News

POST TYPE

AUTOMOBILE

Desire Autoworks Car Service မှ ဦးစောကျော်ကျော်အေးနှင့် တွေ့ဆုံခြင်း
28-Jan-2019



ကားမောင်းသူများ၏ အလေ့အကျင့်အမှားများ

“အချိန်အတိုင်းအတာတစ်ခုကြာရင်တော့ ကားရဲ့ဆိုင်ရာအစိတ်အပိုင်းတွေကို လာထိမှာလေ”

ကားမောင်းသူများ သတိမထားမိကာ လုပ်လေ့လုပ်ထရှိသည့် အလေ့အကျင့်များအကြောင်း၊ ယင်းတို့ကြောင့် ကား၏အစိတ်အပိုင်းများ မည်သို့မည်ပုံ ထိခိုက်ခြင်းများနှင့် ကားကို ကိုယ်ကိုယ်တိုင် ပုံမှန်စစ်ဆေးမှုအကြောင်းတို့ကို Desire Autoworks Car Service မှ Training မန်နေဂျာ ဦးစောကျော်ကျော်အေးနှင့် The Voice Daily တို့ တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။ 

Voice : ကားမောင်းတဲ့သူတွေ သတိမထားမိတဲ့ အလေ့အကျင့်မှားလေးတွေရှိရင် ပြောပြပေးပါဦး။ 
USKKA : မောင်းတဲ့သူတွေကမသိတဲ့ အလေ့အကျင့် အမှားလေးတွေက အများကြီးရှိပါတယ်။ အဲဒီထဲမှာမှ ဖြစ်လေ့ဖြစ်ထရှိတဲ့ အလေ့အကျင့်တချို့ကို ပြောရမယ်ဆိုရင် ခုံးဆင်းတွေမှာ ခုံးဆင်းတွေဆိုရင် မောင်းတဲ့သူတချို့က ဘရိတ်ကိုပဲမှေးပြီး ဆင်းကြတာ များတယ်။ အမှန်တကယ်က သူကဂီယာကြီးနဲ့ ဆင်းပေးရတယ်။ နောက်တစ်ခုက အော်တိုဂီယာတိုင်ပေါ်မှာ လက်တင်ထားတဲ့ ပြဿနာရှိတယ်။ နောက်တစ်ခုက ကားကိုစက်နှိုးပြီး ချက်ချင်းထွက်တဲ့ အလေ့အကျင့်လေးတွေပေါ့။ ဒါတွေက လုပ်လေ့လုပ်ထရှိတဲ့ အလေ့အကျင့်လေးတွေပေါ့။

Voice : ခုံးဆင်းမှာ ဂီယာကြီးနဲ့မဆင်းဘဲ ဘရိတ်ကိုနင်းပြီးဆင်းရင် ဘာတွေဖြစ်လာနိုင်လဲ။
USKKA : သူက ဘရိတ်ကို ခဏခဏနင်းရတဲ့အတွက် ဘရိတ်ကပူလာမယ်၊ ဘရိတ်စားတဲ့ဟာက ပိုမြန်လာမှာပေါ့။ ဘရိတ်ရှူးလေးတွေပါးတာ မြန်လာမှာပေါ့။ ဘရိတ်က တအားပူလာတဲ့အခါကျရင် ဘရိတ်က မမိသလို ခံစားလာရနိုင်တယ်။ အဓိကကတော့ ဘရိတ်ရှူးလေးတွေသက်တမ်းပိုနည်းစေတာပေါ့။ မကြာခဏ ဘရိတ်ရှူးလေးတွေ လဲပေးနေရတာမျိုးတွေ ဖြစ်နိုင်တယ်။ သူက အချိန်မတန်ခင် ဘရိတ်ရှူးတွေ ပျက်စီးစေတာပေါ့။

