News

POST TYPE

AUTOMOBILE

ကားဈေးကွက် အရွေ့
13-Nov-2019


SKD ဦးစားပေး ကားတင်သွင်းခွင့်မူဝါဒကို အောက်တိုဘာလ ၃၁ ရက်နေ့က မော်တော်ယာဉ် တင်သွင်းခြင်းနဲ့ သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ခဲ့သည်။

ယခင်က ထိုမူဝါဒထုတ်ပြန်လိုက်ပြီဆိုသည်နှင့် ကားလုပ်ငန်းရှင်တို့ ပျာယာခတ်ပြီး ကားဈေးကွက်သည်လည်း ကမောက်ကမ ဖြစ်သွားလေ့ရှိသည်။

သို့သော် အခုတော့ ထိုသို့မဟုတ်။ ကားလုပ်ငန်း ရှင်တို့ တုတ်တုတ်မျှမလှုပ်ပေ။ ကားဈေးကွက်တွင်လည်း ဘာထူးခြားမှုမျှ မပြပေ။ 

“အရင်က မော်ဒယ်လ်နှစ်က တစ်နှစ်နဲ့ တစ်နှစ်ကို သုံး၊ လေးနှစ်ခြားသွားတတ်တယ်။ ပြီးတော့ CIF (ဆိပ်ကမ်းအရောက် မော်တော်ယာဉ်တန်ဖိုး) ကို ထုတ်ပေးတယ်။ အဲဒီကြားမှာ အလုပ်လုပ်ကြတာပေါ့။ အခုတော့ အဲဒီလိုမဟုတ်တော့ဘူးလေ” ဟု ဦးမင်းမင်းမောင်က ဆိုသည်။

၎င်းသည် မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်း(ရန်ကုန်) ၏ ဥက္ကဋ္ဌဖြစ်သကဲ့သို့ MMM ကားအရောင်းစင်တာ၏ ပိုင်ရှင်လည်း ဖြစ်သည်။

ယင်းသို့ဆိုသော် ကားဈေးကွက် ဘယ်သို့ရွေ့နေသနည်း။

မြန်မာနိုင်ငံ၏ ကားတင်သွင်းခွင့်မူဝါဒ 

မြန်မာနိုင်ငံ၏ ကားတင်သွင်းခွင့် မူဝါဒများကို ၁၉၉၆ ခုနှစ်မှစတင်၍ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ 

ယင်းနောက် တပ်မတော်အစိုးရလက်ထက်အတွင်း တပ်နှင့်နီးစပ်သည့် လုပ်ငန်းရှင်များနှင့် သင်္ဘောသားကဲ့သို့ ပြည်ပထွက် အလုပ်လုပ်ကိုင်ကြသူများကို ကားတင်သွင်းခွင့်ပြုသည့်စနစ်ဖြင့် ကျင့်သုံးခဲ့သည်။

ထိုနောက်ပိုင်း ၂၀၁၀ ခုနှစ်တွင် အရပ်သားတစ်ပိုင်း ဦးသိန်းစိန်အစိုးရတက်လာခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ယာဉ်အိုယာဉ်ဟောင်းများကို အစားထိုး တင်သွင်းခွင့်ပြုခဲ့သည်။ ထို့နောက် ၁၈ နှစ်ပြည့်ပြီးသည့် နိုင်ငံသားတိုင်းကို ကားတင်သွင်းခွင့်ပြုခဲ့သည်။

ကားမူဝါဒကိုလည်း ရောက်ရှိနှစ်နှင့် ငါးနှစ်ခြား၍ တင်သွင်းခွင့်ပြုသည့်စနစ်ကို စတင်ခဲ့ပြီးနောက် ဆိပ်ကမ်းအရောက် မော်တော်ယာဉ်တန်ဖိုး(CIF)ကိုလည်း ထုတ်ပြန်ပေးခဲ့သည်။

