News

POST TYPE

AUTOMOBILE

Ko Moe and Sons Auto Service Center မှ ဒါရိုက်တာ ဦးကျော်ဇင်သန့်နှင့် တွေ့ဆုံခြင်း
11-Feb-2019

ကာဗွန်ချိုးဆေးခြင်း (HHO)

“ကာဗွန်ချိုးတောက်လျှောက်တက်လာတဲ့အတွက် ပထမဦးဆုံးထိခိုက်တာကတော့ ကားရဲ့ပလပ်တွေကို နံပါတ်တစ် အရင်ထိခိုက်လာမယ်”



ပြည်တွင်း၌ အသုံးပြုများလျက်ရှိလာသည့် HHO ပြုပြင်ထိန်းသိမ်းသည့်ဝန်ဆောင်မှု (ကာဗွန်ချိုးဆေးခြင်း) နှင့် ပတ်သက်သည့်အကြောင်းအရာများ၊ HHO ပြုလုပ်ခြင်းကြောင့် မိမိကားအပေါ်သက်ရောက်လာမည့် ကောင်းကျိုးနှင့် ဆိုးကျိုးများအကြောင်း Ko Moe and Sons Auto Service Center မှ ဒါရိုက်တာ ဦးကျော်ဇင်သန့်နှင့် The Voice Daily တို့ တွေ့ဆုံမေးမြန်းထားမှုများကို ဖော်ပြအပ်ပါသည်။

Voice : HHO Service အကြောင်းကို အရင်ဆုံးရှင်းပြပေးပါ။  
UKZT : အဓိကက HHO က ကားတွေကို Maintenance လုပ်တဲ့ Service ပေါ့။ ကားတွေကို ပျက်လို့ပြင်တာမဟုတ်ဘဲနဲ့ ကျွန်တော်တို့ ပြုပြင်ထိန်းသိမ်းတဲ့ အနေနဲ့ သုံးကြတာပေါ့။ ၁၉၉၆ ခုနှစ်နောက်ပိုင်းကကားတွေ အကုန်လုံးက ကွန်ပျူတာဘောက်စ်တွေပါတယ်။ အဲဒါတွေပါလာတဲ့အခါမှာ ဘာဖြစ်သွားလဲဆိုတော့ အိတ်ဇောဓာတ်ငွေ့ကို ကားထဲကိုပဲ ပြန်ဝင်တဲ့ စနစ်တစ်ခုပါလာတယ်။ အဲဒီစနစ်ပါလာတဲ့အတွက်ကားတွေမှာ သူ့ကောင်းကျိုးကြောင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်တော့ဘူး။ အိတ်ဇောဓာတ်ငွေ့ထုတ်လုပ်မှု လျော့ကျသွားတယ်။ ဒါပေမဲ့ ကားတွေဘက်မှာကျတော့ ဘာဖြစ်သွားလဲဆိုတော့ ကားတွေမှာ ကာဗွန်ချိုးတက်သွားတယ်။ ဘာလို့လဲဆိုရင် အိတ်ဇောဓာတ်ငွေ့တွေက အင်ဂျင်ထဲပြန်ဝင်တဲ့အတွက်ကြောင့် ကာဗွန်ချိုးတက်ကိုတက်တယ်။ အဲဒီတော့ ကားတွေမှာ ကာဗွန်ချိုးတက်လာတဲ့အတွက် ကားတွေကို သက်တမ်းတစ်ခု အနေနဲ့ပဲ သုံးလို့ရလာတယ်။ အင်ဂျင်သက်တမ်းတစ်ခု ကြာလာရင် ချမ်းသာတဲ့ နိုင်ငံတွေမှာတော့ ကားလဲလိုက်တာပေါ့။ အသစ်လဲလိုက်တယ်။ ကျွန်တော်တို့ဆီမှာကျတော့ သက်တမ်းကြာနေတဲ့ ကားတွေက များတယ်။ နောက်တစ်ခုရှိတာကျတော့ ဒီစနစ်သည် ကီလို သုံးသောင်းအထက်ဆိုတာနဲ့ ကားအတွက် ဆိုးကျိုး တစ်ခုစဝင်ပြီ။ ကီလိုသုံးသောင်းကျော်ပြီဆိုရင် ကာဗွန်ချိုးစဖြစ်ပြီပေါ့။ အင်ဂျင်ရဲ့ လုပ်ဆောင်နိုင်စွမ်းက အဲဒီလို အချိန်မှာ စကျလာပြီ။ ကားတွေရဲ့ အင်ဂျင်လုပ်ဆောင်နိုင်စွမ်းက ကားသုံးတဲ့ သက်တမ်းကြာတာနဲ့အမျှ တဖြည်းဖြည်းချင်းကျလာတယ်ပေါ့။ အဲဒီလိုအချိန်မှာ ပြုပြင်ထိန်းသိမ်းဖို့တစ်ခုအနေနဲ့ ဒီ HHO ကို လုပ်တာပေါ့။ 

