News

POST TYPE

AUTOMOBILE

မိုးရာသီမှာ ယာဉ်မောင်းတဲ့အခါ အန္တရာယ်ကင်းစေဖို့ . . .
19-Aug-2019


နိုင်ငံအလိုက် ကား Car Brand Names နဲ့ Logo တွေအကြောင်းပဲ ဖတ်နေရလို့ ကျွန်တော်တို့ရဲ့ စာဖတ်ပရိသတ်ကြီး ပြင်းနေမှာစိုးလို့ ဒီတစ်ပတ်အတွက်တော့ မိုးရာသီမှာ ယာဉ်မောင်းတွေ ဂရုစိုက်သင့်တာလေးတွေကို ပြောင်းလဲတင်ဆက်ပေးမှာပါ။ မုတ်သုံရာသီဥတုက သိတဲ့အတိုင်း မိုးများတဲ့ ဩဂုတ်လထဲဆိုတော့ တိုင်းနဲ့ ပြည်နယ်အလိုက် ရေကြီးရေလျှံတာတွေကလည်း နေရာအများစုမှာ ဖြစ်ပွားလို့နေပါတယ်။ ရန်ကုန်မှာဆိုလည်း ရွာတဲ့ မိုးရေချိန်ကများတော့ ခဏရွာတာနဲ့ လမ်းတွေပေါ် ရေတွေပြည့်ပြီး ယာဉ်မောင်းတွေရဲ့ စိုးရိမ်စိတ်ကို ငယ်ထိပ်ထိမြင့်တက်စေပါတယ်။ မိုးကြီး၊ လေပြင်းလို့ ဟိုနေရာမှာ သစ်ပင်လဲလို့၊ အုတ်တံတိုင်းပြိုကျလို့ဆို တဲ့အသံတွေကလည်း ခပ်စိပ်စိပ်ကြားလာရတယ်။ ဒါကြောင့် မိုးရာသီကြောင့်ဖြစ်လာတဲ့ အန္တရာယ်တွေကို ကြိုတင်သိရှိရှောင်ရှားနိုင်စေဖို့ ဒီတစ်ပတ်ရဲ့ Motoring ကဏ္ဍအတွက် ဖော်ပြပေးလိုက်ပါတယ်။

မောင်းနှင်မှုပုံစံ

မိုးသည်းထန်စွာ ရွာသွန်းနေချိန်မှာ မြင်ကွင်းမရှင်းတာကြောင့် အမြန်နှုန်းကို ပုံမှန်ထက် လျှော့ချမောင်းနှင်သင့်ပါတယ်။ စိုစွတ်နေတဲ့ လမ်းမတွေပေါ်မှာ မောင်းနှင်တဲ့အခါ ဘရိတ်ဖမ်းရတဲ့အကွာအဝေးက ပုံမှန်ထက် ပိုများတာကြောင့်ဖြစ်ပြီး ခပ်ဖြည်းဖြည်း မောင်းနှင်ခြင်းအားဖြင့် လမ်းပေါ်မှာ အတားအဆီးတစ်ခုခုနဲ့ ကြုံလာတဲ့အခါ ဘရိတ်အုပ်ဖို့၊ တုံ့ပြန်ဖို့ အချိန်ပိုရစေတယ်။ မမျှော်လင့်ထားတဲ့ အန္တရာယ်ဆိုတာ ကြုံတွေ့နိုင်လို့ မိုးများများရွာနေချိန်မှာ ဒီလို အရှိန်လျှော့ချမောင်းနှင်ခြင်းအားဖြင့် ရုတ်တရက် ရေတက်နေတဲ့လမ်းတွေ၊ သစ်ပင်လဲနေတဲ့ ဖြစ်စဉ်တွေကို ဝေးဝေးကနေ ကြိုတင်ရှောင်ရှားသွားနိုင်ပါတယ်။ နောက်ပြီး မြင်ကွင်းတစ်ခုလုံး ပိန်းပိတ်သွားတဲ့အထိ မိုးကသည်းထန်အောင် ရွာနေရင်တော့ ကားရဲ့ Emergency Lamp တွေဖွင့်ပြီး အန္တရာယ်ကင်းတဲ့နေရာမှာ ရပ်ထားလိုက်တာက အကောင်းဆုံးပါပဲ။ ဆက်မောင်းနေတာက အန္တရာယ်များပါတယ်။