Voice : နောက်တစ်ခု ဂီယာတိုင်မှာ လက်တင်ထားတဲ့ အလေ့အကျင့်ကရော ဘာဖြစ်နိုင်လဲ။
USKKA : ဒါကပုံမှန်ဆိုရင် ဂီယာတိုင်ပေါ်မှာ မတင်ထားရဘူး။ တင်ထားတော့ ဘာဖြစ်လဲဆိုရင် ဂီယာတိုင်က P၊ D၊ N အရွေ့အပြုအတွက်ပဲလေ။ အဲဒီအပေါ်မှာ လက်ကိုသွားတင်ထားလိုက်တော့ သူ့ကိုတစ်ခုခုသွားပြီး pressure သွားပေးသလို ဖြစ်နေတယ်။ ဂီယာတိုင်အောက်မှာ သူကလှုပ်ရှားတဲ့ နေရာလေးရှိတယ်။ တင်တာကြာတဲ့အခါမှာ အဲဒီလှုပ်ရှားတဲ့ နေရာလေးက ချောင်လာတတ်တဲ့ သဘာဝရှိတယ်။ တချို့ကားထုတ်တဲ့ကုမ္ပဏီတွေဆိုရင် သူတို့ရဲ့ကားစာအုပ်ထဲမှာကို ဂီယာတိုင်ပေါ်မှာ လက်မတင်နဲ့ဆိုပြီး ပြောထားတာမျိုးတွေရှိတယ်။ သူက လက်တင်ထားတဲ့အတွက် ဖိထားတဲ့သဘောမျိုး ဖြစ်နေတာပေါ့။ တချို့ ကားတွေဆိုရင် P မှာထားရင် P မရောက်ဘဲနဲ့ R နားလောက်မှ ရောက်သလိုသလို၊ R မှာထားရင် R နားမှာ မရောက်ဘဲ P နားမှာ ရောက်သလိုသလို ဖြစ်တာမျိုးရှိတယ်။ 

Voice : စက်နှိုးနှိုးပြီးချင်း ကားထွက်တာကရော ဘာဖြစ်နိုင်မလဲ။
USKKA : အင်ဂျင်စ,စနှိုးပြီးတဲ့အချိန်မှာ ခဏစောင့်ပြီးမှ ထွက်တာတော့ အကောင်းဆုံးပါပဲ။ ခဏလေးစောင့်ပြီးမှပဲ ထွက်စေချင်တယ်။ ဘာကြောင့်လဲဆိုရင် ဒါမှအင်ဂျင်ဝိုင် ကောင်းကောင်းလေးတက်လာပြီး သူ့ အော်ပရေးရှင်း အပူချိန်လေးရောက်မှ အဆင်ပြေမှာ။ ဒါကတော့ ကားကို ညအိပ်ထားပြီးမှ ပြန်နှိုးတဲ့အခါမျိုးတွေက ပိုသတိထားရမှာပေါ့။ ကားရဲ့စက်တွေ အားလုံးက ရပ်ထားပြီးတဲ့အချိန်မှာ အင်ဂျင်ထဲကို အင်ဂျင်ဝိုင်တွေ လုံလုံလောက်လောက်တက်လာဖို့ အချိန်နည်းနည်းပေးရတယ်။ အင်ဂျင်လေး နည်းနည်း ပူလာတာလေး စောင့်ပြီးတော့မှ ထွက်သင့်တယ်။ အဲဒါကလည်း အချိန်သိပ်မကြာပါဘူး။ ငါးစက္ကန့်လောက်ပါပဲ။ ကားကတော့ ဒါတွေလုပ်လို့ ချက်ချင်း ထပျက်တာတော့ မဟုတ်ပေမယ့် ဒီလိုမျိုးလုပ်တာ အချိန်အတိုင်းအတာတစ်ခုကြာရင်တော့ ကားရဲ့ဆိုင်ရာ အစိတ်အပိုင်းတွေကို လာထိမှာလေ။ 

