News

POST TYPE

AUTOMOBILE

တာယာအကြောင်း သိကောင်းစရာများ
20-May-2019


တာယာတွေအကြောင်း အမျိုးမျိုး ဖော်ပြနေကြတာတွေ ရှိပါတယ်။ ဒါပေမဲ့ စုစည်းဖော်ပြတာမျိုး သိပ်မတွေ့ရပါဘူး။ ဒီတစ်ပတ်အတွက်တော့ တာယာအကြောင်း ဆောင်ရန်၊ ရှောင်ရန်တွေ အပါအဝင် ကားအသုံးပြုသူတွေ သိထားသင့်တဲ့ အရာတွေကို စုစည်းဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ တာယာတွေက ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့ နေ့စဉ်ဆိုသလို စစ်ဆေးသင့်တဲ့ အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ခရီးသွားခါနီးပဲဖြစ်ဖြစ်၊ မြို့တွင်းမှာ နေ့စဉ် အသုံးပြုသူပဲဖြစ်ဖြစ် ကိုယ့်ကားရဲ့ တာယာတွေကို အမြဲတမ်း သတိမလပ်ဘဲ စစ်ဆေးပေးနေဖို့လိုပါတယ်။ ကားတာယာလေးကို စစ်ဆေးတာ အပန်းမကြီးပါဘူး။ ဒါပေမဲ့ ကိုယ့်အသက်၊ ကိုယ့်မိသားစုအသက်နဲ့ ကိုယ့်မိတ်ဆွေတွေရဲ့အသက်တွေကို အကာအကွယ်ပေးနိုင်ပါတယ်။ 

ဘာတွေကို စစ်ဆေးမလဲ

၁။ လေပေါင်ချိန်

လေပေါင်ချိန် (သို့မဟုတ်) လေနည်းနေ၊ မနေဆိုတာ တစ်ခါတလေ ကြည့်လိုက်ရုံနဲ့ သိနိုင်သလို၊ တစ်ခါတလေ လက်နဲ့ထုကြည့်လိုက်ရင် သိနိုင်ပါတယ်။ ဒါပေမဲ့ Safe အဖြစ်ဆုံးကတော့ လေပေါင်ချိန်စစ်တဲ့ စက်ကလေးနဲ့ စစ်လိုက်တာပါပဲ။ တာယာလေပေါင်ချိန်က နည်းနေရင်လည်း မကောင်းသလို များနေရင်လည်း အန္တရာယ်ရှိနိုင်လို့ပါ။ မှတ်ချက်- တာယာလေကို ရိုးရိုးလေအစား တတ်နိုင်သမျှ Nitrogen Gas ပဲ ဖြည့်ပါ။ ဒါမှ ကိုယ့်ကားရဲ့ တာယာကို ကြံ့ခိုင်မှု ကောင်းကောင်းနဲ့ ရေရှည်အသုံးပြုနိုင်စေမှာပါ။

၂။ တာယာအခြေအနေစစ်ဆေးခြင်း

တာယာသက်တမ်း လွန်၊ မလွန်ဆိုတာမျိုးလည်း စစ်ဆေးသင့်ပါတယ်။ ကိုယ်အသုံးပြုနေတဲ့ ကားတာယာရဲ့ သက်တမ်းကို မှတ်သားထားပြီး သတ်မှတ်အချိန်ထက် ကျော်မသုံးပါနဲ့။ နောက်တစ်ခုက ပန်းသား ကျန်၊ မကျန်နဲ့ ပွန်းစားနှုန်း ညီ၊ မညီကို စစ်ဆေးပါ။ လေပေါင်နည်းခြင်း၊ များခြင်းတွေကြောင့်ဖြစ်လေ့ရှိတဲ့ တာယာအသား ဆူထွက်ခြင်း ရှိ၊ မရှိ စစ်ဆေးပါ။ အထက်မှာပြောခဲ့တဲ့ ပန်းသားကျန်၊ မကျန်နဲ့ ဒီလို အချက်တွေဖြစ်လာပြီဆိုရင် ဒါဟာ ကိုယ့်ကားရဲ့ တာယာကို လဲလှယ်သင့်နေပြီဆိုတဲ့ သတိပေးချက်တွေ ဖြစ်ပါတယ်။