Voice : HHO လုပ်တဲ့အတွက်ကားက ဘာတွေကောင်းလာမလဲ။
UKZT : ကာဗွန်ချိုးတောက်လျှောက်တက်လာတဲ့ အတွက် ပထမဦးဆုံး ထိခိုက်တာကတော့ ကားရဲ့ ပလပ်တွေကို နံပါတ်တစ် အရင်ထိခိုက်လာမယ်။ နောက်အင်ဂျင်ရဲ့ ပါဝါကျမယ်၊။ နောက်တစ်ခုက အင်ဂျင်ထဲကို လေစီးဝင်နှုန်း လျော့ကျသွားမယ်။ အဲဒါတွေကြောင့် မီးပေါက်ကွဲမှုနှုန်း နည်းသွားမယ်။ အဲဒီတော့ ကာဗွန်ချိုးတွေတက်လာတဲ့အတွက် အဓိကက လေးမျိုးပေါ့။ ပလပ်ကို ထိခိုက်တယ်။ လေစီးဝင်နှုန်းကို ထိခိုက်တယ်။ အင်ဂျင်ပါဝါကို ထိခိုက်တယ်။ နောက်ပြီးတော့ အင်ဂျင်လည်ပတ်ဖို့ ချောမွေ့အောင်လုပ်ပေးတဲ့ စနစ်ကို ထိခိုက်ပါတယ်။ ဒီ HHO လုပ်လိုက်တဲ့အတွက် အင်ဂျင်ပါဝါတက်သွားပြီးတော့ ဒီအင်ဂျင်က လိုအပ်တဲ့ပါဝါကို ရရှိသွားတယ်။ ပုံမှန်ခြောက်လလောက်ခံတဲ့ ပလပ်က ရှစ်လ၊ ဆယ်လလောက် မကျမချင်း သုံးလို့ရတယ်။ နောက်တစ်ခုကျတော့ ကားအဆွဲအရုန်း၊ ကားပိုင်ရှင်တွေရော ကျွန်တော်တို့ ဝပ်ရှော့တွေမှာရော ကြုံတွေ့ရတာက ကားမောင်းရင်းနဲ့ ကားက ခြောက်လလောက်ကြာရင် ကားက လေးသွားရော။ ကားက အဆွဲအရုန်းမကောင်းတော့ဘူး။ မကောင်းတော့တဲ့အခါမှာ ဘာတွေလုပ်ကြလဲဆိုတော့ ဝပ်ရှော့ကိုထိုးတယ်။ ဟောပလပ်လေးစစ်ပေးပါဦးဆိုပြီးတော့ ပလပ်လဲတယ်။ ပလပ်လဲပေမယ့်လည်း ပလပ်လဲတုန်းခဏပဲ။ ကားက အဆွဲအရုန်းကောင်းလာတယ်။ နောက်ပိုင်းပြန်ကျသွားရော။ အဲဒီတော့ ဘာဖြစ်မှန်းမသိဘူး။ ကျွန်တော်တို့ဆီရှိတဲ့ စက်ကကျတော့ တစ်ခါလုပ်ပြီး ကီလိုတစ်သောင်းနှစ်ထောင်လောက် သက်တမ်းအတွင်း ရေရှည်ကားအဆွဲအရုန်းကို ထိန်းပေးထားတယ်။ ကားအဆွဲအရုန်း နှစ်သက်တဲ့သူတွေ အတွက်ကတော့ HHO က အထူးသင့်လျော်တယ်။ တချို့ ကျွန်တော်တို့ဆီ လာလုပ်သွားတဲ့သူတွေဆီက ပြန်ကြားရတာက ပြင်ဦးလွင်လမ်းတွေ၊ တောင်ကြီး လမ်းတွေ သွားတဲ့အခါမှာ ဒါလုပ်သွားတဲ့အတွက် သွားလို့ မောင်းလို့ကောင်းတယ်လို့ သူတို့ပြန်ပြော တာတွေ ကြားရတယ်။

