News

POST TYPE

AUTOMOBILE

ကားတာယာ ထိန်းသိမ်းစောင့်ရှောက်ရေး နည်းလမ်းများ
30-Sep-2019


ဒီတစ်ပတ်မှာတော့ ကျွန်တော်တို့စာဖတ်ပရိသတ်ကြီးကို ပြည်ပ Car Brand နဲ့ Logo တွေအကြောင်းချည်းပဲ ဖတ်နေရလို့ ငြီးငွေ့မသွားအောင် အပြောင်းအလဲလေးအနေနဲ့ ကားတစ်စီးရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ တာယာတွေကို ဘယ်လိုဂရုစိုက်ရမယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုပါတယ်။

တာယာတွေနဲ့ပတ်သက်လာရင် လူအများစုက လေပေါင်ပြည့်၊ မပြည့်လောက်သာ စစ်ဆေးလေ့ရှိပြီး ပန်းတွေ သိသိသာသာ ပွန်းစားနေမှပဲ အသစ်လဲလှယ်ဖို့ သတိရလေ့ရှိတယ်။ တကယ်တမ်းတော့ တာယာတွေရဲ့ အခြေအနေက ကားရဲ့ ဆီစားနှုန်းကစလို့ ဟိုင်းဝေးမောင်းနှင်နေချိန် အန္တရာယ်ကင်းရှင်းရေးအထိ အကျိုးသက်ရောက်မှုရှိပါတယ်။ စာဖတ်သူရဲ့ ကားမှာ တပ်ဆင်ထားတဲ့ တာယာတွေကို အနည်းဆုံး တစ်လတစ်ခါလောက် စစ်ဆေးကြည့်သင့်ပြီး လိုအပ်တဲ့ ထိန်းသိမ်းမှုတွေ လုပ်ပေးသင့်တယ်။ ဒါမှသာ သက်တမ်းရှည်ရှည် အသုံးပြုနိုင်မှာဖြစ်သလို ဆီစားနှုန်း၊ အန္တရာယ်ကင်းရှင်းရေး စတာတွေအတွက်လည်း အကျိုးပြုပေးနိုင်ပါလိမ့်မယ်။ ပထမဆုံးတာယာတွေကို လှည့်လည်တပ်ဆင်ခြင်းနဲ့ စလိုက်ရအောင် ...

တာယာလဲလှယ်တပ်ဆင်ခြင်းနှင့် တာယာအလိုင်းမင်း

မော်တော်ကားတစ်စီးကို တည်ဆောက်ထား တဲ့ ဒီဇိုင်းအပေါ်မူတည်ပြီး ကားရှေ့ဘီးနဲ့ နောက်ဘီးတွေအပေါ် မတူညီတဲ့ ဝန်အားတွေကျရောက်တယ်။ အကျိုးဆက်အနေနဲ့ တာယာတွေမှာ မတူညီတဲ့ ပွန်းစားမှုတွေ ဖြစ်လာပါတယ်။ ဒါကြောင့် တာယာသက်တမ်းကို ပိုမိုရှည်ကြာစေဖို့ ၈၀၀၀ ကီလိုမီတာ (၄၉၇၀ မိုင်ဝန်းကျင်) ဒါမှမဟုတ် ၁၁၀၀၀ ကီလိုမီတာ (၆၈၃၅ မိုင်ဝန်းကျင်) မောင်းပြီးတိုင်း ရှေ့နောက်လဲလှယ်ပြောင်းလဲပေးဖို့ လိုပါတယ်။

