News

POST TYPE

AUTOMOBILE

ကမ္ဘာကျော်ပြိုင်ဘက် ကားကုမ္ပဏီကြီးနှစ်ခုရဲ့ နောက်ကွယ်ကဇာတ်လမ်း
15-Jul-2019


ကားဝါသနာအိုးတွေကတော့ ဘယ်ကားတွေ ကပိုကောင်းပြီး ဘယ်ကားမော်ဒယ်လ် တွေက ပိုလန်းတယ်ဆိုတာကို သိနိုင်ကြပါတယ်။ ဒါပေမဲ့ ကမ္ဘာတစ်ဝန်းထုတ်နေတဲ့ ကားနာမည်တွေက အရမ်းကို များလွန်းလှပါတယ်။ ဘယ်လောက်များတယ်ပဲ ဆိုဆို လူတိုင်းလိုလိုသိကြတဲ့ ကားနာမည်နှစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ Ferrari နဲ့ Lamborghini ဆိုတဲ့ Brand တွေပါပဲ။ သင့်အနေနဲ့ ဒီနှစ်ခုထဲကဆို ဘယ်ကားကို လိုချင်ပါသလဲ။ ရွေးရခက်နေပါလိမ့်မယ်။

အဲလိုရွေးရခက်အောင်ပဲ သူတို့တွေက အမြဲတမ်း သူတို့ရဲ့ ကားမော်ဒယ်လ်တွေကို ကောင်းသထက်ကောင်းအောင် ပြိုင်ဆိုင်ထုတ်လုပ်ကြတာပါပဲ။ Ferrari နဲ့ Lamborghini ဆိုတာ ပြိုင်ဘက်ကုမ္ပဏီတွေပါ။ ဒါပေမဲ့ သူတို့ဘယ်ကနေ ဘယ်လို ပြိုင်ဘက်စဖြစ်လာခဲ့တာလဲ။ အဲဒီမေးခွန်းက အရမ်းစိတ်ဝင်စား ဖို့ကောင်းပါတယ်။ သမိုင်းကြောင်းအမှန်က ဒီလိုပါ။

Ferrari တည်ထောင်သူ Ferruccio Lamborghini ဟာ စပျစ်စိုက်တဲ့ လယ်သမားမိသားစုက ပေါက်ဖွားလာခဲ့တာပါ။ သူဟာ မိသားစုအလုပ်ကို စိတ်မဝင်စားခဲ့ဘဲ စက်မှုလုပ်ငန်းဘက်ကို ပိုစိတ်ဝင်စားခဲ့သူပါ။ Lamborghini ဟာ ဒုတိယကမ္ဘာစစ်တုန်းက လေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် သူဟာ တပ်ထဲမှာ စိုက်ပျိုးရေးလုပ်ကိုင် နိုင်ဖို့ လယ်ထွန်စက်တွေ တပ်ဆင်ထုတ်လုပ်ပေးခဲ့ပါတယ်။ သူဟာ အဲဒီလယ်ထွန်စက်တွေ ထုတ်လုပ်ရောင်းချခြင်းကနေပဲ အလွန်ချမ်းသာသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ချမ်းသာလာတာနဲ့အမျှ သူဟာ ဖာရာရီကားတွေအပါအဝင် တန်ဖိုးကြီး ဇိမ်ခံကားတွေကို ဝယ်ယူစုဆောင်းလာခဲ့ပါတယ်။ Lamborghini ကားတွေကို အရမ်းမြတ်နိုးတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ အဲဒါကြောင့် ပြိုင်ကားတွေကို ဝယ်ယူခဲ့ပြန်ပါတယ်။ ဒါပေမဲ့လည်း ကားထုတ်လုပ်မှုဟာ နှေးကွေးနေတယ်လို့ သူမြင်ခဲ့လို့ ကားတွေပြိုင်ဆိုင်ပြီးထုတ်ဖို့ အပြောင်းအလဲအနည်းငယ်ပြုလုပ်ခဲ့ပါတယ်။ သူက Ferrari ကားတွေဟာ အသံအရမ်းကျယ်ပြီး သက်သောင့် သက်သာမရှိဘူးလို့ သတိပေးခဲ့ပါသေးတယ်။ ပြီးတော့ အတွင်းခန်းထဲက ကလပ်တွေကိုလည်း ပြန်ပြင်ပေးဖို့ လိုတယ်လို့ သတိပေးခဲ့ပါတယ်။

