News

POST TYPE

AUTOMOBILE

ကမ္ဘာပေါ် ရှိ A မှ Z အထိ ကား Brand Name များ
26-Aug-2019


ပြီးခဲ့တဲ့ အပတ်တုန်းကတော့ ကား  Brand Name တွေအစား မိုးရာသီမှာ ကားမောင်းရင် အန္တရာယ်ကင်းစေဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ပါတယ်။ Brand Name တွေအကြောင်းပဲ ဖတ်နေရလို့ စာဖတ်ပရိသတ်ကြီး ငြီးငွေ့နေမှာစိုးလို့ အပြောင်းအလဲလေးဖြစ်အောင်ဖော်ပြခဲ့တာပါ။ ဒီတစ်ပတ်အတွက်တော့ ကျွန်တော်တို့ရဲ့ Motoring ပရိသတ်ကြီးအတွက် A မှ Z အထိကား Brand Name တွေရဲ့ အဆက်ကို ဖော်ပြပေးသွားမှာပါ။ ဒီတစ်ပတ်မှာတော့ ဩစတြေးလျမှာ ထုတ်လုပ်နေတဲ့ ကား Brand Name တွေအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Australia ကား Brand Name များ

ဒီနိုင်ငံမှာတော့ ကားထုတ်လုပ်သူတွေက များလှပါတယ်။ တချို့နိုင်ငံတွေ ထုတ်လုပ်တဲ့စက်ရုံမရှိ၊ တချို့ဆို တစ်ခုနှစ်ခုပဲရှိပေမယ့် ဩစတြေးလျမှာတော့ ကားထုတ်လုပ်တဲ့ Brand Name တွေက များလှပါတယ်။ Brand Name က ၁၀ ခုကျော်ရှိပါတယ်။ ဒါတောင် မထုတ်တော့တဲ့ Brand Name တွေလည်း ရှိသေးတယ်။ သူများနိုင်ငံတွေ၊ တခြားနိုင်ငံတွေက ကားတင်သွင်းစီးနင်းနေရချိန်မှာ ဩစတြေးလျကတော့ ကိုယ့်နိုင်ငံထဲ ကိုယ်ထုတ်ပြီး စီးနင်းနိုင်နေတာပါ။ ကျွန်တော်တို့နိုင်ငံလည်း အဲဒီလိုလုပ်နိုင်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ စာဖတ်ပရိသတ်ကြီး အနေနဲ့ အဲဒီကို သွားရောက်ဖြစ်ခဲ့မယ်ဆိုရင် သူတို့ရဲ့ ကောင်းမွန်တဲ့ ကားထုတ်လုပ်မှုသမိုင်းကြောင်းကို လေ့လာခဲ့စေချင်ပါတယ်။ အခုဩစတြေးလျမှာဆိုရင် နာမည်ကျော် Brand တွေဖြစ်တဲ့ Mini၊ Leyland၊ Chrysler၊ Nissan၊ Valiant နဲ့ Renault  တို့အပါအဝင် တခြား နာမည်ကြီးတံဆိပ်တွေထုတ်လုပ်နေသလို တစ်နှစ်ကို အစီးရေ ၄၅၀,၀၀၀ အထိ ထုတ်လုပ်နေပါတယ်။

ထုတ်နေဆဲ ကုမ္ပဏီများ

Holden

တည်ထောင်တဲ့ကာလ - ၁၉၀၈ - လက်ရှိ 
ရုံးချုပ်တည်နေရာ - Port Melbourne, Victoria, Australia
တည်ထောင်သူ / မိခင်ကုမ္ပဏီ - Edward Wheewall Holden
Website: http://www.holden.com.au/