“အဲဒီကာလတွေက ကားလုပ်ငန်းရှင်တွေ အပါအဝင် ကားနဲ့ဆက်နွှယ်တဲ့သူတွေရဲ့ ရွှေခေတ်ပဲ” ဟု ဝါရင့်ကားဝယ်ရောင်း ဦးကျော်စိုးက ပြန်ပြောင်းပြောဆိုသည်။

မြန်မာ့ကားဈေးကွက်၏ အလှည့်အပြောင်းမှာ ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့ပြီး ယင်းနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်၍ လမ်းပိတ်ဆို့မှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရသော ရန်ကုန်တိုင်းတွင် ကားတင်သွင်းမည့် သူများအနေနှင့် ပါကင်ပါမစ် (ဝါ) ယာဉ်ရပ်နားရန် နေရာတင်ပြပြီးမှ တင်သွင်းခွင့်ပြုခြင်းကို စတင်ခဲ့ခြင်း ဖြစ်သည်။

“အဲဒီတုန်းက ရွှေပြည်သာနဲ့ မှော်ဘီတို့လို နေရာတွေဆီတောင် နေရာတွေငှားပြပြီး တင်သွင်းတာတွေကို လုပ်လိုက်ကြသေးတယ်” ဟု ကားဝယ်ရောင်း ဦးအောင်ကျော်စိုးက ဆိုသည်။

ယင်းနောက် ကားဈေးကွက်ကို လုံးဝအေးစက်သွားစေသည့် နောက်ထပ်အပြောင်းအလဲမှာ ၂၀၁၈ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့ပြီး မြန်မာပြည်သူတို့အကြိုက် ဂျပန်နိုင်ငံထုတ် ညာမောင်းကားများ တင်သွင်းခွင့်ကို လုံးဝရပ်ဆိုင်းပြီး ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ယင်းမှစတင်၍ မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒသည်လည်း ရောက်ရှိနှစ်နှင့် ငါးနှစ်ခြားတင်သွင်း ခွင့်ပြုနေခဲ့ရာမှ ၂၀၁၉ ခုနှစ်မူဝါဒတွင် ရောက်ရှိနှစ်နှင့် သုံးနှစ်ခြားမူဝါဒကို ပြောင်းလဲသွားခဲ့သည်။ လာမည့် ၂၀၂၀ ပြည့်နှစ် မူဝါဒမှာလည်း ယင်းမူဝါဒကဲ့သို့ဖြစ်သည်။

လာမည့်နှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်တွင် လူပုဂ္ဂိုလ်တစ်ဦးချင်း တင်သွင်းခွင့်အတွက် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ၊ Consignment စနစ်အပါအဝင် ယာဉ်အိုယာဉ်ဟောင်း အစားထိုးယာဉ်တင်သွင်းခွင့်အတွက် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ဘယ်မောင်းများသာ တင်သွင်းရမည်ဖြစ်ကြောင်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

“ကားဈေးကွက်က အရင်အတိုင်းပဲလေ။ ဘာမှထူးထူးခြားခြားပြောင်းလဲတာ မရှိဘူး” ဟု မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး အသင်းချုပ်ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ၂၀၂၀ ပြည့်နှစ်အတွက် မော်တော်ယာဉ်မူဝါဒ ထုတ်ပြန်ပေးလိုက်ပြီးနောက် မှတ်ချက်ပေးပြောဆိုသည်။

၂၀၁၉ ခုနှစ်မူဝါဒနှင့် ကွဲပြားသွားသည်မှာ ယာဉ်အိုယာဉ်ဟောင်း အစားထိုးယာဉ်စနစ်အဖြစ် တင်သွင်းခွင့်ပြုသည့် မော်ဒယ်လ်ခုနှစ်ကို ၂၀၁၉ ခုနှစ်က ၂၀၁၅ မှ ၂၀၁၉ အထိ မော်ဒယ်လ်ငါးခု တင်သွင်းခွင့်ပြုခဲ့သော်လည်း လာမည့်နှစ်တွင်မူ ၂၀၁၇ မှ ၂၀၂၀ အထိ မော်ဒယ်လ်လေးခုသာ တင်သွင်းခွင့်ပြုခြင်း ဖြစ်သည်။