၁၉၆၀ ပြည့်နှစ်တွေမှာ Enzo Ferrari ရဲ့ ပြိုင်ကားတွေကို လူကြိုက်အရမ်းများနေတဲ့အချိန်ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ စက်ပြင်သမားတစ်ယောက်ဖြစ်တဲ့ Lamborghini ဟာ Ferrari ကားတွေမှာ အပြစ်အနာအဆာတွေ ရှိတယ်ဆိုတာကို Enzo Ferrari ကို ပြောဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါပေမဲ့ ငယ်ရွယ်ပြီး လယ်ထွန်စက်တွေထုတ်တဲ့သူတစ်ယောက်ဖြစ်တဲ့ Lamborghini ရဲ့စကားကို အဲဒီခေတ်အဲဒီ အခါက ကားထုတ်လုပ်မှုရဲ့ ထိပ်ဆုံးမှာရောက်နေတဲ့ Enzo Ferrari က ဂရုမစိုက်ခဲ့ပါဘူး။ Lamborghini ဟာ သူ့ရဲ့ကားတွေကို အယုံအကြည်မရှိလို့ အခုလိုပြောကြားခဲ့တာဖြစ်ပြီး သူ့ရဲ့ကားတွေမှာ ဘာအနာအဆာမှ မရှိဘူးလို့ ယူဆခဲ့ပါတယ်။ Ferrari က Lamborghini ဟာ ကားအကြောင်းနဲ့ ကားရဲ့ သဘောသဘာဝကို မသိတဲ့သူလို့ ထင်မြင်ခဲ့ပါတယ်။

အဲဒါကြောင့်ပဲ Ferrari က Lamborghini ကို “မင်းရဲ့ အကြံပေးတာကို မလိုအပ်ဘူး။ ကိုယ့်ဘာကိုယ် လယ်ထွန်စက်ပဲ သွားထုတ်”လို့ ရင့်ရင့်သီးသီး ပြောခဲ့ပါတယ်။ အဲဒီကနေပဲ Ferrari-Lamborghini တို့ရဲ့ ပြိုင်ပွဲက စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီအစ ကနေပဲ Lamborghini ရဲ့ အမိုက်စားပြိုင်ကားတွေ မြစ်ဖျားခံလာခဲ့တာပါပဲ။ Ferrari သူ့ကို အပြစ်မပြောခင်က Lamborghini ဟာ ပြိုင်ကားနဲ့ ဇိမ်ခံကားတွေ စုတာကို ဝါသနာသက်သက်ပဲရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ သူ့ရဲ့ဝါသနာကို အသက်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ Ferrari ရဲ့ စော်ကားပြောဆိုခံခဲ့ရအပြီးမှာတော့ Lamborghini ဟာ သူ့ကိုယ်ပိုင်ဒီဇိုင်းနဲ့ ဇိမ်ခံကားတွေ ထုတ်လုပ်ခြင်းလုပ်ငန်းကို အားစိုက်လုပ်ဆောင်ပါတော့တယ်။ သူ့ ကိုယ်ပိုင် Brand ကို ကွဲပြားတဲ့ပုံစံနဲ့ ထုတ်လုပ်ဖို့ ဒီဇိုင်းရေးဆွဲခြင်းလုပ်ငန်းကို စတင်လုပ်ဆောင်ပါတော့တယ်။ အဲဒီနောက် လေးလအကြာ ၁၉၆၃ ခုနှစ် အီတလီနိုင်ငံ တူရင်မြို့က ကားပြပွဲမှာ သူ့ရဲ့ ပထမဆုံး Lamborghini 350 GTV ကို စတင်မိတ်ဆက် လိုက်ပါတယ်။ ၁၉၆၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ အဲဒီကား အမျိုးအစားကို ပထမဆုံးအနေနဲ့ ၁၃ စီး ရောင်းချနိုင် ခဲ့ပါတယ်။ အဲဒီကားအမျိုးအစားရဲ့နာမည်ကိုတောင် နောက်ပိုင်းမှာ 350GT ဆိုပြီး ပြောင်းလဲခဲ့ပါသေးတယ်။

အဲဒီကနေစပြီး Lamborghini ဟာ Ferrari ကို ယှဉ်ပြိုင်မှုကို စတင်ခဲ့ပြီး စီးပွားရေးအရ Ferrari ကို ကျော်ဖို့၊ သူ့အသက် ၅၀ အချမ်းသာဆုံးသူတစ်ယောက်ဖြစ်လာဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ၁၉၆၀ ခုနှစ် အစောပိုင်းကာလတွေကစလို့ Lamborghini ကို Ferrari လို အင်အားကြီးကုမ္ပဏီကြီးတစ်ခုဖြစ်စေခဲ့ပါတယ်။ အဲဒီအချိန်က လူအများက Ferrari ကုမ္ပဏီကို ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ကုမ္ပဏီကြီးတစ်ခုအဖြစ် Lamborghini ကို ယုံကြည်လာကြပြီလည်း ဖြစ်သလို Lamborghini ကထွက်လာမယ့် ပြိုင်ကား အသစ်အသစ်တွေကိုလည်း မျှော်လင့်တောင့်တနေ ကြပြီလည်းဖြစ်ပါတယ်။ အဲဒီအချိန်မှာ Ferrari ရဲ့ ချမ်းသာမှုရပ်တန့်နေတဲ့အချိန်ကို ရောက်ရှိလို့နေပါပြီ။ Ferrari ကထုတ်တဲ့ ကားတွေဟာ အန္တရာယ်အရမ်းများတယ်လို့ လူတွေက ယုံကြည်လာကြပါတယ်။