Voice : HHO ကို ခဏခဏ လုပ်ရင် ကားအပေါ်ကို ထိခိုက်လာနိုင်လား။
UKZT : ဒီမေးခွန်းကိုပဲ ကျွန်တော်ဒီစက်ထုတ်လုပ်တဲ့ ကုမ္ပဏီကို မေးခဲ့ဖူးတယ်။ ကျွန်တော်တို့ရဲ့ User တွေကို ဆိုးကျိုးဖြစ်စေမှာ စိုးတဲ့အတွက်ကြောင့်ပေါ့နော်။ သူတို့ဘက်က ဘာပြန်ပြောလဲဆိုရင် ကျွန်တော်တို့ ဒီမှာသုံးတဲ့ Nano ဆေးရည်မှာ ဘောလ်ရစ်ဆိုတဲ့ ဓာတ်တစ်မျိုးပါတယ်။ အဲဒီဓာတ်က အင်ဂျင်ထဲကို ရောက်သွားတဲ့အချိန်မှာ မီးအပူချိန်နဲ့ သံသားအသစ် ပြန်ဖြစ်စေတယ်။ HHO သည် မီးအပူချိန်ပြင်းတဲ့အတွက်ကြောင့် သံသားတွေကို စားသွားတယ်။ ရေရှည် ခဏခဏဆေးမယ်ဆိုရင် အင်ဂျင်သည် ရိန်းဟာတာတို့ ဘားပျော်သွားတာတို့ ကောက်သွားတာတို့ ဖြစ်နိုင်တယ်။ အဲဒီဆိုးကျိုးကို ကာကွယ်ပေးတဲ့ ဒီ Nano ဆေးရည်ရဲ့ ဘောလ်ရစ်ဆိုတဲ့ ဓာတ်လေးသည် အင်ဂျင်ထဲကို ရောက်သွားတဲ့ အခါမှာကိုပဲ သံသားပြန်ဖြစ်သွားပြီးတော့ သံသားကို အသစ်ပြန်ပြန်ဖြစ်အောင်လုပ်ပေးတယ်။ အင်ဂျင်ထဲမှာ ပွန်းစားနေတဲ့ သံသားနေရာလေးတွေကို သူက သံသားပြန်ဖြည့်ပေးတယ်ပေါ့။ ကုမ္ပဏီရဲ့ အပြောအရပေါ့။ ဒီ HHO မှာ ဆိုးကျိုးမရှိဘူးလားဆိုတော့ ဆိုးကျိုးရှိတယ်။ ဒါပေမဲ့ အဲဒီဆိုးကျိုးကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်တာက Nano ဆေးရည်လေးက ကာကွယ်ပေးနိုင်တယ်။ အဲဒီတော့ HHO မိနစ် ၂၀ လုပ်တိုင်း ဒီ Nano ဆေးရည် တစ်ဘူးသုံးပေးတယ်။ အဲဒီဆေးရည်သည် အင်ဂျင်ထဲမှာ လည်ပတ်နေသရွှေ့ အင်ဂျင်သက်တမ်းကို ကြာရှည်စေတယ်၊ အင်ဂျင်ရဲ့ မီးပေါက်ကွဲအားတွေကိုလည်း ထိန်းညှိပေးတယ်။