နောက်ပြီး မိုးသည်းသည်းထန်ထန်ရွာနေတဲ့အချိန်မျိုး ဟိုင်းဝေးလမ်းတွေမှာ မောင်းနှင်တဲ့အခါ ကားတစ်စီးနဲ့တစ်စီးကြား အကွာအဝေးခြားနားမှုကို ပိုယူသင့်ပါတယ်။ ဖြစ်နိုင်ရင် ပုံမှန်မောင်းနှင်ရမယ့် အကွာအဝေးထက် နှစ်ဆလောက်အထိ ပိုယူသင့်တယ်။ ဒီအတွက် သုံးစက္ကန့်စည်းမျဉ်း (ကားတစ်စီးနဲ့ တစ်စီးကြား သုံးစက္ကန့်စာသွားရမယ့် အကွာအဝေးအတိုင်းခွာလိုက်ခြင်း) ကို လိုက်နာသင့်ပြီး မိုးရာသီအတွက် ခြောက်စက္ကန့်စာလောက် ခွာမောင်းရမှာဖြစ်ပါတယ်။ မိုးကြီးနေပြီဆိုရင်တော့ ၁၀ စက္ကန့်လောက်ထိ ခွာမောင်းတာပိုကောင်းပါတယ်။ အလားတူစိုစွတ်နေတဲ့ လမ်းတွေပေါ်မှာ (ဥပမာ-နှင်းကျ၊ မိုးရွာထားတဲ့လမ်းတွေပေါ်) အနောက်က ကပ်လိုက်တာ၊ မြန်နှုန်းမြှင့်မောင်းနှင်တာမျိုးတွေ မလုပ်သင့်ပါဘူး။ 

မိုးရွာသွန်းချိန် ပတ်ဝန်းကျင်မှာ ရေခိုးရေငွေ့တွေများတာကြောင့် ကားလေကာမှန်မှာ ငွေ့ရည်ဖွဲ့ပြီး မြင်ကွင်းမရှင်းတဲ့အခါ Air-con  ဖွင့်တာ၊ Defogger ခလုတ်နှိပ်တာနဲ့ ဖြေရှင်းနိုင်တယ်။ မိုးတွင်းဘက်မှာ အသုံးများတဲ့ ရေသုတ်တံတွေကိုလည်း စနစ်တကျစစ်ဆေးပြီး လိုအပ်ရင် အသစ်လဲလှယ်တာမျိုးတွေ လုပ်သင့်ပါတယ်။ မိုးရာသီမှာ မောင်းနှင်တဲ့အခါ မြင်ကွင်းရှင်းလင်းမှုက အရေးအကြီးဆုံးအချက်တွေထဲမှာ ပါဝင်ပါတယ်။

ကားမောင်းနေချိန် မိုးရွာနေရင် ရှေ့မီးကြီး၊ နှင်းခွဲမီး စတာတွေကို ဖွင့်သုံးသင့်ပါတယ်။ နောက်ပိုင်းထွက်ကားတွေမှာပါတဲ့ Daytime Running Light စနစ်ကိုလည်း ဖွင့်သုံးနိုင်တယ်။ တစ်ခုရှိတာက ရှေ့မီးကြီး ဖွင့်တဲ့အခါ မလိုအပ်ဘဲ High Beam (မီးအား ပြင်းပြင်းနဲ့ အပေါ်ဘက်ကို ထိုးတာမျိုး) ကို မလုပ်သင့်ပါဘူး။ မီးဖွင့်မောင်းခြင်းအားဖြင့် မိုးသည်းထန်စွာ ရွာနေချိန်မှာ ကားတစ်စီးနဲ့တစ်စီး အလွယ်တကူ မြင်ရစေတယ်။ မိုးသည်းထန်စွာရွာနေချိန်မှာ ကားကို ရပ်ထားမယ်ဆိုရင် Emergency Light(သို့) Hazard Light ကို ဖွင့်ထားသင့်ပါတယ်။

