News

POST TYPE

AUTOMOBILE

US ရဲ့ အကောင်းဆုံးကားတွေက ဘာတွေဖြစ်မလဲ
11-Feb-2019
နှစ်စဉ်အမေရိကမှာ ပေးနေကျဆုတစ်ဆုဖြစ်တဲ့ The U.S. News Best Vehicle Brand Awards ဆုကို ၂၀၁၉ အတွက် ဘယ်ကားတွေရရှိသွားလဲ။ ဒီဆုကို တစ်နှစ်အတွင်းမှာထုတ်လုပ်တဲ့ အရည်အသွေးမြင့်ပြီး ဒီဇိုင်းပိုင်း၊ Safety ပိုင်း၊ Luxury ပိုင်းနဲ့ နည်းပညာပိုင်းတွေ ထူးခြားကောင်းမွန်တဲ့ ကားတွေကို ပေးလေ့ရှိတာဖြစ်ပါတယ်။ 

The U.S. News Best Vehicle Brand Awards ဆုကို အကောင်းဆုံးကားဆု၊ အကောင်းဆုံး SUV ဆု၊ အကောင်းဆု Track ကားဆုနဲ့ အကောင်းဆုံး ဇိမ်ခံကားဆုဆိုပြီး လေးမျိုးခွဲပေးလေ့ရှိပါတယ်။ ဒီဆုတွေကို  U.S မှာ တင်သွင်းရောင်းချတဲ့ ကားအမျိုးအစားတွေရဲ့ အဆင့်အတန်းပေါ်မူတည်ပြီး Rating သတ်မှတ်ကာ ပျမ်းမျှအမှတ် တွက်ချက်ပေးတာဖြစ်ပါတယ်။ ပြီးတော့ လူအများရဲ့ မှတ်ချက်ပေးမှုတွေ၊ သတင်းစာပညာရှင်တွေရဲ့ ဆောင်းပါးတွေကို လေ့လာပြီးတော့ Safety ပိုင်းကောင်းမွန်ပြီး တကယ်ဖြစ်ပျက်နေတဲ့ အချက်အလက်တွေကို ပေါင်းစပ်ပြီး ဒီဆုကို ပေးတာလည်း ဖြစ်ပါတယ်။ ဒီဆုက အမေရိကန်မှာလည်း ကားထုတ်လုပ်သူတွေ အရေးထားတဲ့ ဆုတစ်ခုဖြစ်သလို သိက္ခာရှိတဲ့ဆုတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီနှစ်ထဲ ဘယ်ကားတွေ ရသွားလဲဆိုတာ ကြည့်လိုက်ကြရအောင်။



Mazda 3 (အကောင်းဆုံးကားအမျိုးအစားဆု)

The U.S. News Best Vehicle Brand Awards ဆုတွေထဲက အကောင်းဆုံး ကားအမျိုးအစားဆုကို ဆွတ်ခူးခဲ့တာက Mazda က ရှိခဲ့ပါတယ်။ Mazda ကထုတ်တဲ့ Mazda 3 နဲ့ Mazda 6 ဆိုတဲ့ ကားလေးတွေက ရရှိခဲ့တာပဲဖြစ်ပါတယ်။ Mazda 3 မှာဆိုရင် ဒိုင်းနမိုက်လို မောင်းရတဲ့ အရသာ၊ ကားအပြင်အဆင်နဲ့ လိုက်လျောညီထွေမှုရှိတဲ့ ထိုင်ခုံတွေ၊ အသုံးပြုသူတွေ တတ်ကျွမ်းလွယ်တဲ့ နည်းပညာတွေနဲ့ အဆင့်မြင့်အိမ်လေးလို ဒီဇိုင်းအပါအဝင် သင့်တင့်မျှတတဲ့ ဈေးနှုန်းတွေကြောင့် ဒီဆုလေးကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီကားလေးက သက်သောင့်သက်သာဖြစ်မှုနဲ့ ဆီစားနှုန်းတွေကြောင့် Highway အတွက် ဝယ်ယူမှု အနည်းငယ်သာရှိတဲ့ ကားလေးဖြစ်ပေမယ့် Sport လို ကားမျိုးဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါး မောင်းနှင် စီးနင်းလိုသူတွေ အကြိုက်တွေ့ကားလေးဖြစ်ပါတယ်။ ဒီကားလေးရဲ့ နည်းပညာပိုင်းမှာဆိုရင် ထုတ်လုပ်ထားရာမှာ အစပ်ရာတွေမရှိခြင်း၊ ကားတွင်း Infotainment ချိတ်ဆက်မှုတွေမှာဆိုရင် ကိုယ်ကားပေါ်တက်လိုက်တာနဲ့ အလိုလိုသိနိုင်တဲ့စနစ်တွေ၊ Touch Screen လို အရာမျိုးတွေ ထည့်သွင်းပေးထားပါတယ်။ ပြီးတော့ Mazda 3 ကို Hatchback အမျိုးအစားအနေနဲ့လည်း အသုံးပြုနိုင်သလို SUV အမျိုးအစားလိုလည်း ကျယ်ဝန်းတဲ့ ကားအတွင်းခန်းပါဝင်ပါတယ်။



