News

POST TYPE

AUTOMOBILE

ရန်ကုန်နှင့် ဟောင်ကောင် Line Walker - 2 ရုပ်ရှင်ကားရိုက်ကူးရေး
18-Feb-2019

ရန်ကုန်နှင့် ဟောင်ကောင် Line Walker - 2 ရုပ်ရှင်ကားရိုက်ကူးရေး

“အဝေးမှာနေတာဆိုတော့ အရာအားလုံးကို အပြုသဘော မြင်ပေးနိုင်တယ်”
ကိုမိုးတိမ် (ရန်ကုန်နေ ပြည်သူတစ်ဦး)

ရန်ကုန်မြို့လယ်ကောင်မှာ တရုတ် ရုပ်ရှင်ကားတစ်ကား လာရိုက်တော့မယ်။ အဲဒီအတွက် ဝေဖန်မှုတွေကို တွေ့ရတယ်။ သဘောတူတဲ့သူရှိသလို သဘောမတူတဲ့သူရှိတယ်။ ဒါကတော့ ဘယ်အရာဖြစ်ဖြစ် ဒီအတိုင်းပါပဲ။ ဆိုတော့ သဘောတူတဲ့သူ အများစုကိုကြည့်ရင် ရန်ကုန်မှာနေတဲ့သူ သိပ်မတွေ့ရဘူး။ နယ်မှာနေတဲ့သူတွေ နိုင်ငံရပ်ခြားမှာ နေတဲ့သူတွေ များတယ်။ မှန်တယ်လေ သူတို့က လမ်းပိတ်ဆို့မှုဒဏ် ဘယ်ခံရမလဲ။ အဝေးမှာနေတာဆိုတော့ အရာအားလုံးကို အပြုသဘော မြင်ပေးနိုင်တယ်။ ခံရတာက ရန်ကုန်က အထူးသဖြင့် မြို့လယ်ကောင်မှာ နေတဲ့သူတွေနဲ့ မြို့လယ်ကောင်မှာ အလုပ်လုပ်ရမယ့်သူတွေ။ သဘောမတူတဲ့သူတွေကိုကြည့်ရင် ရန်ကုန်က လူ အများဆုံးတွေ့မယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အလုပ်ကို ထိခိုက်မယ်လေ။ နဂိုကတည်းက စီမံခန့်ခွဲမှု အလွဲတွေနဲ့ ရန်ကုန်မှာ ကားကကျပ်မှ ကျပ်ဆိုတော့။ ကျွန်တော့်အမြင်ပြောရရင် ဒီရုပ်ရှင်ကား လာရိုက်လို့ ရန်ကုန်တိုင်းအစိုးရ ဘယ်လောက်ရသွားသလဲ။ ဒါကို ပြည်သူကို ပွင့်လင်းစွာ ချပြဖို့လိုမယ်။ အဲဒီငွေက အခု လမ်းပိတ်လို့ ဒုက္ခရောက်သွားမယ့် ပြည်သူတွေ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အချိန်ဆုံးရှုံးမှု ငွေကြေးဆုံးရှုံးမှုတွေနဲ့ယှဉ်ပြီး တွက်ကြည့်ထားသလား။ အဲဒီ ငွေပမာဏ ရတယ်ပဲထား၊ ပြည်သူတွေကို ဒီငွေနဲ့ ဘာစီမံကိန်းတွေ အကောင်အထည်ဖော်ပေးမှာလဲ။

“နိုင်ငံတော်အခမ်းအနား လုပ်ရင်တောင်မှ ဒီလောက်အထိ ပိတ်တာမှမဟုတ်တာ”
ကိုကျော်ဇင်ထွန်း (Head of PR and Communications, iflix)

ဒီလို ရုံးဖွင့်ရက်တွေပါနေတဲ့ တစ်ပတ်လောက်ကြီးကို သူတို့က ဘာလို့ခွင့်ပြုတာလဲ။ အများပြည်သူ ရုံးပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေလိုနေ့မျိုးကို ရွေးရိုက်လို့မရဘူးလား။ ကျွန်တော်ပြောတာက ဒီလမ်းတွေက နဂိုကတည်းက ကားလမ်းတွေ ပိတ်နေတဲ့အတွက် သွားရေးလာရေးက ခက်ခဲနေပြီးသား။ ဒီလောက် အကြာကြီး ပိတ်မယ်ဆိုတော့ နိုင်ငံတော် အခမ်းအနား လုပ်ရင်တောင်မှ ဒီလောက်အထိ ပိတ်တာမှမဟုတ်တာ။ နောက်ပြီးတော့လည်း နိုင်ငံခြားက လာရိုက်တယ်ဆိုတာ မှန်တယ်။ ကိုယ့်ဘက်ကလည်း ဘာမှမတောင်းဆိုဘူးလား။ မညှိနှိုင်းဘူးလား။ ဒီလိုတစ်ပတ်လောက်ကြီးတော့ မပေးနိုင်ဘူး၊ သူတို့ လက်ခံနိုင်ရင်ရိုက် လက်မခံနိုင်ရင် မရိုက်နဲ့။ သူတို့အနေနဲ့ ပြည်သူတွေ သွားရေးလာရေးအတွက်တော့ ကြည့်သင့်တယ်လို့ထင်တယ်။ ပြောချင်တာက ပိတ်တဲ့နေရာ တချို့က ရန်ကုန်မြို့ရဲ့ အဓိက အရေးပါတဲ့ လမ်းကြောင်းတွေ ဖြစ်နေတာ။ တချို့သူတွေ ပြောတယ် ပိတ်တဲ့လမ်းတွေက လမ်းတိုလေးတွေ ပိတ်တာလောက်ပါပဲပေါ့။ တကယ်က လမ်းတိုတာ ရှည်တာနဲ့မဆိုင်ဘူး။ အဲဒီလမ်းပေါ်မှာသွားနေတဲ့ ယာဉ်အစီးရေ ဘယ်လောက်ရှိလဲ မရှိလဲပေါ်မှာပဲ မူတည်တယ်။ ဥပမာ - ဆူးလေ ဘုရားလမ်းလို လမ်းမျိုး။ တိုတိုလေးတော့ မှန်တယ်၊ ဒါပေမဲ့ အဲဒီနေရာက Two Way သွားတဲ့လမ်း အဓိကက လမ်းကြောင်း။ ဘတ်စ်ကားတွေ သွားတယ်လာတယ်။ အဓိက ယာဉ်လမ်းကြောင်းတွေနဲ့ ဆက်သွယ်ထားတဲ့လမ်း။ ယာဉ်လမ်းကြော တိုတာရှည်တာနဲ့ မဆိုင်ဘူး။ ယာဉ်အစီးရေ ဘယ်လောက်သွားနေတာလဲအပေါ် မူတည်တယ်။ နောက်တစ်ချက် ကြည့်ရမှာက တခြားလမ်းတွေမှာရော သူတို့ ယာဉ်ကြောထိန်းသိမ်းရေးကို ဘယ်လိုလုပ်ပေးမလဲ။ ရှောင်သွားရတော့မယ့် လမ်းတွေရှိတယ်လေ။ အဲဒီရှောင်သွားရမယ့် လမ်းတွေကရော ဘယ်လိုရှိလဲ။ ယာဉ်ကြော အဆင်ပြေရေးအတွက် ဘယ်လိုမျိုး အဆင်ပြေအောင် ကူညီဖြေရှင်းပေးသွားမလဲ ဆိုတာမျိုးလေးတော့ ရှိသင့်တယ်လို့ ထင်တယ်။

ခိုင်ချယ်ရီထွန်း