News

POST TYPE

AUTOMOBILE

အရေးပေါ်အခြေအနေတွေမှာ ဘယ်လိုဖြေရှင်းမလဲ
27-May-2019


ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝအတွက် ယာဉ်တွေကို မရှိမဖြစ်အနေနဲ့ အသုံးပြုကြ ရပါတယ်။ လူတန်းစား အမျိုးမျိုးအပေါ်လိုက်ပြီး အသုံးပြုပုံကွာခြားသွားတာပဲရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာဆိုရင် အခြေခံလူတန်းစားတွေနဲ့ လူလတ် တန်းစားအချို့က ခရီးသည်တင်ယာဉ်လိုင်းကားတွေ ကို အသုံးပြုကြသလို၊ အထက်တန်းစားနဲ့ လူလတ်တန်း စားအချို့ကတော့ ကိုယ်ပိုင်ကားတွေကို အသုံးပြုကြပါတယ်။ ဒီလိုဆိုတော့ ကားနဲ့ပတ်သက်ပြီး မတော် တဆမှုတွေ ကြုံရတတ်ပါတယ်။ အရေးပေါ် အခြေအနေတွေမှာ ဘယ်လိုကျော်လွှားမလဲ၊ ဘယ်လိုရင်ဆိုင် မလဲဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ဒီတစ်ပတ်ရဲ့ Motoring ကဏ္ဍအတွက် တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

အရေးပေါ်အခြေအနေကြုံတွေ့ရင်

အရေးပေါ်အခြေအနေလို့ဆိုတဲ့နေရာမှာ ယာဉ်မတော်တဆမှုနဲ့ ကြုံတွေ့တဲ့အခါမှာပဲဖြစ်ဖြစ်၊ ရုတ်တရက် ကားပျက်သွားတာပဲဖြစ်ဖြစ်၊ ရုတ်တရက် ဘီးပေါက် သွားတာပဲဖြစ်ဖြစ် ဒီလိုအခြေအနေတွေကို ဆိုလိုပါ တယ်။ တကယ်လို့ ဒီလိုအခြေအနေတွေကို မတော်တဆကြုံတွေ့လာတဲ့အခါမှာ စည်းကမ်းတကျ ဘယ်လိုလုပ်ရမလဲ။ ဒီလိုတွေကြုံလာပြီဆိုရင် . . .

ကားကို လမ်းပေါ်ကဖယ်ပါ။

သင်နဲ့ ခရီးသည်တွေကို ဘေးကင်းရာမှာ နေပါ။

သတိပေးအချက်ပြဆိုင်းဘုတ်ကို လမ်းပေါ်မှာချပါ။

အကူအညီတောင်းပါ။

အခြေခံအနေနဲ့ ဒီအချက်တွေကိုလုပ်ဖို့လိုပါတယ်။

ကားကို လမ်းပေါ်ကဖယ်ပါ

ဒီလိုဖယ်ပါဆိုတဲ့နေရာမှာ ဆိုးဝါးတဲ့ ယာဉ်မတော်တဆမှုတွေ၊ ကားပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် ထိခိုက်မှု အနည်းငယ်ရှိတဲ့ ယာဉ်မတော်တဆမှုဖြစ်စဉ်တွေမှာတော့ မြန်မာနိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းတွေအရရော၊ လူတွေရဲ့ အခြေအနေအရရော လမ်းဘေးချဖို့မဖြစ်နိုင်ပါဘူး။ ဒီလိုလမ်းဘေးချဖို့လို့ဆိုတဲ့နေရာမှာ ကားချို့ယွင်းမှုတွေ ဖြစ်တာမျိုးတွေကိုဆိုလိုချင်တာပါ။ ဥပမာ-မောင်းနေရင်း စတီယာရင် ဘေးကပ်တာမျိုးပဲ ဖြစ်ဖြစ်၊ ကားစက်ချို့ယွင်းတာပဲဖြစ်ဖြစ်၊ ကား ဘီးပေါက်တာပဲဖြစ်ဖြစ်ပေါ့။ အဲဒီလိုမျိုးတွေ ကြုံရင် လမ်းဘေးချရပ်လိုက်ပါ။