ဒီကား Brand ကိုတော့ ဒီက ကားချစ် ပရိသတ်တွေ အသိတော်တော်နည်းကြမယ်ထင်တယ်။ ဘာလို့ဆို ဩစတြေးလျထုတ်ကားတွေကို ကျွန်တော်တို့နိုင်ငံဆီ သိပ်ပြီး တင်သွင်းလေ့မရှိတာကြောင့်လည်းပါပါတယ်။ ဒါပေမဲ့ ဩစတြေးလျမှာတော့ Holden က အလွန်ကျော်ကြားတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်သလို ဈေးချိုတဲ့ကားတွေကို အဓိကထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ အဲဒီလိုကားတွေအပြင် ဆလွန်း၊ ပြိုင်ကားနဲ့ SUV တွေလည်း ထုတ်လုပ်ပါသေးတယ်။ ဒီကုမ္ပဏီဟာ ၁၉၃၁ ခုနှစ်တုန်းက General Motor ရဲ့ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်ခဲ့ပါသေးတယ်။ နောက်ပိုင်း ဩစတြေးလျကား Brand ဖြစ်လာတဲ့အခါမှာ တာဝန်ယူမှုရှိတဲ့ ဩစတြေးလျကားတွေအဖြစ် ထုတ်လုပ်လာခဲ့ပါတယ်။ သူတို့ဟာ ကားထုတ်လုပ်မှုကို ဩစတြေးလျတစ်နိုင်ငံတည်းအတွက်ပဲ ရည်ရွယ်ထုတ်လုပ်တာမဟုတ်ဘဲနဲ့ တစ်ကမ္ဘာလုံးအတွက် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ Holden က ထုတ်လုပ်ထားတဲ့ ကားအမျိုးအစားတွေထဲက ဆလွန်းအမျိုးအစားတွေမှာဆိုရင် Barina Spark၊ Barina၊ Cruze နဲ့ Malibu တို့ထုတ်လုပ်ထားသလို ကားကြီးအမျိုးအစားမှာ ဆိုရင် Commodore နဲ့ Caprice၊ SUV အမျိုးအစားတွေမှာဆိုရင် Trax၊ Captiva 5၊ Captiva 7  နဲ့ Colorado 7 တို့လို ကားအမျိုးအစားတွေအပြင် ပြိုင်ကားအမျိုးအစားတွေမှာဆိုရင် Ute နဲ့ Colorado တို့လိုကားတွေကို ထုတ်လုပ်ပါတယ်။

FPV

တည်ထောင်တဲ့ကာလ - ၂၀၀၂ - လက်ရှိ 
ရုံးချုပ်တည်နေရာ - Campbellfield, Melbourne, Victoria, Australia
တည်ထောင်သူ / မိခင်ကုမ္ပဏီ - Ford Motor Company
Website: http://www.fpv.com.au/

အမေရိကန်ထိပ်သီးကားကုမ္ပဏီဖြစ်တဲ့ Ford Motor ကုမ္ပဏီဟာ ဩစတြေးလျမှာ မိသားစု လုပ်ငန်းတစ်ခုလို ထုတ်လုပ်တာပါ။ ဒါပေမဲ့ Ford Motor Company of Australia Limited(Ford Australia)ဟာ US က Ford ကုမ္ပဏီက ခွဲထွက်တဲ့ ကုမ္ပဏီတစ်ခုမဟုတ်ဘဲ Canadian Ford Motor က ခွဲထွက်ထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Ford Australia ကုမ္ပဏီဟာ ဩစတြေးလျမှာ တတိယ မြောက်အကြီးဆုံးကုမ္ပဏီ ဖြစ်ပါတယ်။ လက်ရှိမှာ ဒီကုမ္ပဏီကနေ အလယ်အလတ်နဲ့ အကြီးစားခရီးသည်တင်ယာဉ်တွေကို ပြည်တွင်း၊ ပြည်ပနှစ်ခုလုံးမှာ ရောင်းချနေပါတယ်။ ပြီးတော့ ဒီကုမ္ပဏီကနေ Fiesta၊ Focus၊ Mondeo၊ Ford Kuga SUV၊ Ranger pickup ထရပ်နဲ့ စီးပွားရေးသုံးယာဉ်တွေ၊ ကားအပိုပစ္စည်းတွေ၊ လုံခြုံရေးနဲ့ ဆီစားသက်သာစေတဲ့ နောက်ဆုံးပေါ်နည်းပညာတွေကိုလည်း ထုတ်လုပ်နေပါတယ်။ 

FPV ကနေ Classic ကားတွေကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။ ထုတ်လုပ်ခဲ့တဲ့အထဲ အမှတ်ရ စရာကားတွေထဲမှာဆိုရင် ၁၉၇၇ ခုနှစ်ထုတ် A9X Torana၊ XY GT Falcon (သို့မဟုတ်) Tru Blu Dick Johnson XD Falcon Face Replica ကားတွေကို ထုတ်လုပ်ခဲ့ပါတယ်။ သူတို့ရဲ့ ကားတွေကို Hollywood မှာလည်း တွေ့နိုင်ပါတယ်။

Toyota Australia

တည်ထောင်တဲ့ကာလ - ၁၉၅၈ - လက်ရှိ 
ရုံးချုပ်တည်နေရာ - Port Melbourne, Victoria, Australia
တည်ထောင်သူ - Toyota Motor Corporation
Website: http://www.toyota.com.au/
 
