POST TYPE

AUTOMOBILE

Ko Moe and Sons' Car Service Center ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးကိုမိုးနှင့်တွေ့ဆုံခြင်း
04-Feb-2019

လေစစ်နှင့် ဆီစစ် 

“အခုနောက်ပိုင်းကားတွေက ပုံမှန်ပြုပြင်ထိန်းသိမ်းတာကို လုပ်ကိုလုပ်ပေးရမယ့် ကားတွေဖြစ်တယ်”
Ko Moe and Sons' Car Service Center ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးကိုမိုးနှင့်တွေ့ဆုံခြင်း

ကားတစ်စီး၏ လေစစ်နှင့် ဆီစစ်များ ချို့ယွင်းလာပါက ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာများ၊ လေစစ်နှင့် ဆီစစ်များ၏ အရေးကြီးပုံများနှင့် ပြုပြင်စစ်ဆေးရမည့် အခြေအနေများကို Ko Moe and Sons' Car Service Center မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးကိုမိုးနှင့် The Voice Daily က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

Voice : ကားတွေရဲ့ လေစစ် (Air Filter) တွေ မကောင်းရင် ဘာတွေဖြစ်မလဲ။
UKM : ကားတစ်စီးအတွက် လေစစ် (Air Filter) က အဓိကကျပါတယ်။ အခုနောက်ပိုင်းခေတ် ကားတွေမှာက ကွန်ပျူတာဘောက်စ် (ECU) က လေစီးဝင်နှုန်းကို တိုင်းတဲ့နေရာမှာ လေအချိုး၊ ဆီအချိုးကို တိုင်းပြီးတော့မှ ECU ကနေ မျှတတဲ့ဆီကို လွှတ်ပေးမယ်။ မီးတိုင်ပင်မျှတအောင် သူလုပ်ပေးမယ်။ အဲဒီတော့ လေစီးဝင်နှုန်းအတွက် လေစစ်တာ မကောင်းခဲ့ရင် ဒီလေစီးဝင်နှုန်းက မမှန်နိုင်ဘူး။ လေစစ်ရဲ့ နောက်မှာက လေစီးဝင်နှုန်းကို တိုင်းတာဖို့အတွက် လေတိုင်းတဲ့ ဆင်ဆာလေးက လေစီးဝင်နှုန်းကို ECU ကို ပို့ပေးတယ်။ ဒီလေစစ်တစ်ခုကသာ မကောင်းခဲ့ရင် အခု လေစစ်တွေ အသစ်သစ်တွေဆိုပေမယ့် လေစစ်တွေရဲ့ စစ်မှုနှုန်း မမှန်ကြဘူး။ လေတွေက ဒလဟောဝင်သွားတဲ့ အခြေအနေရယ်၊ လေစစ်ကမကောင်းတော့လို့ ပိတ်သွားပြီဆိုရင်လည်း လေစီးဝင်နှုန်းနည်းသွားတဲ့ အခြေအနေရှိတယ်။ ဝင်လာတာ နည်းတယ်ဆိုရင် ECU က နည်းတဲ့နှုန်းကိုဖတ်ထားတယ်။ အဲဒီလိုဖတ်ပြီးတော့ အဲဒီနှုန်းနဲ့ကိုက်ညီတဲ့ ဆီအချိုးကို ပြန်လွှတ်ပေးတယ်။ အဲဒီတော့ လေနည်းရင် ဆီလွှတ်ပေးတာ နည်းမယ်။ လေများရင် ဆီလွှတ်ပေးတာများမယ်။ လေစစ်မကောင်းတော့ဘူးဆိုရင် ဆီတွေပိုစားလာမယ်။ ကားအဆွဲအရုန်းတွေ ကျလာမယ်။ အောက်တိန်းတွေ များသွားတဲ့ အခါကျရင် ကာဗွန်ချိုး(ဂျိုး)တွေ မီးလောင်ခန်းထဲမှာ ကာဗွန်ချိုးတွေ တက်သွားမယ်။ ကာဗွန်ချိုးတွေတက်တဲ့အတွက် ဘားတွေမှာ ချိုးတွေကပ်မယ်။ ချိုးကပ်တဲ့အတွက် ဘားတွေဟမယ်။ အဲဒီတော့နောက်ဆက်တွဲက အင်ဂျင်လုပ်ဆောင်နိုင်စွမ်းကျလာမယ်။ အင်ဂျင်လုပ်ဆောင်နိုင်စွမ်းကျပြီဆိုရင် ခုံးအတက်တွေလေးမယ်၊ ကားအဆွဲနှုန်းတွေကျမယ်၊ အင်ဂျင်အပူချိန်တွေ တက်လာမယ်။ 