သင်နဲ့ ခရီးသည်တွေကို ဘေးကင်းရာမှာနေပါ

လမ်းဘေးချရပ်တဲ့အခါ ခရီးသည်တွေအနေနဲ့ ဘေးကင်းရာမှာနေဖို့လိုပါတယ်။ ကိုယ့်ကားရဲ့ နောက်မှာ ရပ်နေတာမျိုးမလုပ်ဖို့ အရေးကြီးပါတယ်။ အကောင်း ဆုံးသင်ခန်းစာအနေနဲ့ ပြီးခဲ့တဲ့နှစ်ထဲက အမြန်လမ်းမှာ ကားပျက်လို့ လမ်းဘေးမှာ ပြင်နေတဲ့ ဘုရားဖူးယာဉ်ကို အဝေးပြေးခရီးသည်တင်ယာဉ်က နောက်က ဝင်တိုက်သွားတဲ့ ဖြစ်စဉ်ပါပဲ။ အဲဒီလို ဝင်တိုက်တဲ့ အချိန်မှာ ခရီးသည်တွေက ကားရဲ့နောက်မှာ အကာအကွယ်မရှိဘဲ နေခဲ့တဲ့အတွက် ဝင်တိုက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်က အမြန်လမ်းတစ်လျှောက် သေဆုံးမှုအများဆုံးဖြစ်စဉ်တစ်ခုဖြစ်ခဲ့ရပါတယ်။ ၁၄ ယောက်သေပြီး ၄၂ ယောက်လောက် ဒဏ်ရာရခဲ့ရပါတယ်။ ဒါကြောင့် ယာဉ်တစ်ခုခုဖြစ်လို့ လမ်းဘေးမှာနေမယ်ဆိုရင် အကာအကွယ်တစ်ခုခုရဲ့နောက်မှာ ရပ်ဖို့လိုပါတယ်။ မမြင်နိုင်တဲ့ အန္တရာယ်တွေ၊ မမျှော်လင့်တဲ့ အန္တရာယ်တွေ ရောက်လာမှာစိုးလို့ပါ။ ဘယ်နေရာ တွေမှာနေသင့်လဲဆိုတော့ ဥပမာ ကိုယ့်ကားရဲ့ အရှေ့၊ သစ်ပင်တစ်ပင်နား၊ အနီးဆုံးဓာတ်တိုင်တစ်တိုင်တိုင်ရဲ့ နောက်မှာပဲဖြစ်ဖြစ်ပေါ့။

သတိပေးအချက်ပြဆိုင်းဘုတ်ကို လမ်းပေါ်မှာချပါ

နောက်တစ်ချက်ကတော့ ကိုယ့်ကားပတ်ပတ်လည်ပဲဖြစ်ဖြစ်၊ နောက်မှာပဲဖြစ်ဖြစ် သတိပေးဆိုင်းဘုတ်ချထားပါ။ လမ်းဘေးချရပ်နေတဲ့အချိန်ပဲ ဖြစ်ဖြစ်၊ လမ်းဘေးမချနိုင်တဲ့အချိန်မှာပဲဖြစ်ဖြစ် သတိပေးဆိုင်းဘုတ်ချထားခြင်းအားဖြင့် ဘေးအန္တရာယ် ကင်းစေသလို အကူအညီတစ်ခုခုလည်းရကောင်း ရနိုင်ပါတယ်။

အကူအညီတောင်းပါ

ဒါက ကိုယ့်ကားရဲ့ ပျက်စီးမှု အခြေအနေ၊ မက္ကင်းနစ်မပါတဲ့အခြေအနေနဲ့ စက်ပိုင်းဆိုင်ရာကို တီးခေါက်မိတဲ့သူ မပါတဲ့အခြေအနေတွေအပေါ်မှာ မူတည်ပါတယ်။ ကိုယ့်ကားရဲ့ ပျက်စီးမှုအခြေအနေက Minor အခြေအနေနဲ့ မက္ကင်းနစ်ပါနေပြီး ပြုပြင်ဖို့ ပစ္စည်းကိရိယာအစုံအလင်ပါတယ်ဆိုရင်တော့ အကူအညီတောင်းစရာမလိုပါဘူး။ အဲဒီလိုအခြေအနေ မျိုးမဟုတ်ရင်တော့ အကူအညီတောင်းရတော့မှာပါ။