နောက်ပြီးကားမောင်းသူနဲ့ ရင်းနှီးပြီးသား လမ်းတွေပေါ် မောင်းနှင်တဲ့အခါ ဘယ်နေရာမှာ ဘယ်လို အတားအဆီး၊ ချိုင့်ခွက်၊ ရေအိုင်စတာတွေရှိနိုင်လဲဆိုတာ ကြိုတင်မှန်းဆထားဖို့လိုပါတယ်။ ဒီလိုကြိုတင် မှန်းဆထားခြင်းအားဖြင့် လမ်းပေါ်မှာ ရေတွေ လွှမ်းနေတာမျိုးနဲ့ ကြုံလာတဲ့အခါ အန္တရာယ်ကင်းကင်းနဲ့ ရှောင်ရှားမောင်းနှင်လို့ရစေတယ်။ ဒါ့အပြင် လမ်းမရဲ့ဘယ်ဘက်ခြမ်း (သို့) ညာဘက်ခြမ်းကို တရားလွန်ကပ်ပြီး မောင်းတာမျိုးကို မလုပ်သင့်ပါဘူး။ ရေလွှမ်းနေတဲ့ လမ်းပေါ်မှာ လေးလံတဲ့ဝန်တွေ တင်ထားတဲ့ ထရပ်ကားလို ကားအကြီးတွေကို ကျော်တဲ့အခါ အထူးသတိထားဖို့ လိုပါတယ်။

လမ်းမပေါ်က သတိပြုစရာများ

မိုးစရွာချိန်မှာ လမ်းပေါ်မှာရှိတဲ့ စက်ဘီးတွေ၊ လူတွေက ကသုတ်ကရက်နဲ့ မိုးလွတ်ရာကို ဝင်ပြေးတတ်တာကြောင့် လမ်းပေါ်က လူတွေ၊ စက်ဘီးတွေကိုလည်း သတိပြုမောင်းနှင်ဖို့လိုပါတယ်။ ဒါ့အပြင် ရေအိုင်ပေါတဲ့ လမ်းကို ဖြတ်သန်းတဲ့အခါ လမ်းဘေးမှာ ကပ်လျှောက်နေတဲ့လူတွေ ရွှံ့၊ ရေတွေမစင်အောင် ကားကို ဖြည်းဖြည်းမောင်းနှင်သင့်ပါတယ်။ တံတားတွေနား ချဉ်းကပ်တဲ့အခါ အမြန်နှုန်းလျှော့သင့်သလို လူတွေ အများကြီးရှိတတ်တဲ့ ကားမှတ်တိုင်လိုနေရာမျိုးမှာ အရှိန်လျှော့မောင်းနှင်သင့်တယ်။

လမ်းမကို မမြင်နိုင်အောင် ရေလွှမ်းနေတယ်ဆိုရင် အရဲစွန့်ပြီး စွတ်မောင်းတာမျိုး မလုပ်သင့်ပါဘူး။ ရေထုရဲ့အမြင့်က ခြောက်လက်မလောက်အထိ ရှိနေရင် ကားငယ်လေးတွေ ဖြတ်မမောင်းသင့်ပါဘူး။ အတော်အတန်မြင့်တဲ့ ရေထုထဲ ဖြတ်မောင်းချိန်မှာ အင်ဂျင်အမြန်နှုန်းကို ပြောင်းမိရင် အိပ်ဇောပေါက်ကတစ်ဆင့် အင်ဂျင်ထဲအထိ ရေတွေဝင်သွားတတ်ပါတယ်။ ဖြစ်ခဲတယ်ဆိုပေမယ့် ဒီကိစ္စက အင်ဂျင်တစ်ခုလုံး ပျက်စီးအောင် ဒုက္ခပေးနိုင်စွမ်းရှိတယ်ဆိုတာကို သတိပြုပါ။ 

ရေထုအမြင့်က တစ်ပေလောက်ရှိပြီး ရေစီးအားကောင်းနေရင် သာမန်ဆီဒင်အရွယ်လောက်ရှိတဲ့ ကားကို မျောပါသွားစေနိုင်ပါတယ်။ ရေအမြင့် နှစ်ပေလောက်ဆိုရင် SUV လို ကားမျိုးတွေတောင် သတိပြုမောင်းနှင်ဖို့လိုပါတယ်။ အကောင်းဆုံးကတော့ ကိုယ်မသိကျွမ်းတဲ့ လမ်းပေါ်မှာ ရေတွေလွှမ်းနေတယ်ဆိုရင် အဲဒီ့လမ်းကို မသုံးဘဲ တခြားလမ်းတစ်ခုခုက သွားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ရေတင်နေတဲ့လမ်းပေါ်မှာ ကားကို အရှိန်မြှင့်မောင်းရင် Hydroplaning (ရေတွေကြောင့် စလစ်ဖြစ်၊ လမ်းချော်ခြင်း) ဖြစ်တတ်တာကိုလည်း သတိပြုရပါမယ်။ Hydroplaning ဖြစ်လာခဲ့ရင် စတီယာရင်ဘီးခွေကို အတင်းဆွဲလှည့်တာ၊ ဘရိတ်ဆောင့်နင်းတာမျိုး မလုပ်သင့်ပါဘူး။ ဂီယာကို အနိမ့်ပိုင်းချပြီး ဘရိတ်ကို ဖြည်းဖြည်းချင်း နင်းပေးရမှာပါ။

