News

POST TYPE

AUTOMOBILE

ကားနဲ့ပတ်သက်တဲ့ သတိထားရမယ့် အရာတွေ
01-Jul-2019


ကိုယ့်ရဲ့ကားကို သက်တမ်းရှည်ရှည်အသုံးပြုလိုသူများ၊ မကြာခဏ ဝပ်ရှော့ရုံမပို့လို သူများအနေနဲ့ အခုဖော်ပြမယ့် အရာတွေကို သတိထား ရှောင်ကြဉ်စေလိုပါတယ်။ ဒီလိုအချက်တွေအပြင် ကားမှာသုံးတဲ့ ဆီတွေရဲ့ အရောင်တွေအကြောင်းနဲ့ ကားနဲ့ပတ်သက်တဲ့အရာတွေကို ဒီတစ်ပတ်ရဲ့ Motoring ကဏ္ဍအတွက် တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ကားကို သက်တမ်းရှည်ရှည်အသုံးပြုနိုင်ဖို့ဆိုရင်

ကိုယ့်ရဲ့ကားကို သက်တမ်းရှည်ရှည်အသုံးပြုနိုင်ဖို့ဆိုရင် ဒီလိုအပြုအမူတွေ မဖြစ်မနေလုပ်ဖို့လိုပါတယ်။ ရှောင်ကြဉ်ရမှာမဟုတ်ဘူးနော်။ အခုပြောမယ့် အရာတွေက အကျင့်ကောင်းတစ်ခုအနေနဲ့ လုပ်ရမယ့် အရာတွေဖြစ်ပါတယ်။ ကြည့်လိုက်ကြရအောင် ...။

(၁) Filter ကို မကြာခဏလဲလှယ်ပါ။ 

Filter တွေ ကောင်းနေမှသာ ကိုယ့်ကားရဲ့ ဆီရေလေဝိုင်တွေ ကောင်းကောင်းလည်ပတ်နိုင်မှာဖြစ်သလို ဒါမှလည်း ကိုယ့်ကားရဲ့ ကျန်းမာရေးက အမြဲတမ်းကောင်းမွန်နိုင်မှာပါ။ Filter တွေ မကောင်းတဲ့အခါ အပြင်ကပါလာမယ့် ဥပမာ - ဆီထဲက အညစ်အကြေးတွေ အမှုန်အမွှားတွေကို မတားနိုင်ဘဲ ဆီပန့်တွေ၊ အင်ဂျက်တာတွေကို ဒုက္ခပေးတာအပြင် နောက်ဆုံးကားရဲ့ အင်ဂျင်ထိကို ဒုက္ခရောက်သွားနိုင်ပါတယ်။ Filter လို့ပြောတဲ့နေရာမှာ ကားရဲ့ လေစစ်တွေလည်း ပါဝင်ပါတယ်။ ဥပမာဆိုရရင် နှာခေါင်းပိတ်နေတဲ့ လူတစ်ယောက်ဟာ အသက်ကောင်းကောင်းမရှူနိုင် သလိုဘဲကားရဲ့လေစစ်မကောင်းတဲ့အခါ လေဝင်လေထွက်မကောင်းဘဲ အခြားထိခိုက်မှုမျိုးစုံကို ဖြစ်ပွားစေနိုင်ပါတယ်။

(၂) ကားအရောင်ကို နေရောင်ဒဏ်မှ ကာကွယ်ပါ

နေအရမ်းပြင်းတဲ့ နေရာတွေမှာ ကိုယ့်ကားကို ရပ်တန့်တာကို ရှောင်ကြဉ်သင့်ပါတယ်။ ကျွန်တော်တို့ နိုင်ငံလို အပူချိန်မြင့်တဲ့နိုင်ငံတွေမှာဆိုရင် ပိုပြီး သတိထားသင့်ပါတယ်။ ဒီလိုဂရုမထားဘဲ နေပူထဲမှာ ရပ်ထားတာပဲဖြစ်ဖြစ်၊ ပါကင်ရှားတဲ့ နေရာမှာ မဖြစ်မနေမို့ နေပူထဲမှာ ရပ်ထားရတာမျိုးပဲဖြစ်ဖြစ် နေပူဒဏ်ကြောင့် ကိုယ့်ကားရဲ့ ဆေးသားတွေကို ဒုက္ခပေးနိုင်ပါတယ်။ မူလစက်ရုံထုတ်ထက် အရောင်မှိန်သွားတာမျိုး၊ ဆေးသားတွေ ကွာကျတာမျိုးတွေအထိ ဖြစ်ပွားစေနိုင်ပါတယ်။ ခုနပြောသလို ရန်ကုန်လို ကားပါကင်ရှားတဲ့ နေရာမျိုးမှာ မဖြစ်မနေရပ်ထား ရမယ်ဆိုရင် ကတ်ထူပြား ဒါမှမဟုတ် နေပူဒဏ်ကို အတော်အသင့် ကာကွယ်နိုင်မယ့် အုပ်စရာတစ်ခုခုနဲ့ အုပ်ဆိုင်းထားသင့်ပါတယ်။