ကားရပ်နားခြင်း

ဒီအချက်က ရန်ကုန်လို ကားပါကင် ပြည့်ပြည့်စုံစုံ မရှိတဲ့နေရာတွေ၊ ခရီးဝေးထွက်တဲ့ အချိန်တွေမှာ စဉ်းစား ရမယ့်အချက်ပါ။ ကိုယ့်ရုံးကို ကိုယ့်ကားနဲ့ သွားမယ် ဆိုရင်တောင် ရုံးတွေတော်တော်များများက ကားပါကင်မရှိတဲ့အတွက် ဘယ်နေရာကား ရပ်ရမလဲဆိုတာ ဦးနှောက်ခြောက်စရာပါ။ နောက်ဆုံးတော့ လွတ်တဲ့ နေရာ၊ ကြုံတဲ့နေရာမှာပဲ ရပ်ရတာပါပဲ။ ခရီးထွက်တဲ့ အခါမှာဆိုရင်လည်း ကားရပ်ရမယ့်နေရာက အာရုံ နောက်စရာပါပဲ။ ဒီလိုကားရပ်တယ်ဆိုတဲ့ နေရာမှာလည်း မရပ်သင့်တဲ့နေရာတွေ ရှိပါသေးတယ်။ အဲဒီ နေရာတွေကတော့ -

မီးအန္တရာယ်ရှိတဲ့နေရာ

ခိုးလွယ်တဲ့နေရာ

မျက်နှာချင်းဆိုင်ကားနဲ့ တိုက်ရိုက်ဆန့်ကျင် ဘက်မှာ ရပ်ရတဲ့နေရာ

တခြားကားတွေကို ပိတ်ဆို့ထားနိုင်တဲ့နေရာ

ဝင်ပေါက်ထွက်ပေါက်တွေကို ပိတ်ဆို့ထားတဲ့နေရာ

မီးအန္တရာယ်ရှိတဲ့နေရာ

မီးအန္တရာယ်ရှိတဲ့နေရာဆိုတဲ့နေရာတွေက မြင်သာထင်သာရှိတဲ့ နေရာတွေဖြစ်ပါတယ်။ ဒါက မီးနဲ့နီးတဲ့ နေရာတွေကို ရှောင်ရှားပြီးရပ်ဖို့ပြောချင်တာပါ။ ဒါပေမဲ့ ပါကင်ရရေး အာရုံစိုက်နေတဲ့အချိန်မျိုးမှာ ဆိုရင်တော့ ဒီအရာတွေကို သတိလက်လွတ်နဲ့ ရပ်လိုက်တာမျိုးဖြစ်တတ်ပါတယ်။ အကောင်းဆုံးက တော့ ကိုယ့်ရဲ့ တန်ဖိုးကြီးကားမဆုံးရှုံးစေဖို့ နေရာပြောင်းရပ်လိုက်တာပါပဲ။ 

ခိုးလွယ်သောနေရာ

ဒီနေရာကတော့ လူပြတ်တဲ့နေရာမျိုးတွေကိုဆိုလိုတာပါ။ ဒီလိုနေရာမျိုးတွေဆိုရင်တော့ ကိုယ့်ကားရဲ့ ဘက်မှန်တွေ၊ မီးသီးတွေနဲ့ အခန့်မသင့်ရင် ဘီးတွေပါ ပျောက်သွားနိုင်ပါတယ်။ 

မျက်နှာချင်းဆိုင်ကားနဲ့ တိုက်ရိုက်ဆန့်ကျင်ဘက်မှာ ရပ်ရတဲ့နေရာ

ဒီလိုရပ်တန့်မှုမျိုးက တခြားကားကို ရန်ရှာသလို သဘောလည်း သက်ရောက်နိုင်ပါတယ်။ ဒီလိုအချိန်မှာ ရပ်လို့ တစ်ဖက်ကားမောင်းသူက စိတ်တိုတတ်တဲ့သူ ဆိုရင် ရန်ရှာခံရတဲ့အထိ အခက်တွေ့နိုင်ပါတယ်။ ဒါကြောင့် ဒီလိုမျိုးလည်း မရပ်သင့်ပါဘူး။