ထိုသို့ဆိုသော် အေးစက်နေသော ယခုကားဈေး ကွက်ကို အပြောင်းအလဲဖြစ်ပေါ်စေနိုင်သည်မှာ ဘယ်အရာနည်း။ တစ်နည်း မည်ကဲ့သို့သော မူဝါဒမျိုးဖြစ်မည်နည်း။


ပျောက်ဆုံးနေသော ရန်ကုန်လိုင်စင်
ရန်ကုန်လိုင်စင် (ဝါ) ရန်ကုန်ကားတင်သွင်းခွင့် လက်မှတ် (YVQC) ကို ကားလုပ်ငန်းရှင်တို့ မျှော်လင့်နေသည်မှာ အတော်ပင်ကြာပြီ။

“ဂျပန်ညာမောင်းကားတွေ ပြန်သွင်းခွင့်ပြုပြီး ရန်ကုန်လိုင်စင်ကို ပြန်ခွင့်ပြုပေးမယ်ဆိုရင်တော့ ကားဈေးကွက် ပြောင်းလဲနိုင်တယ်” ဟု လှိုင်ယာဉ်ရောင်းဝယ် ရေးစခန်းမှ ကားဝယ်ရောင်း ဦးရှိုးတီက ဆိုသည်။

သို့သော် ၎င်းတို့မျှော်လင့်နေသည့် ရန်ကုန်လိုင်စင်ကို ထုတ်ပေးမှုရပ်ဆိုင်းထားသည်မှာ ၂၀၂၀ မတ်လဆိုပါက လေးနှစ်ပြည့်တော့မည် ဖြစ်သည်။

ယခုထက်ထိ ဘယ်ဆီနေမှန်းမသိပေ။ ပျောက်ခြင်းမလှ ပျောက်လို့နေပေသည်။

“ရန်ကုန်လိုင်စင်က ပေးကို ပေးရမှာ” ဟု မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချ ရေးအသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင် ဦးမင်းမင်းမောင်က ပြောသည်။

သို့သော် မည်သည့်အချိန်ပေးမည်ဆိုသည်ကိုမူ ခန့်မှန်းရခက်ခဲကြောင်း ၎င်းကဆိုသည်။

“ရန်ကုန်လိုင်စင်က ရှေ့နေချုပ်ရုံးရောက်လိုက်၊ ဟိုရောက်လိုက် ဒီရောက်လိုက်ဖြစ်နေတယ်” ဟု ဦးမင်းမင်းမောင်က ရန်ကုန်လိုင်စင်၏ လက်ရှိအခြေအနေကို ပြောပြသည်။

ထို့ပြင် ရန်ကုန်လိုင်စင် ပေးပါကလည်း ဈေးနှုန်းများပြား၍ မရကြောင်းကို ၎င်းက ယခုကဲ့သို့ မှတ်ချက်ပြုသည်။

“(ကျပ်သိန်း) ၃၀၀ တန်ကားကို (ရန်ကုန်) လိုင်စင်တစ်စောင် (ကျပ်သိန်း) ၉၀ ဆိုရင် ဘယ်သူမှ ပေးဝယ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ (ကျပ်သိန်း) တစ်ထောင်တန်ကားကို (ကျပ်သိန်း) ၉၀ ဆိုရင်တော့ ဝယ်ကြလိမ့်မယ်။ အဓိကက ဈေးနှုန်းပဲ။ အားလုံးကလည်း ရန်ကုန်လိုင်စင်က ဈေးနှုန်းဘယ်လောက်နဲ့ ထွက်လာမလဲဆိုတာ စောင့်ကြည့်နေကြတာ” ဟု ဆိုသည်။

