News

POST TYPE

AUTOMOBILE

မိုးတွင်းမှာ ကားမောင်းရင် အန္တရာယ်ကင်းစေဖို့ သိထားသင့်တဲ့အချက်များ
03-Jun-2019


မုတ်သုံလေက ရောက်ရှိလို့ လာပါပြီ။ အစပဲရှိသေးပေမယ့် ရန်ကုန်မြို့ရဲ့လမ်းတွေပေါ်မှာ မိုးရွာလိုက်တာနဲ့ ရေလျှံလာသလို ချိုင့်ခွက်တွေ ဖြစ်လာတာကို တွေ့လာ ရပါတယ်။ နောက်ထပ်သတိထားရမှာက သစ်ပင်၊ သစ်ကိုင်း တွေကျိုးပြီး အုတ်တံတိုင်းပြိုကျတာမျိုးတွေကိုပါ။ ဒီလို မိုးရာသီကြောင့်ဖြစ်တဲ့ အန္တရာယ်တွေကို ကြိုတင်သိရှိ ရှောင်ရှားနိုင်စေဖို့ ဒီတစ်ပတ်မှာ စာဖတ်ပရိသတ်ကြီး အတွက် မိုးရာသီယာဉ်မောင်းနှင်မှုလမ်းညွှန်ကို အသစ်တစ်ဖန်ပြန်လည်ဖန်တီးပြီး တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။

မိုးရွာနေချိန် ကားဘယ်လိုမောင်းသင့်လဲ

မိုးသည်းသည်းထန်ထန်ရွာနေချိန်မှာ မြင်ကွင်းမရှင်းတာကြောင့် အမြန်နှုန်းကို ပုံမှန်ထက်လျှော့ချ မောင်းနှင်သင့်ပါတယ်။ စိုစွတ်နေတဲ့ လမ်းမတွေပေါ်မှာ မောင်းနှင်တဲ့အခါ ဘရိတ်ဖမ်းရတဲ့ အကွာအဝေးက ပုံမှန်ထက် ပိုများတာကြောင့်ဖြစ်ပါတယ်။ ခပ်ဖြည်း ဖြည်းမောင်းနှင်ခြင်းအားဖြင့် လမ်းပေါ်မှာ အတားအဆီး တစ်ခုခုနဲ့ ကြုံလာတဲ့အခါ ဘရိတ်အုပ်ဖို့၊ တုံ့ ပြန်ဖို့ အချိန်ပိုရစေတယ်။ မြင်ကွင်းတစ်ခုလုံး ပိန်းပိတ်သွား တဲ့အထိ မိုးသည်းထန်နေရင်တော့ ကားရဲ့ Emergency Lamp တွေဖွင့်ပြီး အန္တရာယ်ကင်းတဲ့နေရာမှာ ရပ်ထားလိုက်တာက အကောင်းဆုံးပါပဲ။ ဟိုင်းဝေးလမ်းတွေမှာ မောင်းနှင်တဲ့အခါ ကားတစ်စီးနဲ့ တစ်စီးကြား အကွာအဝေးပိုယူသင့်ပြီး ဖြစ်နိုင်ရင် ပုံမှန်မောင်းနှင် ရမယ့် အကွာအဝေးထက် နှစ်ဆလောက်အထိ ပိုယူသင့်တယ်။ ဒီအတွက် သုံးစက္ကန့်စည်းမျဉ်း (ကားတစ်စီးနဲ့ တစ်စီးကြား သုံးစက္ကန့်စာသွားရမယ့် အကွာအဝေးအတိုင်းခွာလိုက်ခြင်း) ကို လိုက်နာသင့်ပြီး မိုးရာသီအတွက် ခြောက်စက္ကန့်စာလောက် ခွာမောင်းပေးသင့်ပါတယ်။ စိုစွတ်နေတဲ့လမ်းပေါ်မှာ နောက်က ကပ်လိုက်တာ၊ မြန်နှုန်းမြှင့် မောင်းနှင်တာမျိုးတွေ မလုပ်သင့်ပါဘူး။