(၃) ဂီယာကို သင့်တင့်စွာပြောင်းပါ

ကားကို ကိုင်တွယ်မောင်းနှင်တဲ့နေရာမှာ တစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး။ အရှင်းဆုံးအနေနဲ့ ကားမောင်းညင်သာသူနဲ့ ကားမောင်းကြမ်းတမ်းသူဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ ကားမောင်း ညင်သာသူတွေကတော့ ဂီယာအပြောင်းအလဲလည်း ညင်သာကြပါတယ်။ ကားမောင်းကြမ်းတမ်းသူတွေ ကတော့ လမ်းပေါ်က ချိုင့်တွေ့လည်း မရှောင်ဘဲ စွတ်ရမ်းမောင်းတာမျိုး၊ ဂီယာအပြောင်းအလဲကို ဒုန်း၊ ဒိုင်းဆိုသလို ပြောင်းလဲမောင်းနှင်တာမျိုးတွေ ပြုလုပ်တတ်ကြပါတယ်။ အဲဒီအခါကျတော့ ကိုယ့်ရဲ့ကားက မကြာခဏပျက်စီးပြီး သတ်မှတ်ကာလထက် ကျော်လွန်မသုံးစွဲရတဲ့အပြင် သတ်မှတ်ကာလမတိုင်မီ ချုံးချုံးကျသွားတာမျိုးတွေ ဖြစ်ရတတ်ပါတယ်။

(၄ ) တာယာဖိအားကို မကြာခဏစစ်ဆေးပါ

နောက်တစ်ချက်က ကိုယ့်ကားရဲ့ တာယာတွေကို အမြဲတမ်းစစ်ဆေးနေဖို့ လိုပါတယ်။ ဒါမှလည်း ကိုယ့်ကားရဲ့ တာယာဖိအားနည်းနေလား၊ များနေလားဆိုတာကို သိနိုင်မှာပါ။ ဒီလိုမစစ်ဆေးမိလို့တာယာ ဖိအားနည်းနေတဲ့အချိန် မောင်းနှင်မိမယ်ဆိုရင် အချိန်မတိုင်မီ တာယာခဏလေးပျက်စီးတာကို ကြုံတွေ့ရနိုင်သလို ဖိအားများနေတဲ့အချိန် မောင်းမယ်ဆိုရင် စလစ်ဖြစ်တာတွေ၊ ကိုယ့်ကားရဲ့ အရှိန်ကို ထိန်းတဲ့အခါမှာ ခက်ခဲတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီလိုအခြေအနေတွေမှာမှ ကံဆိုးရင်တော့ တာယာ ကွဲပြီး အသက်အန္တရာယ်ကို ဒုက္ခပေးလာနိုင်ပါတယ်။ ဒါကြောင့် ဒီစစ်ဆေးမှုတွေကို မကြာခဏအရေးတကြီး ပြုလုပ်ပေးသင့်ပါတယ်။ ဒီလိုစစ်ဆေးခြင်းတွေကြောင့် ကိုယ့်အသက်နဲ့ ကိုယ့်မိသားစုတွေရဲ့အန္တရာယ်ကို ကာကွယ်ပြီးသားလည်း ဖြစ်ပါတယ်။

(၅)ပစ္စည်းအများကြီးမတင်ပါနဲ့

ကားတစ်စီးမှာ သတ်မှတ်ထားတဲ့ ခံနိုင်ဝန် အမြဲတမ်းရှိပါတယ်။ လူစီးယာဉ်မှာပဲဖြစ်ဖြစ်၊ ကုန်တင် ယာဉ်မှာပဲဖြစ်ဖြစ် သတ်မှတ်လူဦးရေ၊ သတ်မှတ်ကုန်စည် တင်ဆောင်ခွင့်တွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီက စမ်းသပ်ပြီးမှ ထုတ်လုပ်တာဖြစ်ပါတယ်။ ဒါကြောင့် သတ်မှတ် ထားတဲ့အတိုင်း လိုက်နာလုပ်ဆောင်ဖို့လိုပါတယ်။ ပစ္စည်းအများကြီးတင်တဲ့အခါ၊ လူအများကြီး တင်စီးတဲ့အခါ ဘာတွေဖြစ်လဲဆိုတော့ ကျွန်တော်တို့နဲ့ အနီးစပ်ဆုံးအနေနဲ့ ကားမီးလောင်တာတွေ၊ ကားအဆွဲအရုန်း ခဏလေးကျသွားတာတွေ၊ သတ်မှတ်ကာလမတိုင်မီ ပျက်စီးရတာတွေ ဖြစ်တတ်ပါတယ်။ ဒါလည်း ရှောင်ကြဉ်ရမယ့် အဓိကအပြုအမူထဲမှာပါပါတယ်။ ကျွန်တော် တို့နိုင်ငံမှာတော့ ကားတော်တော်များများကို သတ်မှတ်ထားတဲ့ ခံနိုင်ဝန်ထက် ပိုသုံးနေတာတွေကို မကြာခဏ မြင်တွေ့နေရတတ်ပါတယ်။ စာဖတ်ပရိသတ်ကြီး လည်း မြင်ဖူးကြမှာပါ။ ဥပမာ- လိုက်ထရပ်ယာဉ်တွေကို နောက်ခေါင်မိုးတွေ သတ်မှတ်အမြင့်ထက် များစွာမြှင့်ပြီး ပစ္စည်းတင်တာတွေမျိုး။