ရန်ကုန်တိုင်းအစိုးရဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်းကတော့ ၎င်းဝန်ကြီးချုပ်ဖြစ်လာပြီး များမကြာမီမှာပင် ရန်ကုန်လိုင်စင်ကို ပြန်လည်ချပေးမည်ဟု ပြောဆိုခဲ့သည်။

ထို့ပြင် ကားနှင့်ပတ်သက်သည့် အရောင်းပြခန်း ဖွင့်ပွဲနှင့် မော်တော်ကားအသင်းတို့က ပြုလုပ်သည့် ပွဲများတွင်လည်း ရန်ကုန်လိုင်စင်ကို မည်သည့်အချိန်တွင် ချပေးတော့မည်ဆိုသည့် သတင်းစကားများကို ပါးလေ့ရှိသည်။

သို့သော် လက်တွေ့တွင်တော့ ဖြစ်မလာပေ။

ထို့ပြင် ရန်ကုန်လိုင်စင်ကို မျှော်လင့်နေသူများရှိ သကဲ့သို့ အယုံအကြည်မရှိသူများကလည်း ရှိနေလေသည်။

“ရန်ကုန်လိုင်စင်က ထုတ်ပေးမှာလည်း မဟုတ်ပါဘူး။ ချပေးလည်း Brand New ကားတွေအတွက်ပဲ ဖြစ်မှာပဲ။ ကျွန်တော်တို့အတွက် ပါမှာမဟုတ်ဘူး။ ဒါကြောင့် စိတ်လည်းမဝင်စားဘူး” ဟု ကားဝယ်ရောင်း ဦးအေးကျော်က စိတ်ပျက်လက်ပျက်ပြောဆိုသည်။

ကားဈေးကွက်သည်လည်း ရန်ကုန်တွင် ပါကင်ပါမစ်ဖြင့်သာ စတင် တင်သွင်းခွင့်ပြုခဲ့သည့် ၂၀၁၅ ခုနှစ် မှစတင်၍ တဖြည်းဖြည်း အရောင်းအဝယ်ကျဆင်းလာခဲ့သည်။

ယခုအချိန်အထိလည်း ပြန်လည်ကောင်းမွန်လာခဲ့ခြင်းမရှိဘဲ အေးစက်မြဲအေးစက်လို့နေကြောင်း ကားဝယ်ရောင်းများက ဆိုသည်။

ယခင်က ယခုကဲ့သို့ ပွင့်လင်းရာသီများတွင် ကားအရောင်းအဝယ် အလွန်ကောင်းမွန်လေ့ရှိသည်ဟု ရန်ကုန်မြို့တွင်းရှိ ကားဝယ်ရောင်းများက ဆိုသည်။


အခွန်အပြောင်းအလဲနှင့် လှုပ်ခတ်ထားသည့် ကားဈေးကွက်
ယခုနှစ်အတွင်း ကားဈေးကွက်ကို လှုပ်လှုပ်ခတ်ခတ် ဖြစ်ထားစေသည့် တစ်ခုတည်းသော ဖြစ်ရပ်မှာ ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်လျှော့ချသတ်မှတ်မှုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

စည်းကြပ်မှုမှကင်းလွတ်နေသော ဝင်ငွေခွန်နှုန်းထား(တစ်နည်း ကားနှင့် အိမ်၊ ခြံ၊ မြေအခွန်) ကို ယခင်ဥပဒေတွင် တစ်ကျပ်မှ သိန်း ၃၀၀ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ ကျော်မှ သိန်းတစ်ထောင် အထိကို ၂၀ ရာခိုင်နှုန်းနှင့် သိန်းတစ်ထောင်ကျော်နှင့် အထက်ကို ၃၀ ရာခိုင်နှုန်းပေးဆောင်ရမည်ဟု သတ်မှတ်ထားရာမှ ယခု အခွန်ဥပဒေသစ်တွင် တစ်ကျပ်မှ ကျပ်သိန်းတစ်ထောင်ထိကို ၃ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင်ကျော်မှ သိန်းသုံးထောင်အထိကို ၅ ရာခိုင်နှုန်း၊ ကျပ်သိန်းသုံးထောင်ကျော်မှ ကျပ်သိန်းသုံးသောင်း အထိကို ၁၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်းသုံးသောင်းနှင့် အထက်ကို ၃၀ ရာခိုင်နှုန်းပေးဆောင်ရန် လျှော့ချသတ်မှတ်လိုက်သည်။