ဘာကြောင့်  Nitrogen Gas ထိုးသင့်တာလဲ

ရိုးရိုးလေနဲ့ နိုက်ထရိုဂျင်မှာ ကွာခြားမှုအချို့ ရှိနေပါတယ်။ အဓိကအချက်ကတော့ ကိုယ့်ကား တာယာကို ကြံ့ခိုင်မှုအပြည့်နဲ့ သက်တမ်းပြည့်အသုံးပြုနိုင်စေချင်လို့ဖြစ်ပါတယ်။

1. Safety

ရိုးရိုးလေက Moisture (ရေခိုးရေငွေ့) ပါလို့ တာယာအပူချိန် မြင့်တက်လာတာနဲ့အမျှ တာယာ လေပေါင် မြင့်တက်လာတတ်ပါတယ်။ Nitrogen Gas ကတော့ တာယာအပူချိန်မြင့်တက်လာတဲ့အချိန်မှာ ဖြစ်တတ်တဲ့ တာယာလေပေါင် ပြောင်းလဲခြင်းတွေကို မဖြစ်ပေါ်စေနိုင်ပါဘူး။ ဒါကြောင့် ခရီးဝေးသွားတဲ့ ကားတွေမှာ အဖြစ်များတဲ့ တာယာလေပေါင်တက်ပြီး တာယာပွင့်ထွက်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် Nitrogen Gas ကို ထိုးပြီး ကိုယ့်ကားကို အသုံးပြုတာ အကောင်းဆုံးဖြစ်ပါတယ်။ 

2. Long Life

ရိုးရိုးလေမှာပါတဲ့ Moisture ကြောင့် တာယာအတွင်းသားတွေရဲ့ သက်တမ်းမပြည့်ခင်မှာပဲ ပျက်စီးတာတွေ၊ သံခွေအတွင်းသားတွေ သံချေးတက်တာတွေကို ဖြစ်ပေါ်စေတတ်ပါတယ်။ Nitrogen Gas ကို အသုံးပြုခြင်းအားဖြင့် ဒီပြဿနာတွေကို မဖြစ်ပါဘူး။ ဒါကြောင့် Nitrogen Gas အသုံးပြုခြင်းဖြင့် တာယာသက်တမ်းပြည့် အသုံးပြုနိုင်စေမှာလည်းဖြစ်ပါတယ်။ 

