်ငံမှာပဲ နွေရောက်ပြီဆိုရင် အပူအအေးမမျှလို့ ရုတ်တရက်သေဆုံးမှုတွေကို အားလုံးပဲကြားဖူးကြမှာပါ။ ဥပမာ- အပူထဲကနေ အဲကွန်းခန်းထဲ ရုတ်တရက်ဝင်လိုက်လို့ ဉီးနှောက်သွေးကြောပြတ်သေတယ်ဆိုတဲ့ (ခေတ်အပြော တစ် (၁)ကြောပြတ်)ဖြစ်ရပ်တွေက အများဆုံးဖြစ်ပါတယ်။ တချို့လည်း ရုတ်တရက်လေဖြတ်၊ လေဖြန်းသွားတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဆီးချို၊ သွေးချိုနဲ့ သွေးတိုး ရှိတဲ့သူတွေဆို အရမ်းသတိထားရပါတယ်။ ဒါကြောင့် Air-Con ဖွင့်မယ်ဆိုရင်လည်း ပြင်ပအပူချိန်နဲ့ လိုက်ပြီး ဖွင့်ကြဖို့ သတိပေးလိုပါတယ်။

နောက်ပြီး အရေပြားထိခိုက်တာ မဖြစ်စေဖို့ မျက်နှာနဲ့ ခန္ဓာကိုယ်တည့်တည့်ကို အဲကွန်းလေးတွေ တိုက်ရိုက်မကျရောက်စေဖို့ လေထွက်ပေါက်ကို လွှဲထားသင့်ပါတယ်။ အဲကွန်းမဖွင့်တာကြာရင် ဂက်စ်နဲ့တကွ စက်ကိရိယာအစိတ်အပိုင်းတွေ အလုပ်မလုပ်တာ၊ ဂက်စ်စီးဆင်းလမ်းကြောင်းတွေ ပိတ်ဆို့တာတွေ ဖြစ်တတ်ပါတယ်။ အဲဒါက အဲကွန်းစနစ်ဟာ အင်ဂျင်ပါဝါကို ပိုမိုရယူအသုံးပြုရတဲ့အတွက် ကားအင်ဂျင်က သာမန်ထက်ပိုပူလာပြီး အင်ဂျင်အပူရှိန်လွန်ကဲလာတတ်ပါတယ်။ အဲဒါကြောင့် အဲကွန်းစနစ်ကို ကြိုတင်စစ်ဆေးပြုပြင်တာတွေ ပြုလုပ်သင့်ပါတယ်။

(၄) လေအေးပေးစနစ်ကို စစ်ဆေးပါ
ပူပြင်းတဲ့ရာသီမှာ အင်ဂျင်အပူလွန်ကဲတာ အများဆုံးဖြစ်နိုင်ပါတယ်။ ကားမီးလောင်တဲ့အထိ အန္တရာယ်ရှိပါတယ်။ အဲဒါက အအေးပေးစနစ်တွေ ချို့ယွင်းလို့ ဖြစ်တာများပါတယ်။ အအေးပေးစနစ်တွေက အင်ဂျင်အတွင်း လည်ပတ်စီးဆင်းတဲ့ အင်ဂျင်ဝိုင်စနစ်၊ ရေတိုင်ကီလို့ခေါ်တဲ့ ရေဒီယေတာစနစ်၊ အအေးပေးပန်ကာတွေကို စစ်ဆေးရမှာဖြစ်ပါတယ်။ အင်ဂျင်ထဲမှာ လည်ပတ်တဲ့ အင်ဂျင်ဝိုင်ဟာ အင်ဂျင်ရဲ့လည်ပတ်တဲ့ အစိတ်အပိုင်းတွေကို ပွန်းပဲ့တာမျိုးမရှိဘဲ လည်ပတ်မှုချောမွေ့စေရုံမက အင်ဂျင်ရဲ့အပူချိန် မြင့်တက်မှုမရှိအောင် ထိန်းညှိပေးနိုင်ပါတယ်။ အဲဒါကြောင့် အင်ဂျင်ဝိုင်ဟာ သတ်မှတ်ထားတဲ့ ပမာဏ ရှိမရှိ၊ လဲလှယ်ဖို့ လိုအပ်နေပြီလားဆိုတာကို စစ်ဆေးပြီး ဖြည့်စွက်တာ၊ လဲလှယ်တာတွေ ပြုလုပ်ထားသင့်ပါတယ်။