မိုးရွာသွန်းချိန် ပတ်ဝန်းကျင်မှာ ရေခိုးရေငွေ့တွေ များတာကြောင့် ကားလေကာမှန်မှာ ငွေ့ရည်ဖွဲ့ပြီး မြင်ကွင်း မရှင်းတဲ့အခါ Air-con ဖွင့်တာ၊ Defogger ခလုတ်နှိပ်တာနဲ့ ဖြေရှင်းနိုင်တယ်။ မိုးတွင်းဘက်မှာ အသုံးများတဲ့ ရေသုတ်တံတွေကိုလည်း စနစ်တကျ စစ်ဆေးပြီး လိုအပ်ရင် အသစ်လဲလှယ်တာမျိုးတွေ လုပ်သင့်ပါတယ်။ မိုးရာသီမှာ မောင်းနှင်တဲ့အခါ မြင်ကွင်းရှင်းလင်းမှုက အရေးအကြီးဆုံးအချက်တွေထဲမှာ ပါဝင်ပါတယ်။ ကားမောင်းနေချိန် မိုးရွာနေရင် ရှေ့မီးကြီး၊ နှင်းခွဲမီးစတာတွေကို ဖွင့်သုံးသင့်ပါတယ်။ နောက်ပိုင်းထွက်ကားတွေမှာပါတဲ့ Daytime Running Light စနစ်ကိုလည်း ဖွင့်သုံးနိုင်တယ်။ တစ်ခုရှိတာက ရှေ့မီးကြီးဖွင့်တဲ့အခါ မလိုအပ်ဘဲ High Beam (မီးအားပြင်းပြင်းနဲ့ အပေါ်ဘက်ကို ထိုးတာမျိုး) ကို မလုပ်သင့်ပါဘူး။ မီးဖွင့်မောင်းခြင်းအားဖြင့် မိုးသည်းထန်စွာ ရွာနေချိန်မှာ ကားတစ်စီးနဲ့တစ်စီး အလွယ်တကူ မြင်ရစေတယ်။ မိုးသည်းထန်စွာ ရွာနေချိန်မှာ ကားကို ရပ်ထားမယ်ဆိုရင် High Beam (သို့) Hazard Light ကို ဖွင့်ထားသင့်ပါတယ်။ ရှေ့ကို လုံးဝမမြင်ရဘဲ အရမ်းကို မိုးတွေသည်းတဲ့အချိန်တွေကို ကြုံတွေ့နိုင်ပါတယ်။ အဲဒါဆိုရင်တော့ အကောင်းဆုံးက ကားကို လမ်းဘေးချရပ်ထားလိုက်ပြီး မိုးစဲမှ လိုရာခရီးကို သွားတာပါပဲ။ မိုးသည်းထဲ ကားမောင်းနေလို့လည်း ခရီးမတွင်တာကြောင့် ကိုယ်သွားမယ့်နေရာကို ရောက်တဲ့အချိန်က အရမ်းစောမသွားသလို၊ မိုးစဲအောင် စောင့်လိုက်လို့လည်း အရမ်းနောက်မကျသွားပါဘူး။

နောက်တစ်ခုက ကားမောင်းသူနဲ့ ရင်းနှီးပြီးသားလမ်းတွေပေါ် မောင်းနှင်တဲ့အခါ ဘယ်နေရာမှာ ဘယ်လို အတားအဆီး၊ ချိုင့်ခွက်၊ ရေအိုင် စတာတွေရှိနိုင်လဲဆိုတာ ကြိုတင်မှန်းဆထားဖို့လိုပါတယ်။ ဒီလိုကြို တင်မှန်းဆထားခြင်းအားဖြင့် လမ်းပေါ်မှာ ရေတွေ လွှမ်းနေတာမျိုးနဲ့ ကြုံလာတဲ့အခါ အန္တရာယ်ကင်းကင်းနဲ့ ရှောင်ရှားမောင်းနှင်လို့ရစေတယ်။ ဒါပေမဲ့ ကိုယ်မမောင်းဖူးတဲ့လမ်းတွေ ဆိုရင်တော့ ပိုပြီး သတိထားမောင်းနှင်ဖို့လိုပါတယ်။ ကိုယ်ကျွမ်းတဲ့ လမ်းပဲဖြစ်ဖြစ်၊ မကျွမ်းတဲ့လမ်းပဲဖြစ်ဖြစ် လမ်းမရဲ့ ဘယ်ဘက်ခြမ်း (သို့မဟုတ်) ညာဘက်ခြမ်းကို တရားလွန်ကပ်ပြီး မောင်းတာမျိုးကို မလုပ်သင့်ပါဘူး။ လမ်းလယ်ကနေမောင်းတာ အကောင်းဆုံးပါပဲ။ နောက်ပြီးရေလွှမ်းနေတဲ့ လမ်းပေါ်မှာ လေးလံတဲ့ ဝန်တွေတင်ထားတဲ့ ထရပ်ကားလို ကားအကြီးတွေကို ကျော်တဲ့အခါ အထူးသတိထားဖို့လိုပါတယ်။