တာယာလဲလှယ်တပ်ဆင်ခြင်းနှင့် တာယာအလိုင်းမင်း

ကားတစ်စီးကို တည်ဆောက်ထားတဲ့ ဒီဇိုင်းအပေါ်မူတည်ပြီး ကားရှေ့ဘီးနဲ့ နောက်ဘီးတွေအပေါ် မတူညီတဲ့ ဝန်အားတွေ ကျရောက်တယ်။ အကျိုးဆက်အနေနဲ့ တာယာတွေမှာ မတူညီတဲ့ ပွန်းစားမှုတွေ ဖြစ်လာပါတယ်။ ဒါကြောင့် တာယာသက်တမ်းကို ပိုမိုရှည်ကြာစေဖို့ ၈,၀၀၀ ကီလိုမီတာ (၄၉၇၀ မိုင်ဝန်း ကျင်) (သို့) ၁၁,၀၀၀ (၆၈၃၅ မိုင်ဝန်းကျင်) မောင်းပြီးတိုင်း ရှေ့နောက်လဲပေးဖို့ လိုပါတယ်။ ကားမောင်းနေစဉ်မှာ ပုံမှန်မဟုတ်ဘဲ တုန်ခါနေတာမျိုးတွေဖြစ်နေရင် တာယာတွေရဲ့ အနေအထားက မျှခြေမညီတာကြောင့် ဖြစ်နိုင်တယ်။ တာယာအပေါက်ဖာပြီးတိုင်း၊ တာယာအသစ်လဲပြီးတိုင်း မောင်းနှင်ရာမှာ အဆင်ပြေ၊ မပြေ စစ်ကြည့်သင့်ပါတယ်။ ကားတိုင်းလိုလိုမှာ ကြိုတင်သတ်မှတ်ထားတဲ့ အလိုင်းမင်းပုံစံတွေရှိပြီး စာဖတ်သူရဲ့ ကားကအလိုင်းမင်းတည့်မနေရင် မောင်းနှင်ရာမှာ တည်ငြိမ်မှုမရှိသလို သိသာတဲ့ တာယာပွန်းစားမှုတွေ ဖြစ်လာပါလိမ့်မယ်။ ဆီစားနှုန်းလည်း ပိုတက်လာပါလိမ့်မယ်။ စတီယာရင်ထိန်းရာမှာ ပုံမှန်မဟုတ်တဲ့ ပြဿနာတွေနဲ့ ကြုံလာရရင် ကားရဲ့အလိုင်းမင်းကို ပြန်စစ်ကြည့်ပါ။

တာယာ၏ ပန်းအထူအပါး

တာယာလေပေါင်ကို စစ်ဆေးတဲ့အချိန် တိုင်းမှာ တာယာမှာရှိတဲ့ ပန်းရဲ့ အထူအပါးကိုလည်း စစ်ကြည့်သင့်ပါတယ်။ တာယာမှာပါတဲ့ ပန်းတွေက လမ်းမျက်နှာပြင်ပေါ် စွဲမြဲနေစေဖို့ အလုပ်လုပ်နေတာဖြစ်ပြီး ပန်းပါးလွန်းတဲ့ တာယာတွေက လမ်းချော်ထွက်တာ၊ စလစ်လျှောထွက်တာတွေ ဖြစ်နိုင်တယ်။ အထူးသဖြင့် စိုစွတ်နေတဲ့ လမ်းတွေပေါ်မှာပါ။ တာယာရဲ့ ပန်းအထူကို တိုင်းတာဖို့ နိုင်ငံခြားမှာ လင်ကွန်းခေါင်းပါတဲ့ အကြွေစေ့ကို သုံးကြပြီး တချို့က မီးခြစ်ဆံ၊ ပေတံတွေနဲ့ တိုင်းတာကြတယ်။ တာယာပန်းကို တိုင်းတာတဲ့ ကိရိယာလေးတွေလည်းရှိပါတယ်။ စာဖတ်သူအနေနဲ့ ကိုယ်နှစ်သက်တဲ့နည်းနဲ့ တိုင်းကြည့်နိုင်ပါတယ်။ ယေဘုယျအားဖြင့် တာယာ အသစ်တစ်လုံးရဲ့ ပန်းအထူက 8mm ဝန်းကျင်ရှိပြီး အသုံးပြုမောင်းနှင်တာကြာလို့ ၁ ဒသမ ၆ မီလီမီတာ လောက်အထိ ပါးသွားရင် တာယာကို အသစ်လဲလှယ်သင့်ပါပြီ။