Toyota Australia ဟာ ဂျပန်နိုင်ငံအခြေစိုက် Toyota Motor Corporation ရဲ့ လက်ခွဲကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။ လက်ရှိ ဩစတြေးလျကားသစ် ဈေးကွက်မှာတော့ Toyota Australia ကုမ္ပဏီက ထိပ်ဆုံးမှာ ရပ်တည်လို့နေပါတယ်။ Toyota Australia ရဲ့ ထုတ်ပြန်ချက်တွေအရဆိုရင် ၂၀၀၃-၂၀၀၄ ခုနှစ်မှာ အစီးရေ ၁၈၆,၃၇၀ စီ၊ ၂၀၀၄-၂၀၀၅ ခုနှစ်မှာ ၂၀၁,၇၃၇ စီးနဲ့ ၂၀၀၅-၂၀၀၆ မှာ ၂၀၂,၈၁၇ စီးနဲ့ ၂၀၀၆-၂၀၀၇ မှာ ၂၁၃,၈၄၇ စီးဆိုပြီး တစ်နှစ်ထက်တစ်နှစ် ရောင်းအားတွေတိုးတက်နေတာကို တွေ့ရပါတယ်။

HSV 

တည်ထောင်တဲ့ကာလ - ၁၉၈၈ - လက်ရှိ 
ရုံးချုပ်တည်နေရာ - Clayton, Victoria, Australia
တည်ထောင်သူ / မိခင်ကုမ္ပဏီ - Tom Walkinshaw
Website: http://www.hsv.com.au/

ဩဇီမှာ Holden လိုပဲ HSV ကလည်း ထူးခြားတဲ့ကားတွေကိုထုတ်လုပ်တာဖြစ်ပါတယ်။ သူတို့တွေဟာ ဩဇီမှာ တရားဝင်မိတ်ဖက်ကုမ္ပဏီတွေ ဖြစ်ကြပါတယ်။ HSV ဟာ အဓိကအနေနဲ့ Holden ကထုတ်လုပ်တဲ့  the Ute၊ Commodore နဲ့  the Ute၊ Commodore တို့လိုမော်ဒယ်လ်တွေကို ကွဲပြားတဲ့အသွင်နဲ့ ထုတ်လုပ်ပါတယ်။ ကားအားလုံးကို နာမည်တွေပြန်ပြောင်းပြီး HSV နာမည်တွေနဲ့ ဈေးကွက်ထဲ ဖြန့်ချိ တာဖြစ်ပါတယ်။ HSV ရဲ့ မိခင်ကုမ္ပဏီတွေကတော့ General Motors နဲ့ Walkinshaw Performance တို့ဖြစ်ပါတယ်။

Elfin 

တည်ထောင်တဲ့ကာလ - ၁၉၅၇ - လက်ရှိ
ရုံးချုပ်တည်နေရာ - Melbourne, Victoria, Australia
တည်ထောင်သူ / မိခင်ကုမ္ပဏီ - Garrie Cooper
Website: http://www.elfin.com.au/

Elfin ကုမ္ပဏီကို ဩစတြေးလျက ကျော်ကြားတဲ့ ပြိုင်ကားမောင်းသမား Garrie Cooper က တည်ထောင်ခဲ့ပါတယ်။ အဓိကအနေနဲ့ Elfin ပြိုင်ကားတွေကို ထုတ်လုပ်ပါတယ်။ ၁၉၈၃ ခုနှစ်မှာ John Porter၊ Don Elliot နဲ့ Tony Edmondson သုံးယောက်က ဝယ်ယူခဲ့ပေမယ့် အခုတော့ ဗြိတိန် ပြိုင်ကားမောင်းသမား Tom Walkinshaw က ပိုင်ဆိုင်ပါတယ်။ ကုမ္ပဏီနာမည်ကို Walkinshaw Performance အဖြစ်နဲ့ ကျော်ကြားတဲ့ ပြိုင်ကားမောင်းပြိုင်ပွဲတွေဖြစ်တဲ့ Formula 1၊ 2 နဲ့ Junior models တွေအတွက် ထုတ်လုပ်နေပါတယ်။

Iveco Australia

တည်ထောင်တဲ့ကာလ - ၁၉၇၅ - လက်ရှိ 
ရုံးချုပ်တည်နေရာ - Dandenong, Victoria, Australia
တည်ထောင်သူ ။ မိခင်ကုမ္ပဏီ - CNH Industrial and Iveco
Website: http://www.iveco.com.au/

ထင်ရှားတဲ့ အီတလီကားထုတ်လုပ်တဲ့ Iveco ကုမ္ပဏီကနေ Iveco Australia အဖြစ် ထုတ်လုပ်တာဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ CNH industrial  ကုမ္ပဏီခွဲတစ်ခုလည်းဖြစ်ပါတယ်။ ဩစတြေးလျမှာတော့ ဒီကုမ္ပဏီက ထုတ်လုပ်တဲ့ ထရပ်ကားတွေက အကောင်းဆုံးပါပဲ။ ဒီကုမ္ပဏီကနေ semi-truck  တွေကိုပဲထုတ်လုပ်ပြီးတော့ US ထုတ် ထရပ်အမျိုး အစားတွေလိုမျိုး မထုတ်လုပ်ပါဘူး။