ယေဘုယျအားဖြင့် တာယာလဲလှယ်နည်းတွေကို ပြထားတဲ့ပုံမှာ လေ့လာကြည့်နိုင်တယ်။ ကားမောင်းနေစဉ်မှာ ပုံမှန်မဟုတ်ဘဲ တုန်ခါနေတာမျိုးတွေ ဖြစ်နေရင် တာယာတွေရဲ့ အနေအထားက မျှခြေမညီတာကြောင့်ဖြစ်နိုင်တယ်။ တာယာအပေါက် ဖာပြီးတိုင်း၊ တာယာအသစ်လဲပြီးတိုင်း မောင်းနှင်ရာမှာ အဆင်ပြေမပြေ စစ်ကြည့်သင့်ပါတယ်။ ကားတိုင်းလိုလိုမှာ ကြိုတင်သတ်မှတ်ထားတဲ့ အလိုင်းမင်းပုံစံတွေ ရှိပြီး စာဖတ်သူရဲ့ကားက အလိုင်းမင်းတည့်မနေရင် မောင်းနှင်ရာမှာ တည်ငြိမ်မှုမရှိသလို သိသာတဲ့ တာယာ ပွန်းစားမှုတွေ ဖြစ်လာပါလိမ့်မယ်။ ဆီစားနှုန်းလည်း ပိုတက်လာပါလိမ့်မယ်။ စတီယာရင်ထိန်းရာမှာ ပုံမှန်မဟုတ်တဲ့ ပြဿနာတွေနဲ့ ကြုံလာရရင် ကားရဲ့ အလိုင်းမင်းကို ပြန်စစ်ကြည့်ပါ။

တာယာ၏ ပန်းအထူအပါး

တာယာလေပေါင်ကို စစ်ဆေးတဲ့အချိန်တိုင်းမှာ တာယာမှာရှိတဲ့ ပန်းရဲ့ အထူအပါးကိုလည်း စစ်ကြည့်သင့်ပါတယ်။ တာယာမှာပါတဲ့ ပန်းတွေက လမ်းမျက်နှာပြင်ပေါ် စွဲမြဲနေစေဖို့ အလုပ်လုပ်နေတာဖြစ်ပြီး ပန်းပါးလွန်းတဲ့ တာယာတွေက လမ်းချော်ထွက်တာ၊ စလစ်လျှောထွက်တာတွေ ဖြစ်နိုင်တယ်။ အထူးသဖြင့် လမ်းတွေ စိုစွတ်နေတဲ့ အခုလို မိုးရာသီမျိုး (မိုးရာသီကုန်ခါနီး) မှာပါ။ တာယာရဲ့ ပန်းအထူကို တိုင်းတာဖို့ နိုင်ငံခြားမှာ လင်ကွန်းခေါင်းပါတဲ့ အကြွေစေ့ကို သုံးကြပြီး တချို့လူတွေက မီးခြစ်ဆံ၊ ပေတံစတာတွေနဲ့ တိုင်းတာကြတယ်။ တာယာ ပန်းကို တိုင်းတာတဲ့ ကိရိယာလေးတွေလည်း ရှိပါတယ်။ 

စာဖတ်သူအနေနဲ့ ကိုယ်နှစ်သက်တဲ့နည်းနဲ့ တိုင်းကြည့်နိုင်ပါတယ်။ ယေဘုယျအားဖြင့် တာယာအသစ်တစ်လုံးရဲ့ ပန်းအထူက ၈ မီလီမီတာဝန်းကျင်ရှိပြီး အသုံးပြုမောင်းနှင်တာကြာလို့ ၁ ဒသမ ၆ မီလီမီတာလောက်အထိ ပါးသွားရင် တာယာကို အသစ်လဲလှယ်သင့်ပါပြီ။