လမ်းမပေါ်က သတိပြုစရာများ

နောက်ထပ်အရေးကြီးတဲ့ တစ်ချက်က မိုးစရွာချိန်မှာ လမ်းပေါ်မှာရှိတဲ့ စက်ဘီးတွေ၊ လူတွေက ကသုတ်ကရက်နဲ့ မိုးလွတ်ရာကို ဝင်ပြေးတတ်တာကြောင့် လမ်းပေါ်က လူတွေ၊ စက်ဘီးတွေကိုလည်း သတိပြုမောင်းနှင်ဖို့လိုပါတယ်။ ဒါ့အပြင် ရေအိုင်ပေါတဲ့လမ်းကို ဖြတ်သန်းတဲ့အခါ လမ်းဘေးမှာ ကပ်လျှောက် နေတဲ့လူတွေ ရွှံ့၊ ရေတွေမစင်အောင် ကားကို ဖြည်းဖြည်းမောင်းနှင်သင့်ပါတယ်။ တံတားတွေနား ချဉ်းကပ်တဲ့အခါ အမြန်နှုန်းလျှော့သင့်သလို လူတွေ အများကြီးရှိတတ်တဲ့ ကားမှတ်တိုင်လိုနေရာမျိုးမှာ အရှိန်လျှော့မောင်းနှင်သင့်တယ်။ လမ်းမကို မမြင်နိုင်အောင် ရေလွှမ်းနေတယ်ဆိုရင် အရဲစွန့်ပြီး စွတ်မောင်းတာမျိုး မလုပ်သင့်ပါဘူး။ ရေထုရဲ့ အမြင့်က ၆ လက်မ လောက်အထိရှိနေရင် ကားငယ်လေးတွေ ဖြတ်မမောင်းသင့်ပါဘူး။ အတော်အတန်မြင့်တဲ့ ရေထုထဲ ဖြတ်မောင်းချိန်မှာ အင်ဂျင်အမြန်နှုန်းကို ပြောင်းမိရင် အိပ်ဇောပေါက်ကတစ်ဆင့် အင်ဂျင်ထဲအထိရေတွေ ဝင်သွားတတ်ပါတယ်။ ဖြစ်ခဲတယ်ဆိုပေမယ့် ဒီကိစ္စက အင်ဂျင်တစ်ခုလုံး ပျက်စီးအောင် ဒုက္ခပေးနိုင်စွမ်း ရှိတယ်ဆိုတာကို သတိပြုပါ။ 