Mazda 6 (Best Car Brand)

နောက်ထပ် အကောင်းဆုံးကား အမျိုးအစားဆုကို ထပ်ရသွားတာလည်း Mazda က ထုတ်တဲ့ Mazda 6 ကားလေးဖြစ်ပါတယ်။ ဒီကားလေးက Mazda 3 နဲ့ တော်တော်လေးတူတဲ့ ကားလေးပါ။ ဒီကားလေးကို မှတ်ချက်ပေးကြတာက ဆီစားနှုန်း သက်သာတာ၊ ထိန်းချုပ်ရတာ ပေါ့ပါးသွက်လက်တာနဲ့ ကောင်းမွန်တဲ့ နည်းပညာပိုင်းတွေကို ထောက်ခံကြပေမယ့် Midsize Car တွေထဲမှာ စီးနင်းသူတွေရဲ့ နေရာက အရမ်းကျဉ်းလွန်းနေတာတွေကို ထောက်ပြထားပါတယ်။ ဒါပေမဲ့ ဒီကားလေးရဲ့ Rating က အလွန်ကောင်းမွန်တဲ့ အဆင့်မှာရှိနေပါတယ်။ Mazda 3 နဲ့ Mazda 6 ကားပရိသတ်တွေဟာ အပေါ်က ထောက်ပြခဲ့တဲ့ နေရာကျဉ်းတာဟာ အဓိကမဟုတ်ဘူးလို့ဆိုကြပြီး ဒီကားလေးတွေကို Mazda ရဲ့ အလွန်ကျော်ကြားတဲ့ MX-5 Miata နဲ့ နှိုင်းယှဉ်ကြပါတယ်။ MX-5 Miata က Sport ကားတွေထဲ အရောင်းရဆုံးကား စာရင်းမှ ချိတ်ထားသလို ဒီကားလေးဟာ ပေါ့ပါးပြီး လျင်မြန်သွက်လက်တယ်။ တခြား Sport ကားတွေလို မဟုတ်ဘဲ ယာဉ်မောင်းနဲ့ လမ်းကို ချိတ်ဆက်ပေးအား ကောင်းလွန်းတယ်လို့ ထောက်ခံထားကြပါတယ်။

ဒီကားလေးကို ထိပ်ဆုံးက တွန်းပို့စေခဲ့တာက အသုံးပြုသူကို ယုံကြည်မှုရစေတာ၊ စရိတ်စက မများတာ၊ ကားနဲ့လူသဟဇာတဖြစ်တာ၊ မြို့တွင်းမှာဆို ဆီတစ်ဂါလန်ကို ၂၆ မိုင်အထိမောင်းနိုင်တာ၊ Highway ဆိုရင် ဆီတစ်ဂါလန်ကို ၃၅ မိုင်အထိ မောင်းနိုင်တာတွေ ဖြစ်ပါတယ်။ ဒါ့အပြင်ခေတ်မီတဲ့ Safety Feature တွေ၊ Blind Spot Monitoring၊ မောင်းနေရင်း အရှေ့ကဖြတ်သွားတဲ့ အရာတွေကို အာရုံခံသတိပေးမယ့် Rear Cross Traffic Alert စနစ်၊ Departure Warning စနစ်တွေ ထည့်သွင်းထားပါတယ်။



Honda (အကောင်းဆုံး SUV ကားဆု)

နောက်တစ်စီးကလည်း ဂျပန်အခြေစိုက်ထုတ်လုပ်တဲ့ Honda ကပဲ ရရှိခဲ့ပါတယ်။ အဲဒီဆုကတော့ အကောင်းဆုံး SUV ကားဆုပဲ ဖြစ်ပါတယ်။ SUV ကားအမျိုးအစားတွေကို လူကြိုက်များတဲ့ အမျိုးအစားတွေဖြစ်တဲ့အလျောက် Honda ကထုတ်တဲ့ SUV Type တွေဟာလည်း ကောင်းမွန်တဲ့ ကားတွေဖြစ်ပါတယ်။ CR-V၊ HR-V နဲ့ Pilot တို့လို ကားတွေဟာ တကယ်ကောင်းမွန်တဲ့ ထိပ်တန်းကားတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီလိုအကောင်းဆုံးဆုကို ရရှိစေခဲ့တာ ဖြစ်ပါတယ်။