ယင်းသို့ ဝင်ငွေခွန်နှုန်းထား လျှော့ချပေးလိုက်ခြင်းနှင့်ပတ်သက်၍ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမင်းထွဋ်က The Voice Daily သတင်းစာ၏ မေးမြန်းမှုကို “စီးပွားရေးလုပ်ငန်းတွေ ပိုမိုတိုးတက်လုပ်ကိုင်နိုင်ဖို့ ရည်ရွယ်ပြီး အခုလို အခွန်နှုန်းထားတွေကို လျှော့ပေးလိုက်တာပါ” ဟု ဖြေကြားထားသည်။

ထိုသို့ လျှော့ချပေးလိုက်ခြင်းနှင့်အတူ အောက်တိုဘာလ ၂၄ ရက်နေ့က ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ကားပိုင်ရှင်များအနေနှင့် မိမိတို့ မော်တော်ယာဉ်များကို အမည်ပေါက်လာရောက်ပြောင်းလဲရန် အသိပေးချက်ထုတ်ပြန်ခဲ့သည်။

“ကားဈေးကွက်က မော်ဒယ်လ်နှစ် ပြောင်းလဲတာကို စိတ်မဝင်စားကြဘူး။ အမည်ပေါက်ပြောင်းတာကိုပဲ စိတ်ဝင်စားကြတယ်” ဟု မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်းချုပ် ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောဆိုသည်။

ထိုသို့ဆိုသော် လက်ရှိကားဈေးကွက်ကို ရိုက်ခတ်ထားသည်မှာ အခွန်အပြောင်းအလဲပင် ဖြစ်သည်။

“အခွန်အပြောင်းအလဲက SKD ကားတွေနဲ့ တိုက်ရိုက်အချိုးကျတယ်။ ဘာလို့ဆို လာမယ့်နှစ်မှာသာ အခွန်ပြန်တိုးသွားမယ်ဆိုရင် အဲဒီကားတွေ ဈေးတက်သွားနိုင်တယ်” ဟု ဦးမင်းမင်းမောင်က ဆိုသည်။

ကားဈေးကွက်အရွေ့သည် ၂၀၁၈ ခုနှစ်မှစတင် ၍ ပြည်တွင်းထုတ်ကားများကို ဦးစားပေးလာသည်ကို အားလုံးမြင်တွေ့ခဲ့ကြရပြီး ဖြစ်သည်။ ထိုအချိန်မှစတင်၍ ကားဈေးကွက် အေးလာသည်ကိုလည်း ကားလုပ်ငန်းရှင်များက ဝန်ခံထားကြသည်။

ယင်းသို့ဆိုပါက မြန်မာနိုင်ငံ၏ ကားဈေးကွက်သည် ဘယ်သို့ ရွေ့နေပြီလဲ။

ထိုမေးခွန်းကို မော်တော်ယာဉ်လုပ်ငန်းရှင်များက ယခုလို တညီတညွတ်တည်း ဖြေကြားကြသည်။

“ကားဈေးကွက်က အရင်လို ဟော့ဟော့ရမ်းရမ်းကြီးဖြစ်လာမှာ မဟုတ်တော့ဘူး။ နိုင်ငံတကာ ကားဈေးကွက်တွေအတိုင်းပဲ ပုံမှန်လေးပဲ သွားနေတော့မှာ။ ပြောမယ်ဆိုရင် ပြည်တွင်းထုတ်တွေကပဲ ရေပန်းစားလာတော့မယ့် အနေအထားပေါ့” ဟု ဆိုကြသည်။

ဟိန်းမြတ်စိုး



  • VIA