ရေထုအမြင့်က တစ်ပေလောက်ရှိပြီး ရေစီးအားကောင်းနေရင် သာမန်ဆီဒင်အရွယ်လောက်ရှိတဲ့ ကားကို မျောပါသွားစေနိုင်ပါတယ်။ ရေအမြင့် နှစ်ပေလောက်ဆိုရင် SUV လို ကားမျိုးတွေတောင် သတိပြုမောင်းနှင်ဖို့လိုတယ်။ အကောင်းဆုံးကတော့ ကိုယ်မသိကျွမ်းတဲ့ လမ်းပေါ်မှာ ရေတွေလွှမ်းနေတယ်ဆိုရင် အဲဒီလမ်းကို မသုံးဘဲ တခြားလမ်းတစ်ခုခုက သွားတာမျိုးဖြစ်ဖြစ်၊ ဒေသခံကားတစ်စီးစီး ဖြတ်ပြီးသွားမှ သွားတာမျိုးပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။ မကွေးတိုင်းလို ရေကျော်တွေများတဲ့နေရာတွေဆို အရမ်းသတိထားသင့်ပါတယ်။ နှစ်စဉ်လိုလို အဲဒီရေကျော်တွေမှာ ကားတွေ၊ လူတွေ မျောပါသွားတာတွေ ဖြစ်နေလို့ပါ။ ဒါ့အပြင် ရေတင်နေတဲ့လမ်းပေါ်မှာ ကားကို အရှိန်မြှင့်မောင်းရင် Hydroplaning (ရေတွေကြောင့် စလစ်ဖြစ်၊ လမ်းချော်ခြင်း) ဖြစ်တတ်တာကိုလည်း သတိပြုရပါမယ်။ Hydroplaning ဖြစ်လာခဲ့ရင် စတီယာရင်ဘီးခွေကို အတင်းဆွဲလှည့်တာ၊ ဘရိတ် ဆောင့်နင်းတာမျိုး မလုပ်သင့်ပါဘူး။ ဂီယာကို အနိမ့်ပိုင်းချပြီး ဘရိတ်ကို ဖြည်းဖြည်းချင်းနင်းပေးရမှာပါ။

ရေလွှမ်းနေတဲ့ လမ်းကပဲ မဖြစ်မနေသွားရ တော့မယ်ဆိုရင် (သို့မဟုတ်) လမ်းပေါ်မှာရှိတဲ့ရေက ကားကို ဒုက္ခဖြစ်လောက်အောင် မြင့်မနေဘူးဆိုရင် ဖြစ်နိုင်သမျှဂီယာကို အနိမ့်ပိုင်းမှာထားပြီး လီဗာကို ဖြည်းဖြည်းချင်းနင်းလို့ ဖြတ်သန်းသွားလို့ရပါတယ်။ ဒီနည်းနဲ့ အိတ်ဇောပေါက်ထဲ ရေမဝင်အောင် မောင်းနှင်နိုင်ပြီး ဒီလိုဖြတ်သန်းတဲ့အခါ ဘတ်စ်ကားတွေ၊ ထရပ်ကားတွေရဲ့ အနောက် (သို့) ဘေးက မလိုက်မိဖို့တော့လိုပါတယ်။ ကားကြီးတွေဖြတ်သန်းတဲ့အခါ ရေထုက ပိုမြင့်လာတတ်ပြီး လှိုင်းတွေထလာတာကြောင့် ကားကြီးတွေနား ကပ်မောင်းတာက အန္တရာယ်ရှိပါတယ်။

ပါကင်ထိုးချိန် သတိပြုစရာ

မိုးရာသီမှာ ကားကို အလိုအလျောက်သန့်ရှင်း စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိုးရေထဲ ရပ်မထားသင့်ပါဘူး။ မိုးရေမှာပါတဲ့ အက်စစ်ဓာတ်ကြောင့် ဆေးသားတွေ ပျက်စီးတတ်သလို ရေနဲ့တစ်ချိန်လုံး ထိတွေ့နေရင် ကားကိုယ်ထည်မှာ သံချေးတွေ တက်လာပါလိမ့်မယ်။ ကားကို တခြားရာသီတွေမှာလို ပုံမှန်သန့်ရှင်းရေးလုပ်သင့်ပြီး ဖြစ်နိုင်ရင် အမိုးအကာရှိတဲ့နေရာမျိုးမှာ ပါကင်ထိုး၊ ရပ်ထားသင့်ပါတယ်။