ကားအပြင်ပိုင်းက သတိထားရမယ့်အချက် တွေပြောပြီးပြီဆိုတော့ ကားအတွင်းမှာသုံးတဲ့ဆီ အရောင်းတွေကို ခွဲခြားသိနိုင်အောင် လေ့လာလိုက် ကြရအောင် . . .

ကားမှာသုံးတဲ့ ဆီတွေရဲ့အရောင်များ

အညိုဖျော့ရောင်မှ အနက်ရောင်ဆိုရင် အင်ဂျင်ဝိုင်

အနီရောင်ပါးပါး ဒါမှမဟုတ် အညိုရောင် ထူထူဆိုရင် ဂီယာဆီ

အနီရောင် ဒါမှမဟုတ် အညိုဖျော့ရောင် ပါးပါးဆိုရင် ပါဝါစတီယာတိုင်ဆီ

အကြည်ရောင်မှ ချွဲကျိတဲ့ အညိုရောင်ဆိုရင် ဘရိတ်ဆီ

အဝါ၊ အစိမ်း ဒါမှမဟုတ် ပျစ်ချွဲချွဲပန်းရောင်ဆိုရင် အင်ဂျင်အေးရေ (Coolant)

အကြည်ရောင်ကျဲကျဲဆိုရင် ရေဖြစ်ပါတယ်။

ဒီလိုအရောင်တွေကို ကြည့်ခြင်းအားဖြင့် ကားမှာသုံးတဲ့ဆီတွေကို အလွယ်တကူခွဲခြားနိုင်မှာဖြစ်သလို ကိုယ့်ကားရဲ့တစ်နေရာရာက ယိုစိမ့်နေပြီဆိုရင် ဒီလိုဆီအရောင်တွေကို ကြည့်ပြီးတော့လည်း ခွဲခြားသိနိုင်ပါတယ်။ ဒါ့အပြင် ဘယ်လိုနေရာတွေက ဘယ်လိုဆီတွေ စိမ့်ထွက်နိုင်လဲ၊ ဘယ်ဆီကတော့ ဘယ်လိုအရောင်ပြောင်းသွားရင် လဲလှယ်သင့်လဲဆိုတာကို ဆက်ကြည့်လိုက်ကြရအောင်။

ရေဆိုရင် ကားရှေ့အောက်ပိုင်းကနေ စိမ့်ထွက်တတ်ပြီး ဒီလိုစိမ့်ထွက်ရတာဟာ အဲကွန်းက ရေစုခြင်း ဒါမှမဟုတ် ကားမှန်ဆေးတဲ့ စနစ်ကနေစိမ့်တာတွေ ဖြစ်တတ်ပါတယ်။ ဘရိတ်ဆီတွေက ပုံမှန်အားဖြင့် အကြည်ရောင် ဒါမှမဟုတ် ချွဲကျိတဲ့ အရောင်ရှိတတ်ပေမယ့် ကြည်လင်တဲ့အရည် (ဒါမှမဟုတ် အညိုဖျော့ရောင်) နဲ့ ဆီထူတဲ့အရောင်တွေဖြစ်နေ တယ်ဆိုရင် ကိုယ့်ရဲ့ ဘရိတ် ဒါမှမဟုတ် ကလပ်ဆီမှာ ကြီးမားတဲ့ပြဿနာဖြစ်နေပြီဖြစ်တဲ့အတွက် ချက်ချင်းပြင်ဆင်သင့်ပါတယ်။ ဒီလိုအရည်တွေက ကားအောက်ပိုင်းက ဘီးနားတွေကနေ စိမ့်ထွက်တတ်ပါတယ်။