ရေဒီယေတာ အအေးပေးစနစ်ရဲ့ အစိတ် အပိုင်းတွေက ပုံမှန်အလုပ်လုပ်ရဲ့လားဆိုတာလည်း စစ်ဆေးရမှာ ဖြစ်တယ်။ ရေတိုင်ကီနဲ့ ရေပြန်ဘူးတွေ အတွင်း သတ်မှတ်ထားတဲ့ အမှတ်အသားအထိ Coolant အရည်ရှိမရှိ စစ်ဆေးသင့်ပါတယ်။ ကူးလင့်အရည် လည်ပတ်တဲ့ ပိုက်လိုင်းတွေ ပိတ်ဆို့တာမျိုးရှိမရှိ၊ ရေလည်အုံ ကောင်းမကောင်း၊ သာမိုစတက်က ပုံမှန်အလုပ်လုပ်ရဲ့လား စစ်ဆေးရပါမယ်။ သာမိုစတက် ပိတ်နေရင်လည်း အင်ဂျင်အပူရှိန် မြင့်တက်နိုင်ပါတယ်။ နောက်ပြီး အဲကွန်းဂက်စ်တွေရှိမရှိကိုလည်း စစ်ဆေးပါ။

(၅) နေကာတွေ အသုံးပြုပါ
နောက်ထပ်အပူဒဏ်ကို ကာကွယ်နိုင်မယ့် အချက်ကတော့ တံခါးမှန်တွေနောက်မှာ လိုက်ကာ တွေတပ်ဆင်ထားတာမျိုးနဲ့ အခုခေတ်မှာ ရေပန်းစားနေတဲ့ နေကာစတစ်ကာတွေ ကပ်တာမျိုးတွေကို လုပ်နိုင်ပါတယ်။ စတစ်ကာကပ်တဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေလည်း အများအပြားပေါ်ပေါက်လာသလို ပြည်ပက တင်သွင်းပြီး ဝန်ဆောင်မှုပေးတဲ့နေရာတွေလည်း အများအပြားပေါ် ပေါက်လာတာကြောင့် စတစ်ကာကပ်တာက ဟိုးအရင်ကလောက်မခက်ခဲတော့ပါဘူး။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန) ကလည်း ရာခိုင်နှုန်းနဲ့လိုက်ပြီးတော့ စတစ်ကာတပ်ဆင်ခွင့် ပြုထားပါတယ်။

(၆) ကားမှန်ချန်ပြီး ပိတ်ပါ
ဒီအချက်ကတော့ ကျွန်တော်တို့လို တရားဥပဒေ စိုးမိုးမှုအားနည်းတဲ့နိုင်ငံမှာတော့ နည်းနည်းမဖြစ်နိုင်ပါဘူး။ ဘာလို့ဆို ကားမှန်အပြည့်ပိတ်ပြီး ကားကိုရပ်သွားရင်တောင် ကားတွင်းက ပစ္စည်းအခိုးခံရတာတွေ ဖြစ်တတ်လို့ပါ။ ကားရပ်တဲ့အခါမှာ ကားမှန်ကို အလုံပိတ်သွားတာထက်စာရင် မှန်ကိုနှစ်လက်မလောက်ချန်ပြီး ရပ်ထားခဲ့ခြင်းအားဖြင့် အပြင်က အပူတွေကို အထဲမှာ ဝပ်မနေစေပါဘူး။ မှန်အလုံပိတ်ပြီး ရပ်ခဲ့မယ်ဆိုရင်တော့ အပြင်က အပူတွေကို အထဲမှာ စုပ်ထားသလို ဖြစ်စေတတ်ပါတယ်။ အဲဒါကြောင့် ကားတံခါးမှန်တွေကို နှစ်လက်မလောက်ချန်ပြီး ပိတ်မယ်ဆိုရင် အပူချိန်ကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