Mack Truck Australia 

တည်ထောင်တဲ့ကာလ - ၁၉၆၃ - လက်ရှိ 
ရုံးချုပ်တည်နေရာ - Brisbane, Australia
တည်ထောင်သူ ။ မိခင်ကုမ္ပဏီ - AB Volvo
Website: http://www.macktrucks.com.au/

Mack Trucks Australia ကုမ္ပဏီဟာ ကျော်ကြားတဲ့အမေရိကန် ထရပ်ကားထုတ်လုပ်ရေး ကုမ္ပဏီ Mack Trucks ကုမ္ပဏီခွဲတစ်ခုဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ ဩဇီမှာ ဒုတိယအကောင်းဆုံး ထရပ်ကား ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်သလို Mack Titan ရဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးမှာ အလွန်အသုံးဝင်တဲ့ ယာဉ်တွေအဖြစ်လည်း ကျော်ကြားပါတယ်။

Nota Sports and Racing

တည်ထောင်တဲ့ကာလ - ၁၉၅၂ - လက်ရှိ 
ရုံးချုပ်တည်နေရာ - New South Wales, Australia
တည်ထောင်သူ ။ မိခင်ကုမ္ပဏီ - Guy Buckingham
Website: http://www.notasportscars.com/

Nota Sports and Racing ဟာ ဩဇီမှာ ရှေးဟောင်းပြိုင်ကားတွေထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဒီကုမ္ပဏီကို လေယာဉ်အင်ဂျင်နီယာ Guy Buckingham က စတင်တည်ထောင်ခဲ့ပါတယ်။ အစောပိုင်းနှစ်တွေတုန်းက ဒီကုမ္ပဏီဟာ အလွန်ကျော်ကြားပြီး အမြတ်တွေရခဲ့ပါတယ်။ ကုမ္ပဏီကနေ ပထမဆုံးသော space-framed ပုံစံနဲ့ ပြိုင်ကားတွေကို ထုတ်လုပ်မိတ်ဆက်ခဲ့ပါတယ်။

DRB

တည်ထောင်တဲ့ကာလ - ၁၉၈၀ - လက်ရှိ 

ရုံးချုပ်တည်နေရာ - South East Queen- sland, Australia
တည်ထောင်သူ / မိခင်ကုမ္ပဏီ - Dennis Bedford
Website: http://www.drbsportscars.com/

DRB ကုမ္ပဏီဟာ ဩဇီအခြေစိုက် ပြိုင်ကား တွေထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ Ford ထုတ် နာမည်ကျော်ကားတွေ ဖြစ်တဲ့ Ford GT40 နဲ့  AC Cobra 427 လို ကျော်ကြားတဲ့ ကားတွေကို အဓိက ထုတ်လုပ်တာဖြစ်ပါတယ်။ ဒီကုမ္ပဏီ ကထုတ်တဲ့ မြွေဟောက်ပုံစံပြိုင်ကားတွေဟာ နှစ်စဉ် အစီးရေ ၃၅၀ အထက်ကို ရောင်းခဲ့ရပါတယ်။ အခုထက်ထိ DRB ကုမ္ပဏီဟာ ဩဇီမှာ နာမည်ကောင်းနဲ့ ကျော်ကြားနေဆဲဖြစ်သလို အားအင်ပြည့်၊ သန်မာ၊ ထူးခြားပြီးလှပတဲ့ မြွေဟောက်ပုံစံကားတွေကို ထုတ်လုပ်နေပါတယ်။

ဆက်မထုတ်တော့တဲ့ ကုမ္ပဏီများ

ဩဇီမှာ ဆက်မထုတ်တော့တဲ့ ကားတွေကတော့ Australian Motor Industries(1926-1987)၊ Rootes Australia(1946-1965)၊ Australian Six(1919-1925)၊ Birrana(1971-1978)၊ Giocattolo(1986-1989) တို့ပဲဖြစ်ပါတယ်။

ဒါတွေကတော့ ဩစတြေးလျမှာ ထုတ်လုပ်ဆဲနဲ့ မထုတ်လုပ်တော့တဲ့ Car Brand တွေပဲဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ဗြိတိန်၊ ဂျပန်၊ ဂျာမန်၊ တရုတ်နဲ့ ကနေဒါနိုင်ငံထုတ်ကားတွေရဲ့အကြောင်း ဖော်ပြပေးပါဦးမယ်။

ဟိန်းမြတ်စိုး