ကားရဲ့ အင်ဂျင်ခန်းအောက်ကနေ အစိမ်း၊ သံကြေးရောင် ဒါမှမဟုတ် လိမ္မော်ရောင်၊ အနည်းငယ်ပျစ်တဲ့ အရည်တွေ စိမ့်ထွက်နေတာဆိုရင် ဒါဟာ အင်ဂျင်အေးရေ (Coolant ရည်) တွေဖြစ်ပါတယ်။ ပြီးတော့ အင်ဂျင် အောက်တည့်တည့်ကနေ အညိုရောင် ဒါမှမဟုတ် အနက်ရောင်နဲ့ ချွဲကျိကျိအရည်တွေ စိမ့်ထွက်နေတယ်ဆိုရင်တော့ ဒါဟာအင်ဂျင်ဝိုင်တွေ ဖြစ်ပါတယ်။ 

နောက်တစ်ခုကတော့ နောက်အင်ဂျင်ပါတဲ့ ကားတွေရဲ့ အလယ်ကပဲဖြစ်ဖြစ်၊ ရှေ့အင်ဂျင်ပါတဲ့ ကားတွေရဲ့ ရှေ့ကပဲဖြစ်ဖြစ် အနီ ဒါမှမဟုတ် အညိုရင့်ရောင် (သို့မဟုတ် အစိမ်းရင့်ရောင်) နဲ့ ချွဲကျိကျိအရည်တွေ စိမ့်ထွက်နေမယ်ဆိုရင်တော့ ဂီယာဆီကို ချက်ချင်းစစ်လိုက်ဖို့လိုပါပြီ။ ပုံမှန်အားဖြင့် ဂီယာဆီတွေက ပုံမှန်အားဖြင့် အနီရောင်ပါးပါး ဒါမှမဟုတ် အညိုရောင် ထူထူအရောင်တွေမှာ ရှိတတ်ပါတယ်။

နောက်ပြီးကားရဲ့ မောင်းသူဘက် အင်ဂျင်ခန်း အောက်ကနေ ပယင်းရောင်၊ အကြည် (သို့မဟုတ်) အနီရောင် အရည်တွေ စိမ့်ထွက်နေပြီဆိုရင် ဒါဟာ သတိထားစရာပါ။ သင့်ကားရဲ့ ပါဝါစတီယာတိုင် ဆီတွေမှာ ကြီးမားတဲ့ ပြဿနာဖြစ်နေပါပြီ။ ဒါဟာ ချက်ချင်းပြင်ဆင်သင့်တဲ့ အခြေအနေဖြစ်ပါတယ်။ 

ဒါကတော့ ကားတစ်စီးမှာ အသုံးပြုရတဲ့ စက်ဆီ တွေရဲ့ အရောင်တွေအလိုက်ခွဲခြားပုံနဲ့ သတိထားရမယ့် အရောင်တွေ၊ ပြင်ဆင်ရမယ့်အရောင်တွေကို ဘယ်လိုခွဲရမလဲဆိုတာ တင်ဆက်ပေးခဲ့တာပါ။ ဒီ အရောင်တွေအလိုက် စာဖတ်ပရိသတ်ကြီးအနေနဲ့ ကိုယ့်ကားကို ပြုပြင်ထိန်းသိမ်းနိုင်ပါတယ်။ ဒါကိုသိထားလို့ မြန်မြန်တွေ့ပြီး မြန်မြန်ပြုပြင်လိုက်နိုင်မယ်ဆိုရင် မြန်မာစကားပုံအရ “အပ်နဲ့ ထွင်းရမှာကို ပုဆိန်နဲ့ ပေါက်ရမယ့်ကိန်း” မဆိုက်နိုင်တော့ပါဘူး။ ကိုယ့်ကားရဲ့ တစ်နေရာရာက ယိုစိမ့်မှုဖြစ်နေတာကို မသိတာမျိုး၊ မသိလိုက်ဘာသာ နေလိုက်တာမျိုးနဲ့ ဘာအရောင်စိမ့်နေတာက ဘာဖြစ်တာကို ပြောနေတာမျိုးကို မသိဘူးဆိုရင် စကားပုံအတိုင်း အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ တကယ်ပေါက်သွားရနိုင်ပါတယ်။

အထက်ကဖော်ပြခဲ့တဲ့အရာတွေက မဖြစ်မနေ ဂရုစိုက်၊ သတိထားရမယ့်အရာတွေကို တင်ဆက်ပေးခဲ့ တာပဲ ဖြစ်ပါတယ်။ ဒါတွေအပြင် နေ့စဉ်ဂရုပြုရမယ့် အရာတွေ၊ သတိထားရမယ့်အရာတွေ များစွာရှိပါတယ်။ စာဖတ်ပရိသတ်ကြီးကို ဒီဟာတွေအပြင် တခြားဂရုစိုက်စရာတွေကို ဆက်လက်တင်ပြပေးသွားပါဦးမယ်။

ဟိန်းမြတ်စိုး