(၇) ကားကိုယ်ထည်ကို ရေဖျန်းပါ
ဒီခေတ်ကြီးထဲ ကားနဲ့သယ်နိုင်တဲ့ ကားရေဆေး ကိရိယာလေးတွေလည်း ပေါ်နေပြီမို့လို့ အဲဒီပစ္စည်း လေးတွေ သယ်ဆောင်ပြီးလည်း လုပ်ဆောင်နိုင်ပါတယ်။ ဒါကလည်း ရေရနိုင်မယ့်နေရာတွေဆိုရင် အဆင်ပြေပေမယ့် မရတဲ့နေရာတွေဆိုရင် မလုပ်နိုင်မယ့် အချက်ပါ။ ဒါပေမဲ့ အပူချိန်လျှော့ချနိုင်မယ့် အချက်တစ်ခုအနေနဲ့ ထည့်သွင်းဖော်ပြလိုက်တာ ဖြစ်ပါတယ်။ နေပူထဲမှာ ကားကိုရပ်ထားမယ်ဆိုရင် ကားကိုယ်ထည်ပေါ်မှာ ရေဖျန်းထားခြင်းအားဖြင့် အတွင်းခန်းအပူချိန်ကို လျှော့ချနိုင်ပါတယ်။ 

(၈) ကားတံခါးအားလုံးဖွင့်ပါ
နောက်ထပ်အပူချိန်ကို ခုခံနိုင်မယ့်အချက်ကတော့ နေပူထဲမှာ ကားကိုရပ်ထားခဲ့မယ်ဆိုရင် ကားထဲချက်ချင်းဝင်ပြီး မောင်းသွားတာထက် ကားတံခါးအားလုံး ဖွင့်ထားလိုက်တာမျိုး၊ ဒါမှမဟုတ် ကားတံခါးဖွင့် စက်နှိုးထားပြီး အဲကွန်းကို အမြင့်ဆုံးထားပြီး ခဏဖွင့်ထားလိုက်တာမျိုးတွေလုပ်သင့်ပါတယ်။ အဲဒီလိုမျိုးလုပ်မယ်ဆိုရင် နှစ်မိနစ်ကနေ ငါးမိနစ်အတွင်းမှာ အထဲက အပူတွေအပြင်ကို ထွက်သွားပြီး လတ်ဆတ်တဲ့အပြင်လေနဲ့ လဲလှယ်ပြီးသား ဖြစ်သွားမှာပါ။ အဝေးပြေးလမ်းတွေမှာ ခရီးသွားတဲ့အခါ ရပ်နားတဲ့အခါတိုင်း ကားတံခါးတွေ အကုန်ဖွင့်ပြီး ပြင်ပလေနဲ့ အတွင်းခန်းလေကို လဲလှယ်ပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။