နောက်ထပ် ကျွန်တော်တို့ဆီမှာ ခေတ်စားလာတဲ့ အန္တရာယ်တစ်ခုက လေပြင်းတိုက်တဲ့အခါ သစ်ကိုင်းတွေ ကျိုးတာ၊ ဓာတ်တိုင်တွေကျိုးတာဖြစ်ပြီး ပါကင်ထိုးတဲ့အခါ ဒီလိုအန္တရာယ်တွေအတွက်လည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ မိုးသည်းထန်စွာရွာတဲ့အခါ မြေသားတွေပျော့ပြီး အုတ်တံတိုင်းတွေ ပြိုကျတတ်တာကြောင့် အုတ်တံတိုင်းဟောင်းတွေနားမှာ ပါကင်ထိုးရင်လည်း သတိပြုရမှာဖြစ်ပါတယ်။

စစ်ဆေးသင့်တဲ့ အရာတွေ

မိုးရာသီရောက်တော့မယ်ဆိုရင် ကိုယ့်ကားမှာ ဘာတွေလိုနေလဲ၊ ဘာတွေ မကောင်းတော့ဘူးလဲဆိုတာတွေကို စစ်ဆေးသင့်ပါတယ်။ မိုးရာသီမှာ ကားမောင်းဖို့ ဘာတွေကို အရေးတကြီးစစ်သင့်လဲဆိုတော့ . . .

(၁) ဝိုက်ဘာတံတွေ ကောင်းမကောင်း

ဝိုက်ဘာတံတွေက မိုးရွာလာရင် အရေးကြီးဆုံးလိုအပ်ချက်ဖြစ်ပါတယ်။ ဝိုက်ဘာတံတွေ ကောင်းမနေရင် မိုးရေထဲ ကားမောင်းလို့ မရနိုင်ပါဘူး။ မိုးရေကြောင့် ရှေ့ကို သဲသဲကွဲကွဲမြင်နိုင်ဖို့ ဝိုက်ဘာတံတွေက မရှိမဖြစ်လိုအပ်ပါတယ်။

(၂) တာယာ

နောက်တစ်ခုက တာယာတွေပါ။ ပုံမှန်ခြောက် သွေ့နေတဲ့လမ်းတွေမှာဆိုရင် တာယာတွေက ပန်းနည်းနည်းပဲရှိလည်း မောင်းလို့ သိပ်အန္တရာယ်မရှိနိုင်ပေမယ့် မိုးရာသီလို စိုစွတ်နေတဲ့လမ်းတွေမှာ မောင်းမယ်ဆိုရင်တော့ ပန်းထူထူရှိတဲ့ တာယာတွေကပဲ ကိုယ့်ကားကို အကောင်းဆုံးထိန်းကျောင်းပေးနိုင်မှာပါ။ မကောင်းတဲ့ တာယာတွေဆိုရင် အလွယ်တကူ စလစ်ဖြစ်တာတွေ၊ ဘရိတ်ဖမ်းတဲ့အခါ လျှောသွားတာတွေဖြစ်တတ်ပါတယ်။

(၃) ဘရိတ်

အထက်က ပြောခဲ့သလို ဘရိတ်လျှောတာတွေက တာယာကြောင့်လည်း ဖြစ်တတ်သလို ဘရိတ်မကောင်းတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ စစ်ဆေးသင့်တဲ့စာရင်းထဲ ဘာလို့ထည့်ထားတာလဲဆိုတော့ ဘရိတ်မကောင်းရင် ယာဉ်တိုက်မှုတွေအလွယ်တကူ ဖြစ်နိုင်လို့ပါ။ ဘရိတ်ရှူးတွေမကောင်းရင် လဲလိုက်ဖို့ အကြံပေးလိုက်ပါရစေ။

ဒါတွေကတော့ မိုးတွင်းမှာ ကားမောင်းရင် ဂရုစိုက်သင့်တဲ့အချက်တွေနဲ့ စစ်ဆေးသင့်တဲ့အရာတွေကို ဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုဂရုစိုက်ခြင်း အားဖြင့် ကိုယ့်ရဲ့အသက်၊ ကိုယ့်မိသားစုရဲ့ အသက်နဲ့ ခရီးသည်တွေရဲ့ အသက်တွေကို ကာကွယ်နိုင်သလို တန်ဖိုးရှိကားတွေလည်း ထိန်းသိမ်းရာရောက်ပါတယ်။

ဟိန်းမြတ်စိုး