Voice : ဒီလေစစ်တွေကို ပြုပြင်စစ်ဆေးရမယ့် အပိုင်းလေး ရှင်းပြပေးပါဦး။
UKM : ကားတိုင်းမှာ ဘောနက်ဖုံးဖွင့်လိုက်တာနဲ့ ရေးထားပေးတယ်။ ကီလိုငါးထောင်ဆိုရင် လဲပေးသင့်ပါတယ်။ ကားအမျိုးအစားတွေပေါ် မူတည်ပြီး ကီလိုအလိုက်လေးတွေ ရေးပေးထားတယ်။ တချို့ သူ့ကီလိုသုံးပြီးတာတောင် မလဲဘဲထားကြတယ်။ ကိုယ်သုံးတာ ကီလိုပြည့်ပြီလား မပြည့်သေးဘူးလားဆိုတာ စစ်ဆေးသင့်တယ်။ ကီလိုငါးထောင်မပြည့်ခင် ကီလိုနှစ်ထောင့်ငါးရာမှာ သန့်ရှင်းရေးလုပ်ပေးသင့်တယ်။ ငါးထောင်မှာတစ်ခါ လဲပေးသင့်တယ်။ ကိုယ့်ကား အဆွဲအရုန်းကျလာပြီ၊ ဆီစားလာပြီဆိုရင်တော့ ဒီလေစစ်ကို အဓိကထားပြီးကြည့်ရမယ်။ လေစစ်ဆိုတာ လူတွေဆိုရင် နှာခေါင်းပေါက်လိုပဲ သူ့လမ်းကြောင်းတစ်ခု မရှင်းတော့ဘူးဆိုရင် ECU ကလည်း ဆုံးဖြတ်ချက်တွေကလည်း အကုန်လွဲကုန်မယ်။ ကားတွေရဲ့ အောက်ဆီဂျင်ဆင်ဆာက ဝင်လာတဲ့ လေရော ထွက်သွားတဲ့လေရောကို အကုန်တိုင်းပေးတာ။ အဲဒီတော့ ကားတစ်စီးအတွက် လေက အဓိကကျတယ်။ ဒီလေသာ အချိုးအစားမမှန်ဘူးဆိုရင် ကားလည်းလေအချိုးအစား မမှန်တော့ဘူး။ အဲဒီတော့ ကားတွေအင်ဂျင်ကျသွားတာ ဘာကြောင့်လဲ၊ လေဟာ သွားလို့လေ။ ပစ်စတင်ရိန်းတွေ ဟာသွားမယ်၊ လေဟာတာ ဘားတွေဟာသွားမယ်။ လေဟာ ကားအတွက် အရေးကြီးတယ်။ လေစစ်တွေကို အမှတ်တံဆိပ် ကောင်းကောင်းကို သုံးပါ၊ သူ့အမှတ်တံဆိပ်အလိုက် သုံးပါ။ ဒီလေစစ်ပဲ ဆိုက်တူရင်ပြီးရောဆိုပြီး မသုံးပါနဲ့။ နောက် ကီလိုမီတာ ဘယ်လောက်ခံလဲ ဆိုတာပါပြီးသားပါ။ 

Voice : ကားဆိုတာကတော့ ချက်ချင်းကြီးပျက်တာမျိုး မဟုတ်ပေမယ့် ဒီလိုမျိုး မကောင်းတဲ့ဟာတွေကို ထပ်ကာထပ်ကာ သုံးထားတဲ့ကားက ဘာတွေဆက်ဖြစ်လာနိုင်လဲ။
UKM : ဒီလေစစ်တွေ မကောင်းတဲ့အတွက် ဆီတွေ အရမ်း များလာမှာဖြစ်တဲ့အတွက် ကာဗွန်ချိုးတွေ တက်လာမယ်။ ကာဗွန်ချိုးတွေကြောင့် အင်ဂျင်ဟာ သွားမယ်၊ အင်ဂျင်ကျလာပြီး သက်တမ်းတိုသွားမယ်။ ပလပ်တွေ ခဏခဏလဲနေရမယ်။ အင်ဂျင်အပူချိန်တွေ တက်လာမယ်။ အင်ဂျင်အပူချိန်တက်ခြင်းကြောင့် ကားမှာ အန္တရာယ်ရှိသွားပြီ။ တချို့ကားတွေမှာက အပူချိန်လွန်ကဲလာပြီဆိုရင် ECU က ဖျက်ချပေးတယ်။ တချို့ကားတွေမှာက ဖျက်ချမပေးဘူး။ အဲဒီတော့ Probox တွေရဲ့ ECU က ဖျက်ချမပေးတဲ့အတွက် မီးထလောင်တယ်။ အဲဒါဘာကြောင့်လဲဆိုရင် သူတို့ မမှန်တဲ့အင်ဂျင်ဝိုင်တွေကို သုံးထားတယ်၊ မမှန်တဲ့ ပလပ်တွေကို သုံးထားတယ်။ နောက် လေစစ်တွေကို ပုံမှန်လဲမပေးဘူး။ ကားကို ပုံမှန်ပြုပြင်ထိန်းသိမ်းမှုတွေ မလုပ်ပေးဘူး။ အခုနောက်ပိုင်းကားတွေက ပုံမှန် ပြုပြင်ထိန်းသိမ်းတာကို လုပ်ကိုလုပ်ပေးရမယ့် ကားတွေဖြစ်တယ်။ အရင်ကားတွေနဲ့က ဆီနဲ့ရေလို ကွာခြားသွားပြီ။ နောက်တစ်ခုက နည်းပညာပိုင်းနဲ့ကို ပြုပြင်စစ်ဆေးမှုတွေ လုပ်ပေးရပါမယ်။ အခုဆိုရင် ပြင်တဲ့သူတွေကလည်း ရမ်းပြင်လို့မရတော့ဘူး။ 