တခြားကားတွေကို ပိတ်ဆို့ထားတဲ့နေရာ

ကိုယ့်ကားတော့ လွတ်လွတ်လပ်လပ်နဲ့ အပေါ်က အချက်တွေနဲ့လည်း ကင်းတယ်ဆိုပြီး ဖြစ်သလို ကားကို မရပ်တန့်သင့်ပါဘူး။ ကိုယ်ရပ်ခဲ့တဲ့နေရာက တခြား ကားတွေကို ပိတ်ထားသလိုမျိုးဖြစ်နေရင် အပေါ်က အချက်ထက်ပိုပြီးအန္တရာယ်ကြီးပါတယ်။ ကိုယ့်ကား ဖျက်ဆီးခံရတဲ့အထိဖြစ်နိုင်သလို တခြားကားပိုင်ရှင်တွေရဲ့ မေတ္တာပို့(ကြိမ်ဆဲ)၊ ဒေါသဒဏ်ကို ပိုခံရနိုင်ပါတယ်။

ဝင်ပေါက်ထွက်ပေါက်တွေကို ပိတ်ဆို့ထားတဲ့နေရာ

ဒီအချက်ကလည်း အပေါ်က အချက်လိုပဲ ကိုယ့် ကားဖျက်ဆီးခံရတဲ့အထိဖြစ်နိုင်သလို တခြားကား ပိုင်ရှင်တွေရဲ့ မေတ္တာပို့(ကြိမ်ဆဲ)၊ ဒေါသဒဏ်ကို ခံရနိုင်ပါတယ်။ ဒီလိုတွေက မရပ်သင့်တဲ့နေရာတွေပဲ ဖြစ်ပါတယ်။ ဒီတော့ ကားပါကင်လိုမျိုး သီးသန့်မရှိတဲ့နေရာတွေမှာ ကားရပ်မယ်ဆိုရင် ဒီအချက်တွေကို ဂရုစိုက်သင့်ပါတယ်။

စတီယာရင်ကပ်ခြင်း

နောက်ထပ်အရေးပေါ်အခြေအနေတစ်ခုကတော့ စတီယာရင်ကပ်ခြင်းပါပဲ။ စတီယာရင်ကပ်တယ် ဆိုတာကို အလွယ်ဆုံးနည်းနဲ့ပြောရရင် ကားကွေ့တဲ့ အခါမှာ မကွေ့လာဘဲ တည့်တည့်ဆက်မောင်းသွားတာကို ဆိုလိုပါတယ်။ ဒီလိုမဖြစ်အောင် ဘယ်လိုကာကွယ်လာမလဲ၊ ကြုံတွေ့လာရင် ဘယ်လိုဖြေရှင်းမလဲ၊ ဘယ်လို ပြန်ပြင်မလဲဆိုတာတွေကို ကြည့်လိုက်ကြရအောင်။

ဘယ်လိုကာကွယ်မလဲ

မော်တော်ယာဉ်တွေမှာ မူလစက်ရုံက သတ်မှတ် ပေးလိုက်တဲ့ မောင်းနှင်ဖို့ ကီလိုတွေ၊ တာယာဆိုရင်လည်း ဘယ်အချိန်အတွင်း လဲရမယ်ဆိုတဲ့ သတ်မှတ် ချက်တွေနဲ့ အခြားစည်းကမ်းသတ်မှတ်ချက်တွေ အတိုင်း မောင်းဖို့လိုပါတယ်။ ဒါဆိုရင် စတီယာရင် ကပ်တာကို အနည်းနဲ့အများ ကာကွယ်နိုင်မှာပါ။

ဘယ်လိုဖြေရှင်းမလဲ

ရုတ်တရက်ကားမောင်းနေရင်း စတီယာရင် ကပ်တာကို ကြုံတွေ့လာပြီဆိုရင် လီဗာကို လွှတ်လိုက်ပါ။ တခြားဆန့်ကျင်ဘက်ကို စတီယာတိုင်ကို လှည့်လိုက်ပါ။ ဒါက အလွယ်ဆုံးနည်းလမ်းပါပဲ။ ပြီး ရင်တော့ ကားကိုဆက်မမောင်းတော့ဘဲ မက္ကင်းနစ်ကို ဖုန်းဆက်လှမ်းခေါ်လိုက်ပါ။

ဒါတွေကတော့ အရေးပေါ်အခြေအနေတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာတွေပါပဲ။ ဘေးအန္တရာယ် ကင်းစေဖို့နဲ့ နိုင်ငံကြီးသားပီသစွာ စည်းကမ်းတကျကားကိုအသုံးပြုနိုင်စေဖို့အတွက် ဖော်ပြပေးလိုက်တာပဲဖြစ်ပါတယ်။

ဟိန်းမြတ်စိုး