တာယာအသစ်လဲလှယ်ခြင်းနှင့် အမျိုးအစား ပြောင်းသုံးခြင်း

စာဖတ်သူအနေနဲ့ စီးနေတဲ့ကားကို ပိုလန်းသွားစေဖို့ တာယာအမျိုးအစားပြောင်းသုံးတာ၊ အသစ်လဲလှယ်တာတွေ ပြုလုပ်လိုပါလိမ့်မယ်။ တာယာတွေကို အသစ်လဲလှယ်တော့မယ်ဆိုရင် ကားနဲ့အတူ တွဲပါတဲ့ Manual စာအုပ်ကိုကြည့်ပြီး အဲဒီမှာ ဖော်ပြထားတဲ့ လမ်းညွှန်ချက်တွေအတိုင်း လဲလှယ်သင့်ပါတယ်။ ဒါမှမဟုတ် ကျွမ်းကျင်တဲ့ မက္ကင်းနစ် ဒါမှမဟုတ် အရောင်းပြခန်းက ဆားဗစ်ဝန်ထမ်းတွေနဲ့ တိုင်ပင်သင့်တယ်။ ကားတစ်စီးမှာ တာယာအရွယ်အစား (သို့မဟုတ်) အမျိုးအစားပြောင်းလဲတပ်ဆင်လိုက်တဲ့အခါ ထိန်းကျောင်းမောင်းနှင်မှုအပေါ် အကျိုးသက်ရောက်မှုရှိလာပါတယ်။ ဒါ့အပြင် တာယာအသစ်နဲ့ ကားဘီးအကာတွေ လွတ်မလွတ်၊ တာယာ အသစ်ရဲ့ ဝန်ဒဏ်ခံနိုင်အား၊ လေပေါင် စတာတွေကိုလည်း ကားနဲ့ ကိုက်ညီမှုရှိမရှိ စစ်ဆေးသင့်တယ်။ တာယာအားလုံးမလဲဘဲ တာယာအသစ် နှစ်လုံးပဲ ဝယ်လာတယ်ဆိုရင် နောက်ဘီးတွေကို ဦးစားပေးသင့်ပါတယ်။ နောက်ဘီးတွေက မြေစွဲအားမကောင်းရင် လမ်းချော်ပြီး လည်ထွက်သွားနိုင်တာကြောင့်ပါ။ အကောင်းဆုံး ထိန်းချုပ်မောင်းနှင်မှုမျိုးကို လိုချင်တယ်ဆိုရင် ကားဘီးလေးလုံးစလုံးအတွက် တူညီတဲ့ တာယာတွေကို သုံးရမှ ဖြစ်ပါတယ်။ ကားဘီးတွေအတွက် အမျိုးအစားမတူညီတဲ့ တာယာတွေ သုံးတာမျိုးကို ရေရှည်မလုပ်သင့်ပါဘူး။

တာယာဖိအား

ကားဘီးတွေကို သင့်တော်လျောက်ပတ်တဲ့ တာယာဖိအားမျိုးနဲ့သုံးတဲ့အခါ ဆီစားနှုန်းသက်သာသလို အန္တရာယ်ကင်းရှင်းပြီး အချိန်ကြာကြာလည်း အသုံးပြုနိုင်ပါလိမ့်မယ်။ လေဖိအားနည်းတဲ့ တာယာက ပွတ်တိုက်မှုတွေ ပိုဖြစ်စေတယ်။ အကျိုးဆက်အနေနဲ့ အပူချိန်မြင့်တက်ပြီး စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ဖြစ်နိုင်သလို တာယာအပြင်ပိုင်း ပန်းတွေပါးပြီး ပျက်စီးသွားပါလိမ့်မယ်။ လေဖိအားများလွန်းတဲ့ တာယာက ဆန့်ကျင်ဘက်အတိုင်း အကျိုးသက်ရောက်မှုရှိတယ်။ တာယာအလယ်ပိုင်းဧရိယာသာ လမ်းနဲ့ ထိစပ်နေတာကြောင့် မြေစွဲအားနည်းပြီး မတော်တဆဖြစ်နိုင်ခြေပိုများစေတယ်။ တာယာဖိအား (လေပေါင်) ကို တစ်လတစ်ခါ (သို့)ခရီးရှည်မထွက်ခင် စစ်ဆေးသင့်ပြီး ကားမှာတပ်ဆင်ထားတဲ့ တာယာတွေအပြင် အရံတာယာကိုလည်း စစ်ကြည့်သင့်ပါတယ်။ တာယာဖိအားကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ဖို့ ဖိအားတိုင်းကိရိယာ Gauge ကို အသုံးပြုနိုင်ပြီး တာယာတွေ အေးနေတဲ့အချိန်မှသာ လေဖိအားကို တိုင်းတာကြည့်သင့်ပါတယ်။ တာယာလေဖိအားကိုတော့ ကားရဲ့ Manual ထဲမှာ လမ်းညွှန်ထားတဲ့အတိုင်း ထားသင့်တယ်။ တာယာဖိအားအပါအဝင် တခြားချို့ယွင်း ချက်တွေကြောင့် ဖြစ်လာတတ်တဲ့ ပွန်းစားမှုတွေကို အောက်ကပုံမှာ ကြည့်နိုင်ပါတယ်။