Voice : နောက်တစ်ခုက ဆီစစ်ပေါ့၊ သူမကောင်းတော့ဘူးဆိုရင်ရော ဘာပြဿနာတွေဖြစ်လာနိုင်လဲ။
UKM : ဆီစစ်မကောင်းဘူးဆိုရင် ကားတုံ့ဆိုင်းသွားမယ်။ ကားလေးသွားမယ်။ ကားအင်ဂျင် နှိုးရခက်လာမယ်။ ကားနှိုးရခက်လာပြီး ကားက တွန့်ဆုတ်တွန့်ဆုတ် ဖြစ်လာတဲ့အတွက် ကားတစ်စီးလုံးကို အများကြီးနာသွားမယ်။ အင်ဂျင်တွေ ထိခိုက်မှုရှိမယ်။ ဂီယာ ထိခိုက်မှုရှိတယ်။ အောက်ပိုင်းအစိတ်အပိုင်းတွေ ထိခိုက်မှုရှိတယ်။ မောင်းသူအန္တရာယ်ရှိနိုင်ပါတယ်။ တုံ့ခနဲနဲ့ ကားလမ်းလယ်ကောင်မှာ ထိုးရပ်သွားနိုင်တယ်။ ဆီစစ်ရဲ့အရှေ့မှာက ပန့်မော်တာလေးခံထားတယ်။ အဲဒီမော်တာလေးက ရုတ်တရက်ဆီမဆွဲတော့ဘူးဆိုရင် အင်ဂျက်တာကို ဆီမရောက်တော့ဘူး။ အင်ဂျက်တာကို ဆီမရောက်တာနဲ့ အင်ဂျင်အလုပ်လုပ်တာကို ရပ်ပစ်လိုက်မှာပဲ။ အဲဒီလိုဖြစ်တဲ့အချိန်က ကားရှင်းတဲ့နေရာမျိုးက ပြဿနာမရှိဘူး။ သွားနေရင်း လမ်းဖြတ်မယ့် ကူးမယ့်အခါမျိုးမှာ ဒီလိုနင်းလို့မပါတော့ဘူးဆိုရင် ကားအတွက်ရော၊ လူအတွက်ရော အန္တရာယ်ရှိတယ်။ ဒီဆီစစ်ကိုတော့ ကီလိုနှစ်သောင်းခွဲ တစ်ခါလောက်တော့ စစ်ဆေးသင့်တယ်။ လဲပြီဆိုရင် တစ်ခါတည်း လဲလိုက်မယ်ဆိုရင် အင်ဂျင်လည်း သက်တမ်းပိုရှည်မယ်။ လေစစ်လိုဟာမျိုး မကောင်းတာက ကားကို လေးပဲလေးစေတာ။ သူကတော့ ကားကို လုံးဝရပ်ပစ်လိုက်နိုင်တယ်။ ဟိုင်းဝေးသွားနေရင်လည်း လုံးဝနှိုးလို့မရတော့တဲ့ အခြေအနေမျိုး ဖြစ်သွားနိုင်တယ်။ 

Voice : အကြံပြုဖြည့်စွက်ပြောချင်တာများ ရှိသေးလား။ 
UKM : ကားကိုပြုပြင်ထိန်းသိမ်းဖို့ စစ်ဆေးတဲ့နေရာမှာ ကွန်ပျူတာစနစ်နဲ့ကို သေချာစစ်ဆေးသင့်တယ်။ အင်ဂျင်ဝိုင်တစ်ခါ လဲတိုင်းလဲတိုင်းမှာ ကွန်ပျူတာထိုးပြီး စစ်ဆေးသင့်တယ်။ မိမိကားရဲ့ Life ဒေတာကို စစ်ဆေးသင့်တယ်။ ကျွန်တော်တို့ဆီမှာကတော့ Life ဒေတာရော၊ အော်တိုဒေတာရော အကုန်ထုတ်ပေးလိုက်တယ်။ အော်တိုဒေတာဆိုတာ သူဘာပလပ်သုံးရမလဲ၊ ဘာအော်တိုဆီသုံးရမလဲ၊ ဘာကူးလန့်သုံးရမလဲ၊ ဘာဘက်ထရီသုံးမလဲ၊ တာယာလေပေါင် ဘယ်လောက်ထားရမလဲဆိုတဲ့ စာရွက်ပါ တစ်ခါတည်း ထုတ်ပေးလိုက်တယ်။

Voice : အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

အောင်သီဟ