တာယာအသစ် လဲလှယ်ခြင်းနှင့် အမျိုးအစား ပြောင်းသုံးခြင်း

တာယာတွေကို အသစ်လဲလှယ်တော့မယ်ဆိုရင် ကားနဲ့အတူ တွဲပါတဲ့ Manual စာအုပ်ကိုကြည့်ပြီး အဲဒီမှာ ဖော်ပြထားတဲ့ လမ်းညွှန်ချက်တွေအတိုင်း လဲလှယ်သင့်ပါတယ်။ ဒါမှမဟုတ် ကျွမ်းကျင်တဲ့ မက္ကင်းနစ် (သို့) အရောင်းပြခန်းက ဆားဗစ်ဝန်ထမ်းတွေနဲ့ တိုင်ပင်သင့်တယ်။ ကားတစ်စီးမှာ တာယာအရွယ်အစား (သို့) အမျိုးအစား ပြောင်းလဲတပ်ဆင် လိုက်တဲ့အခါ ထိန်းကျောင်းမောင်းနှင်မှုအပေါ် အကျိုးသက်ရောက်မှု ရှိလာပါတယ်။ ဒါ့အပြင် တာယာအသစ်နဲ့ ကားဘီးအကာတွေ လွတ်မလွတ်၊ တာယာအသစ်ရဲ့ ဝန်ဒဏ်ခံနိုင်အား၊ လေပေါင်တွေကိုလည်း ကားနဲ့ ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးသင့်တယ်။ တာယာအားလုံး မလဲဘဲ တာယာအသစ်နှစ်လုံးပဲ ဝယ်လာတယ်ဆိုရင် နောက်ဘီးတွေကို ဦးစားပေးသင့်ပါတယ်။ နောက်ဘီးတွေက မြေဆွဲအားမကောင်းရင် လမ်းချော်ပြီး လည်ထွက်သွားနိုင်တာကြောင့်ပါ။ အကောင်းဆုံး ထိန်းချုပ်မောင်းနှင်မှုမျိုးကို လိုချင်တယ်ဆိုရင် ကားဘီးလေးလုံးစလုံးအတွက် တူညီတဲ့ တာယာတွေကို သုံးရမှာဖြစ်ပါတယ်။ ကားဘီးတွေအတွက် အမျိုးအစား မတူညီတဲ့ တာယာတွေ သုံးတာမျိုးကို ရေရှည် မလုပ်သင့်ပါဘူး။

တာယာဖိအား

ကားဘီးတွေကို သင့်တော်တဲ့ တာယာဖိအားမျိုးနဲ့ သုံးတဲ့အခါ ဆီစားနှုန်းသက်သာသလို အန္တရာယ်ကင်းပြီး အချိန်ကြာကြာလည်း အသုံးပြုနိုင်ပါလိမ့်မယ်။ လေဖိအားနည်းတဲ့ တာယာက ပွတ်တိုက်မှုတွေ ပိုဖြစ်စေတယ်။ အကျိုးဆက်အနေနဲ့ အပူချိန်မြင့်တက်ပြီး စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ဖြစ်နိုင်သလို တာယာအပြင်ပိုင်းပန်းတွေပါးပြီး ပျက်စီးသွားပါလိမ့်မယ်။ လေဖိအားများလွန်းတဲ့ တာယာက ဆန့်ကျင်ဘက်အတိုင်း အကျိုးသက်ရောက်မှုရှိပါတယ်။ တာယာ အလယ်ပိုင်းဧရိယာသာ လမ်းနဲ့ထိစပ်နေတာကြောင့် မြေဆွဲအားနည်းပြီး မတော်တဆဖြစ်နိုင်ခြေ ပိုများစေတယ်။ တာယာဖိအား (လေပေါင်) ကို တစ်လ တစ်ခါ (သို့) ခရီးရှည်မထွက်ခင် စစ်ဆေးသင့်ပြီး ကားမှာတပ်ဆင်ထားတဲ့ တာယာတွေအပြင် အရန်တာယာကိုလည်း စစ်ကြည့်သင့်ပါတယ်။ တာယာဖိအားကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ဖို့ ဖိအားတိုင်း ကိရိယာ (Gauge) ကို သုံးနိုင်ပြီး တာယာတွေ အေးနေတဲ့ အချိန်မှသာ လေဖိအားကို တိုင်းတာကြည့်သင့်ပါတယ်။ တာယာလေဖိအားကိုတော့ ကားရဲ့ Manual ထဲမှာ လမ်းညွှန်ထားတဲ့အတိုင်း ထားသင့်တယ်။ 