အဲဒါနဲ့တစ်ဆက်တည်း Lamborghini ဟာ ၁၉၆၂ ခုနှစ်မှာ သူ့ရဲ့ ကားထုတ်လုပ်တဲ့ စီမံကိန်းကို စတင်လိုက်ပြီး ၁၉၆၃ ခုနှစ် မေလမှာ Automobili Ferruccio Lamborghini ဆိုပြီး ကုမ္ပဏီစထောင်လိုက်ပါတော့တယ်။ အဲဒီနောက် အီတလီနိုင်ငံ ဘိုလော့နာ မြို့က Sant’Agata Bolognese မှာ လျှို့ဝှက်နေရာ တစ်ခုအဖြစ်လုပ်ဖို့ ဝယ်ယူခဲ့ပါတယ်။ အဲဒီနေရာမှာ သူ့ရဲ့ ကားစက်ရုံကို ဆောက်လုပ်ဖို့ဖြစ်ပါတယ်။ အဲဒီ အချိန်အတောအတွင်းက သူ့ရဲ့အတွေ့အကြုံတွေနဲ့ တခြားကုမ္ပဏီတွေကို အထူးသဖြင့် ထရပ်ကားထုတ် လုပ်တဲ့ကုမ္ပဏီတွေထဲကမှ အကောင်းဆုံးကုမ္ပဏီ တစ်ခုအဖြစ် သူ့ကုမ္ပဏီကို ဖြစ်စေချင်ခဲ့ပါတယ်။ အဲဒီ စက်ရုံကနေ ပြိုင်ဘက်ကင်းတဲ့အရာတွေ ထုတ်လုပ်ခဲ့ပါတယ်။ သူ့ရဲ့အကောင်းဆုံး စဉ်းစားတွေးခေါ်မှုအဖြစ် သူဟာကားထုတ်လုပ်တဲ့ စက်ရုံဘေးနားမှာ စီမံခန့်ခွဲရေးရုံးကိုပါ တွဲဖွင့်ဖို့ စိတ်ကူးရခဲ့ပါတယ်။ အဲဒါက Lamborghini ကို ပြီးပြည့်စုံစေခဲ့သလို ကိုယ်ပိုင်ပုံစံ ဒီဇိုင်းနဲ့ကားတွေ ထွက်ရှိလာခဲ့စေပါတယ်။

အဲဒီစီမံကိန်းတွေ ပြီးတဲ့နောက်မှာတော့ Lamborghini စက်ရုံက ထုတ်တဲ့ ပထမဆုံးမော်ဒယ်လ် စထွက်လာခဲ့ပါတယ်။ ပထမဆုံးမော်ဒယ်လ်ကား ထွက်လာဖို့အတွက် သူဟာ အလွန်စိတ်အား ထက်သန်ခဲ့သလို အကောင်းဆုံးဆိုတဲ့ အစိတ်အပိုင်းတွေနဲ့ အဲဒီကားကို ရွေးချယ်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Giotto Bizzarrini အင်ဂျင်နဲ့ထုတ်လုပ်ခဲ့တာပါ။ တကယ်တော့ အဲဒီအင်ဂျင်ဒီဇိုင်းက ဒီမော်ဒယ်လ်ရှေ့ မကြာသေးမီက ထုတ်လုပ်ထားတဲ့ Ferrari ရဲ့ ဒီဇိုင်းကို အနည်းငယ်မှီငြမ်းခဲ့တာဖြစ်ပါတယ်။ တခြားအစိတ် အပိုင်းတွေ တပ်ဆင်ဖို့အတွက် နာမည်ကျော် လူငယ်အင်ဂျင်နီယာ ၂ ဦးဖြစ်တဲ့ Giampaolo Dallara နဲ့ Giampaolo Stanzani တို့ကို ငှားရမ်းခဲ့ပါတယ်။

အဲဒီအဖွဲ့ကနေပဲ 350 GT ဆိုတဲ့ ကားအမျိုးအစားကို တူရင်ကားပြပွဲမှာ မိတ်ဆက်ခဲ့တာပါပဲ။

အထက်ဖော်ပြပါ အကြောင်းအရာတွေကတော့ Ferrari နဲ့ Lamborghini တို့ရဲ့ သမိုင်းကြောင်းပဲဖြစ်ပါတယ်။ ဒီသမိုင်းကြောင်းကို လေ့လာပြီး ခင်ဗျားတို့တွေလည်း အောင်မြင်တဲ့သူတွေဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။

(အီတလီဂျာနယ်လစ် အီရန်ဟာဘေး၏ The epic story behind Ferrari and Lamborghini Rivalry ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

ဟိန်းမြတ်စိုး