HR-V ဟာ Money ရဲ့ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး Subcompact ကားဆု၊ CR-V က အကောင်းဆုံး SUV ကားဆုနဲ့ မိသားစုအတွက် အကောင်းဆုံး Compact SUV ကားဆုကို ရခဲ့သလို Pilot ကားအမျိုးအစားလည်း အကောင်းဆုံး မိသားစုစီး SUV ကားအမျိုးအစားဆုအတွက် နောက်ဆုံး ၃ စီးစာရင်းအထိရောက်ရှိခဲ့ပါတယ်။ Honda ကားအားလုံးဟာ စီးနင်းရတာ ချောမွေ့ ညင်သာခြင်း၊ အလွယ်တကူထိန်းချုပ်မောင်း နှင်နိုင်ခြင်း၊ ခရီးသည်များများ စီးနင်းနိုင်သလို၊ ပစ္စည်း များများတင်နိုင်ခြင်းတွေကြောင့် ကျော်ကြားပါတယ်။



Ford (အကောင်းဆုံးထရပ်ကားဆု)

အားလုံးလည်း ဒီ Brand ရဲ့ ရောင်းချနိုင်မှုတွေကို သိပြီးသားဖြစ်ပေမယ့် ဒီလေးနှစ်အတွင်းမှာ အကောင်းဆုံး ထရပ်ကားအမျိုးအစားတွေ ထုတ်လုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ Ford က ထုတ်တဲ့ F-150  ကားလေးတွေဟာ နှစ်တိုင်းလိုလို ကားဆုတွေကို သိမ်းပိုက်ထားပါတယ်။ ဒီကားလေးမှာ ကားဆွဲတဲ့နေရာ ကောင်းမွန်တာ၊ ခံနိုင်ဝန်အားကောင်းတာ၊ ဆီစားနှုန်း သက်သာကောင်းမွန်တာတွေဆိုတဲ့ အားသာချက်တွေ ရှိနေပါတယ်။ F-150 အကြောင်းမပြောခင် Ford က ထုတ်တဲ့ တခြား Pick-up ကားတွေအကြောင်း လေ့လာသင့်ပါတယ်။ Ford က ရှစ်နှစ်လောက် Pick-up Ranger တွေ ပျောက်နေတာကနေ ပြန်လည်ထုတ်လုပ်လာတဲ့ ကားအမျိုးအစားလေးဖြစ်ပါတယ်။ Ranger တွေကို Turbocharged ဆလင်ဒါလေးလုံးတပ် အင်ဂျင်၊ Safety ပိုင်း ကောင်းကောင်း၊ Automatic Emergency Braking စနစ်တွေနဲ့ ထုတ်လုပ်ကြပါတယ်။ 

F-150  ရဲ့ The King Ranch trim တစ်စီးကို အမေရိကန်ဒေါ်လာ ခြောက်သောင်းအထက်မှာ ရှိပါတယ်။ ဒီကားဟာ Ram 1500 ကားအမျိုးအစားရဲ့ ဈေးအောက်လျော့တဲ့ တစ်စီးတည်းသော ကားဖြစ်ပါတယ်။ F-150 မှာ အဆင့်မြင့်အရှေ့ကင်မရာနဲ့ အကူ ဒိုင်းနမိုက် ကားဆွဲစနစ်တွေ ပါဝင်ပါတယ်။ အကူဒိုင်းနမိုက် စနစ်က ဒီကားနဲ့ အခြားကားကို ဆွဲကူတဲ့နေရာမှာ လူတွေကို အထောက်အကူများစွာ ပေးတဲ့စနစ် တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင်ခေတ်မီတဲ့ Safety Feature တွေ၊ Adaptive Cruise Control၊ Blind Spot Monitoring၊ Lane Departure Warning စနစ်တွေနဲ့ ထရပ်ကားတွေရဲ့ နည်းပညာသစ်တွေကို ထည့်သွင်းထုတ်လုပ်ထားပါတယ်။



Porsche (Best Luxury Brand)