Voice : HHO လုပ်ပြီးရင် အင်ဂျင်အပြင် ကားရဲ့တခြားအစိတ်အပိုင်းအပေါ်ရော အကျိုးသက်ရောက်မှုရှိစေလား။
UKZT : အဓိကက သူ့ကိုသုံးလိုက်ရင် ထူးခြားတာကတော့ လေးချက်ရှိတယ်ပေါ့။ အင်ဂျင်ပါဝါ ၂၀ ရာခိုင်နှုန်းလောက် တက်သွားမယ်။ ဒါကတော့ HHO စက်ထုတ်ထားတဲ့ ကုမ္ပဏီက သုတေသနလုပ်ထားတဲ့ စစ်တမ်းတွေအရပေါ့။ ကားအဆွဲအရုန်းကောင်းသွားမယ်။ ကျွန်တော်တို့ဆီ လာလုပ်တဲ့ကားတွေဆိုရင် လက်တွေ့စမ်းသပ်ပြတာတွေ လုပ်ပေးတယ်။ နောက်တစ်ခုက ကာဗွန်ချိုးတွေ အိတ်ဇောထဲက ထွက်သွားတယ်။ နောက်သိသာတဲ့အချက်က အင်ဂျင်သံ သိသိသာသာ ငြိမ်သွားတယ်။ မဆေးရသေးခင် ဝင်လာတဲ့အချိန်မှာ အင်ဂျင်က ခါနေတာတို့၊ ဆူနေတာတို့ အသံတွေကြားရတယ်။ ဒါပေမဲ့ ဆေးပြီးသွားတဲ့အချိန်မှာ အင်ဂျင်သံငြိမ်သွားတယ်။ နောက် ECU ထဲက အောက်ဆီဂျင်ဆင်ဆာတိုင်းတဲ့နှုန်းတွေ အားကောင်းသွားတယ်။ နောက်တစ်ခုက ဆီစားနှုန်းလည်း သိသိသာသာ လျော့သွားတယ်။ ဆီစားနှုန်းကို တိုင်းတာချက်တွေအရဆိုရင် ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်း လောက်အထိ လျော့ကျသွားပါတယ်။ 

Voice : နောက်ထပ်ဖြည့်စွက်ပြောချင်တာများ ရှိသေးလား။
UKZT : HHO Service ကို အဓိကကတော့ ကီလိုသုံးသောင်းပြည့်ပြီးတဲ့ကားတိုင်း သုံးသင့်ပါတယ်။ ဒါပေမဲ့ တချို့ကျတော့လည်း ကားက ဆွဲနေတုန်းပဲဆိုလို့ မသုံးချင်သေးဘူးဆိုရင်လည်း မသုံးလည်းရပါသေးတယ်။ တစ်ခုရှိတာက ကားအဆွဲအရုန်းလေးနေပြီ၊ ကားမီးသံခေါက်နေပြီ၊ အိတ်ဇောတွေ တအားများနေပြီဆိုရင် မီးခိုးတွေတအားများနေပြီဆိုရင်တော့ သုံးသင့်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ အင်ဂျင်သံ ဆူညံနေပြီ အင်ဂျင်သံကြမ်းနေပြီလို့ ခံစားရရင်တော့ သုံးသင့်ပါတယ်။ 

Voice : အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

အောင်သီဟ