မောင်းနှင်ပုံနည်းနာ

ကားတစ်စီးကို မြန်နှုန်းမြင့်မောင်းနှင်တဲ့အခါ ဘီးတွေမှာ အပူချိန်မြင့်တက်လာပြီး တာယာတွေကို ပျက်စီးစေတယ်။ အခန့်မသင့်ရင် တာယာပွင့်ထွက် တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ရုတ်တရက် ဘရိတ်ဆောင့်အုပ်တာမျိုးက လမ်းချော်မှုတွေ ဖြစ်စေသလို တာယာပန်းတွေကိုလည်း ပွန်းစားသွားစေတယ်။ အန္တရာယ်ကင်းတဲ့ အမြန်နှုန်းမျိုးမှာ တစ်သမတ်တည်း မောင်းနှင်ပြီး ဘရိတ်ဆောင့်အုပ်တာမျိုး မလုပ်ခြင်း အားဖြင့် တာယာသက်တမ်းကို ပိုမိုရှည်ကြာစေတယ်။ ကားဘီးတွေ ရွှံ့ထဲကျတဲ့အခါ၊ မြောင်းထဲညပ်နေတဲ့အခါ၊ သံထဲနစ်နေတဲ့အခါ လီဗာစွတ်ပုတ်ပြီး ဘီးကို အရမ်းလည်နေအောင် မလုပ်သင့်ပါဘူး။ ဒီလို အလွတ်တမ်းလည်နေတဲ့ ဘီးတွေမှာ ဖြစ်တတ်တဲ့ ဗဟိုခွာအားကြောင့် တာယာပွင့်ထွက်တာနဲ့ တခြားထိခိုက်မှုတွေ ဖြစ်လာတတ်ပါတယ်။ ရှေ့တိုးနောက်ဆုတ်လုပ်ပြီး ကားကို ရွှေ့ကြည့်ပါ။

ဝန်အားအကန့်အသတ်

မော်တော်ယာဉ်တိုင်းမှာ တင်ဆောင်နိုင်တဲ့ ဝန်အားအလေးချိန် ကန့်သတ်ချက်ရှိပါတယ်။ ကားတစ်စီးမှာ ဝန်ဆောင်နိုင်တဲ့ အလေးချိန်ထက် ပိုတင်မိရင်တာယာနဲ့ တခြားအစိတ်အပိုင်းတွေအပေါ် အလေးချိန်တွေ ကျရောက်သွားပြီး ကိုင်တွယ် မောင်းနှင်ရာမှာ အဆင်မပြေတော့သလို ဆီစားနှုန်းလည်း မြင့်လာပါလိမ့်မယ်။ တာယာတွေလည်း ပိုမိုပွန်းစားသွားပါလိမ့်မယ်။ ဒါကြောင့် တာယာအသစ်ဝယ်တဲ့ အခါ Manual ထဲမှာ ဖော်ပြထားတဲ့အတိုင်း Load Index (ဝန်အားညွှန်းကိန်း) ကိုက်ညီမှုရှိမရှိ စစ်ကြည့်သင့်တယ်။ တာယာတွေကို သိမ်းဆည်းတဲ့အခါ အေးမြခြောက်သွေ့တဲ့နေရာမှာ ထားသင့်ပြီး တာယာဘီးခွေထဲ ရေတွေဝင်နေတာမျိုး မဖြစ်ရပါဘူး။ 

ဒီလောက်ဆိုရင် တာယာထိန်းသိမ်းမှုနဲ့ ပတ်သက်လို့ အတော်လေး ပြည့်စုံသွားပါပြီ။ ကျွန်တော်တို့ရဲ့ Motoring စာဖတ်ပရိသတ်ကြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ။

ဟိန်းမြတ်စိုး