(၈) တာယာအားလုံး စစ်ဆေးပါ
ဒီအချက်ကတော့ အပူဒဏ်ကို ကာကွယ်နိုင်မယ့်အချက်တော့ မဟုတ်ပါဘူး။ ကိုယ့်အသက်ကို ကာကွယ်ပေးမယ့် အချက်ပါ။ တာယာတွေကတော့ ပူတဲ့ရာသီပဲဖြစ်ဖြစ်၊ စိုစွတ်တဲ့ရာသီပဲဖြစ်ဖြစ် အမြဲတမ်း စစ်ဆေးပြီး ဂရုစိုက်နေရမယ့် ကားတစ်စီးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် တာယာပန်းတွေ ရှိ၊ မရှိနဲ့ တာယာမှာ အဖုအထစ်တွေရှိ၊ မရှိ ဆိုတာကို စစ်ဆေးနေသင့်ပါတယ်။ တာယာမကောင်းရင် စိုစွတ်တဲ့ရာသီမှာဆို စလစ်ဖြစ်ပြီး မှောက်တာမျိုးတွေ၊ ဘရိတ်မနိုင်ဘဲ တိုက်တာမျိုးတွေဖြစ်နိုင်သလို ပူပြင်းတဲ့ရာသီမှာလည်း အပူဒဏ်ကြောင့် မောင်းနေရင်း တာယာပွင့်ထွက်တာမျိုးတွေဖြစ်ပြီး ယာဉ်အန္တရာယ် ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် တာယာတွေကို ဂရုပြုသင့်ပါတယ်။ နောက်ပြီး လေပေါင်ချိန်တွေကိုလည်း ဂရုစိုက်ပါ။ ကားတစ်စီးရဲ့လေပေါင်ချိန်ဟာ အုံနာဘုတ်မှာပါတဲ့အတိုင်းဖြစ်သင့်ပြီး ယာဉ်မောင်းသူအနေနဲ့ လေပေါင်ချိန်အနေအထားကို အမြဲစောင့် ကြည့်သတိပြုသင့်ပါတယ်။ ကားအောက်ကို ငုံ့ကြည့်လိုက်တာ အပန်းမကြီးပါဘူး။ မငုံ့ကြည့်ဘဲ မောင်းသွားမယ်ဆိုရင်တော့ အပန်းကြီးသွားနိုင်ပါတယ်လို့ သတိပေးလိုက်ပါရစေ။

(၉) ဒီအချက်ကလည်း သတိပြုချင်စရာပါ။ 
အိတ်ဇောတွေပိတ်ဆို့နေတဲ့အခါ အပူရှိန်နဲ့ မီးခိုးတွေက အင်ဂျင်ဆီကို ပြန်လာတဲ့အတွက် အင်ဂျင်အပူရှိန် လွန်ကဲတတ်ပါတယ်။ အိတ်ဇော (Catalytic Converter) ဟာ လေထုညစ်ညမ်းမှုမဖြစ်အောင်နဲ့ အင်ဂျင်အပူရှိန်လွန်ကဲမှုမဖြစ်အောင် ထိန်းချုပ်ပေးနိုင်ပါတယ်။ အဲဒါကြောင့် Catalytic Converter ကောင်းမွန်နေရပါမယ်။ မကောင်းရင် အသစ်လဲလှယ်ရပါမယ်။

(၁၀) လေကာမှန် ကြည်လင်နေပါစေ
ပူပြင်းတဲ့နေရောင်အောက်မှာ လေကာမှန်က တစ်ဆင့် ရှေ့မြင်ကွင်းတွေကို အာရုံစိုက်ရတာဖြစ်လို့ အညစ်အကြေးတွေနဲ့ မှုန်ဝါးနေတဲ့ လေကာမှန်က အမြင်အာရုံကို ရှုပ်ထွေးစေတယ်။ အဲဒါကြောင့် လေကာမှန်ကို ကြည်လင်နေအောင် သန့်ရှင်းပေးသင့်ပါတယ်။
အခုဖော်ပြပေးခဲ့တာကတော့ ပူပြင်းတဲ့ရာသီမှာ ကားမောင်းမယ့်သူတွေအတွက် ဂရုစိုက်ရမယ့် အချက် ၁၀ ချက်ဖြစ်ပါတယ်။ ဒီလိုအချက်တွေကို ဂရုပြုခြင်းအားဖြင့် ကားနဲ့မကင်းတဲ့ ကျွန်တော်တို့ရဲ့ Motoring  စာဖတ်ပရိသတ်ကြီး အန္တရာယ်ကင်းကင်းရှင်းရှင်း လိုရာခရီးကို သွားနိုင်မှာဖြစ်သလို ကျန်းမာရေးနဲ့လည်း ညီညွတ်စေမှာ ဖြစ်ပါတယ်။ 
 
ဟိန်းမြတ်စိုး 


  • VIA