မောင်းနှင်ပုံနည်းနာ

ကားတစ်စီးကို မြန်နှုန်းမြှင့်မောင်းနှင်တဲ့အခါ ဘီးတွေမှာ အပူချိန်မြင့်တက်လာပြီး တာယာတွေကို ပျက်စီးစေတတ်ပါတယ်။ အခန့်မသင့်ရင် တာယာပွင့်ထွက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ရုတ်တရက် ဘရိတ်ဆောင့်အုပ်တာမျိုးက လမ်းချော်မှုတွေ ဖြစ်စေသလို တာယာပန်းတွေကိုလည်း ပွန်းစားသွားစေတယ်။ အန္တရာယ်ကင်းတဲ့ အမြန်နှုန်းမျိုး မှာ တစ်သမတ်တည်း မောင်းပြီး ဘရိတ်ဆောင့် အုပ်တာမျိုး မလုပ်ခြင်းအားဖြင့် တာယာသက်တမ်းကို ပိုကြာစေတယ်။ ကားဘီးတွေ ရွှံ့ထဲကျတဲ့အခါ၊ မြောင်းထဲညပ်နေတဲ့အခါ၊ သဲထဲနစ်နေတဲ့အခါ လီဗာစွတ်ပုတ်ပြီး ဘီးကို အရမ်းလည်နေအောင် မလုပ်သင့်ပါဘူး။ ဒီလို အလွတ်တမ်းလည်နေတဲ့ ဘီးတွေမှာ ဖြစ်တတ်တဲ့ ဗဟိုခွာအားကြောင့် တာယာပွင့် ထွက်တာနဲ့ တခြားထိခိုက်မှုတွေ ဖြစ်လာတတ်ပါတယ်။ ရှေ့တိုး နောက်ဆုတ်လုပ်ပြီး ကားကိုရွှေ့ကြည့်ပါ။

ဝန်အားအကန့်အသတ်

ကားတိုင်းမှာ တင်ဆောင်နိုင်တဲ့ ဝန်အား အလေးချိန် ကန့်သတ်ချက်ရှိပါတယ်။ ကားတစ်စီးမှာ ဝန်ဆောင်နိုင်တဲ့ အလေးချိန်ထက် ပိုတင်မိရင် တာယာနဲ့ တခြားအစိတ်အပိုင်းတွေအပေါ် အလေးချိန်တွေ ကျရောက်သွားပြီး ကိုင်တွယ်မောင်းနှင်ရာမှာ အဆင်မပြေတော့သလို ဆီစားနှုန်းလည်း မြင့်လာပါလိမ့်မယ်။ တာယာတွေလည်း ပိုမိုပွန်းစားသွားပါလိမ့်မယ်။ ဒါကြောင့် တာယာအသစ်ဝယ်တဲ့အခါ Manual ထဲမှာ ဖော်ပြထားတဲ့အတိုင်း Load Index (ဝန်အားညွှန်းကိန်း) ကိုက်ညီမှု ရှိ၊မရှိ စစ်ကြည့်သင့်တယ်။ တာယာတွေကို သိမ်းဆည်းတဲ့အခါ အေးမြခြောက်သွေ့တဲ့ နေရာမှာ ထားသင့်ပြီး တာယာဘီးခွေထဲ ရေတွေဝင်နေတာမျိုး မဖြစ်ရပါဘူး။ ဒါတွေကတော့ တာယာအကြောင်း သိထားသင့်တဲ့အရာတွေပါပဲ။ ဒီအကြောင်းတွေ သိထားမယ်ဆိုရင် ဒါမှမဟုတ် ဒီထဲက အချက်တွေကို စစ်ဆေးနေမယ်ဆိုရင် ကိုယ့်အသက်နဲ့ ကိုယ့်မိသားစုတွေကို လုံခြုံမှုရှိစွာ လိုရာခရီးကို ပို့ဆောင်သွားလာနိုင်မှာဖြစ်ပါတယ်။

ဟိန်းမြတ်စိုး


  • VIA