ရေလွှမ်းနေတဲ့ လမ်းကပဲ မဖြစ်မနေသွားရ တော့မယ်ဆိုရင် (သို့မဟုတ်) လမ်းပေါ်မှာ ရှိတဲ့ရေက ကားကို ဒုက္ခဖြစ်လောက်အောင် မြင့်မနေဘူးဆိုရင် ဖြစ်နိုင်သမျှ ဂီယာကို အနိမ့်ပိုင်းမှာထားပြီး လီဗာကို ဖြည်းဖြည်းချင်းနင်းလို့ ဖြတ်သန်းသွားလို့ရပါတယ်။ ဒီနည်းနဲ့ အိပ်ဇောပေါက်ထဲ ရေမဝင်အောင် မောင်းနှင်နိုင်ပြီး ဒီလိုဖြတ်သန်းတဲ့အခါ ဘတ်စ်ကားတွေ၊ ထရပ်ကားတွေရဲ့ အနောက် (သို့မဟုတ်) ဘေးက မလိုက်မိဖို့ တော့လိုပါတယ်။ ကားကြီးတွေဖြတ်သန်းတဲ့အခါ ရေထုက ပိုမြင့်လာတက်ပြီး လှိုင်းတွေထလာတာကြောင့် ကားကြီးတွေနား ကပ်မောင်းတာက အန္တရာယ်ရှိပါတယ်။

ပါကင်ထိုးချိန် သတိပြုစရာ

မိုးရာသီမှာ ကားကို အလိုအလျောက်သန့်ရှင်းစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိုးရေထဲ ရပ်မထားသင့်ပါဘူး။ မိုးရေမှာပါတဲ့ အက်စစ်ဓာတ်ကြောင့် ဆေးသားတွေပျက်စီးတတ်သလို ရေနဲ့တစ်ချိန်လုံး ထိတွေ့နေရင် ကားကိုယ်ထည်မှာ သံချေးတွေ တက်လာပါလိမ့်မယ်။ ကားကို တခြားရာသီတွေမှာလို ပုံမှန်သန့်ရှင်းရေးလုပ်သင့်ပြီး ဖြစ်နိုင်ရင် အမိုးအကာရှိတဲ့ နေရာမျိုးမှာ ပါကင်ထိုး၊ ရပ်ထားသင့်ပါတယ်။

နောက်ထပ် ကျွန်တော်တို့ဆီမှာ ခေတ်စားလာတဲ့ အန္တရာယ်တစ်ခုက လေပြင်းတိုက်တဲ့အခါ သစ်ကိုင်းတွေ ကျိုးတာ၊ ဓာတ်တိုင်တွေကျိုးတာဖြစ်ပြီး ပါကင်ထိုးတဲ့အခါ ဒီလိုအန္တရာယ်တွေအတွက်လည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ မိုးသည်းထန်စွာရွာတဲ့အခါ မြေသားတွေပျော့ပြီး အုတ်တံတိုင်းတွေ ပြိုကျတတ်တာကြောင့် အုတ်တံတိုင်းဟောင်းတွေနားမှာ ပါကင်ထိုးရင်လည်း သတိပြုရမှာဖြစ်ပါတယ်။

ဒါတွေကတော့ ယာဉ်မောင်းနဲ့ ယာဉ်ပိုင်ရှင် တွေအနေနဲ့ မိုးရာသီမှာ ကားမောင်းနှင်တာနဲ့ ကားကို ဘယ်လိုတွေဂရုစိုက်သင့်လဲဆိုတာတွေကို ဖော်ပြပေးခဲ့တာပါ။ ကိုယ့်ရဲ့ကားကို ရေရှည်သုံးစွဲနိုင်အောင်၊ အန္တရာယ်ကင်းကင်းမောင်းနှင်နိုင်အောင်ရည်ရွယ်ပြီး Motoring ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

ဟိန်းမြတ်စိုး