The U.S. News Best Vehicle Brand Awards ရဲ့ အကောင်းဆုံး ဇိမ်ခံကားအမျိုးအစားဆုကိုတော့ ပြင်သစ်အခြေစိုက် ကားထုတ်လုပ်တဲ့ Porsche က ရရှိသွားခဲ့တာဖြစ်ပါတယ်။ Porsche ကထုတ်တဲ့ ကားအများစုဟာ Sport နဲ့ ပြိုင်ကား သီးသန့်ထုတ်လုပ်ခဲ့ကြတာပါ။ အခုနောက်ပိုင်း Porsche ဟာ အဲဒီလိုကားတွေအပြင် SUV ကားတွေ၊ ခရီးတင်ကားတွေနဲ့ ဇိမ်ခံကားဈေးကွက်ကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ ဒီဆုကို Porsche က သိမ်းပိုက်နိုင်ခဲ့တာပါ။

Porsche ဟာ Macan နဲ့ Cayenne ဆိုတဲ့ SUV ကားအမျိုးအစားနှစ်စီးကို ထုတ်လုပ်ခဲ့ပါတယ်။ အဆင့်အတန်းမြင့်မြင့်၊ Performance ကောင်းကောင်းနဲ့ အဲဒီကားတွေကို ထုတ်လုပ်ခဲ့တာပါ။ Cayenne ကားဟာဆိုရင် အတွင်းခန်းကျယ်ကျယ်နဲ့ ထုတ်လုပ်ထားတဲ့ Midsize ကားတစ်စီးဖြစ်သလို ဒီကားလေးက လမ်းချောရော၊ လမ်းကြမ်းရော စီးနိုင်မယ့်အပြင် ဇိမ်ခံပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတာပါ။ လမ်းကြမ်းကိုမှ နေရာအရမ်းမကျယ်တဲ့ကားကို စီးချင်သူတွေအတွက် Macan လို အကောင်းစား Luxury Compact SUV ကားကို ရွေးချယ်သင့်ပါတယ်။

နောက်ထပ် Porsche ရဲ့ အလန်းစားကား တစ်စီးဖြစ်တဲ့ Porsche Panamera လေးဟာ လေးယောက်စီး၊ တံခါးလေးချပ်၊ ဝက်ဂွန်ကား အမျိုးအစားကိုမှ မြင်းကောင်ရေ ၅၅၀ နဲ့ ထုတ်လုပ်ထားပါတယ်။ Porsche ဟာ ဒီဇိုင်းအမျိုးမျိုး၊ ကားအမျိုးအစားအမျိုးမျိုး ထုတ်လုပ်ထားပေမယ့် သူတို့ရဲ့ နဂိုဗီဇ ပုံစံတွေကတော့ ပျောက်မသွားပါဘူး။ လုပ်ဆောင်ချက်တွေက အရင် Porsche ကားတွေလိုပေမယ့် အရည်အသွေးတွေကတော့ တိုးတက်လာဆဲပါပဲ။ ကမ္ဘာ့ကား ထုတ်လုပ်သူကြားမှာ Porsche ဟာ Rating ကောင်းတဲ့ စက်ရုံထဲက တစ်ရုံပါပဲ။ ကောင်းမွန်တဲ့ ယာဉ်မောင်းစနစ်၊ မော်ဒယ်လ်အားလုံးမှာ ပထမတန်းစားအတွင်း ခန်းပစ္စည်းတွေ၊ သက်သောင့်သက်သာ အဖြစ်စေဆုံးသော ထိုင်ခုံတွေနဲ့ပဲ ထုတ်လုပ်ပါတယ်။

အဲဒီနောက် Porsche ရဲ့ဈေးအနည်းဆုံးသော ပြိုင်ကားတွေဖြစ်တဲ့ Cayma နဲ့ Boxster လိုကားတွေ၊ Porsche 911 လို ဇိမ်ခံ Sport ကားတွေကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။

အဲဒါကြောင့် ၂၀၁၉ ခုနှစ်အတွက် The U.S. News Best Vehicle Brand Awards ကပေးတဲ့ Best Car Brand ဆုကို Mazda၊ Best SUV Brand ဆုကို Honda၊ Best Truck Brand ကို Ford နဲ့ Best Luxury Brand ဆုကို Porsche တို့က အသီးသီးရရှိခဲ့တာပဲဖြစ်ပါတယ်။ နောက်နှစ်၊ နောက်နှစ်တွေမှာ ဘယ်ကားတွေရဦးမလဲ စောင့်ကြည့်လိုက်ကြရအောင်။

ဟိန်းမြတ်စိုး


  • VIA