Voice : ကားကို လမ်းကြမ်းတွေ ဥပမာ ရထားသံလမ်းမျိုးတွေကို အရှိန်မလျှော့ဘဲ ပုံမှန်အရှိန်နဲ့ ဖြတ်မောင်းမယ်ဆိုရင် ဘာတွေထိခိုက်နိုင်လဲ။ 
USKKA : ဥပမာ-တချို့က တာယာဆိုက်ကြီးတယ်ဆိုပြီး ငါ့အောက်ပိုင်းတော့ လွတ်ပါတယ်ဆိုပြီး အရှိန်သိပ်မလျှော့ဘဲ မောင်းကြတယ်ပေါ့။ သူက တာယာ ဆိုက်ကြီးထားတဲ့အတွက် ဘာကိုလာထိလဲဆိုရင် ဘီးနဲ့အပေါ်က အဖုံးလေးတွေနဲ့ နည်းနည်းနီးသွားတဲ့ သဘောရှိတယ်။ အနိမ့်အမြင့်သွားတဲ့အခါမျိုးတွေမှာ သူကကြမ်းကြမ်းချလိုက်တယ်ဆိုပါတော့၊ ဘီးအပေါ်က ကောင်ကို လာလာဆောင့်တဲ့ သဘောဖြစ်သွားတာပေါ့။ ပုံမှန်ဆိုက်နဲ့ကားတွေကျတော့ ဘယ်လောက်ပဲ ဆောင့်ဆောင့် အပေါ်ကိုမထိအောင် လွတ်တယ်ပေါ့။ ဆိုက်ကြီးထားတဲ့အတွက် အောက်ကိုတော့လွတ်တယ် ဆိုပေမယ့် အပေါ်ကအစိတ်အပိုင်းလေးတွေကို လာထိတဲ့သဘော ဖြစ်နေတယ်။ အဲဒီတော့ကြာလာရင် ကားရဲ့ဘော်ဒီကို လာလာထိနေတဲ့သဘောမျိုး ဖြစ်နေတာပေါ့။ နောက် ပုံမှန်ဆိုက်သုံးထားတဲ့ ကားတွေပေါ့၊ ကားကြမ်းတာတော့ ချိုင့်ခွက်လေးသေး သေးလေးပါဆိုပြီး အရှိန်နဲ့ ဖြတ်ကြတယ်ဆိုရင် အဲဒီတော့ ကားအောက်ပိုင်း၊ ဗိုက်မှာက အိတ်ဇော၊ အင်ဂျင်ရဲ့ အင်ဂျင်ဝိုင်ထားတဲ့ ကန်၊ နောက် ဂီယာဘောက်စ်တွေ ရှိတယ်။ အဲဒီတော့ ကြမ်းကြမ်းချလိုက်မိတဲ့အခါမျိုးတွေမှာ အင်ဂျင်အောက်ကို လာလာထိတယ်ပေါ့။ အဲဒီတော့ အောက်ပိုင်းက အင်ဂျင်ရဲ့အစိတ်အပိုင်းကိုလာထိရင် အင်ဂျင်ဝိုင်ယိုတဲ့ကိစ္စတွေ၊ အိတ်ဇောတွေပေါက်တာတွေ၊ ပိုက်တွေကွေးသွားတဲ့ ပြဿနာတွေရှိတယ်။ ဥပမာ-ရထားသံလမ်းလိုမျိုး နေရာတွေမှာ ပုံမှန်ကဖြည်းဖြည်းလေးသွားပြီးတော့ပဲ ဖြတ်သင့်တာပေါ့။

Voice : ကားကို ကိုယ်တိုင် ပုံမှန်စစ်ဆေးလို့ရတဲ့ အရာတွေ ပြောပြပေးပါဦး။ 
USKKA : ကားကို မနက်ပိုင်းထွက်ခါနီးရင် ပုံမှန်စစ်ဆေးသင့်တာတော့ ကျွန်တော်တို့ပြောနေကျပဲ၊ ဆီ၊ ရေ၊ လေ၊ ဝိုင်ပေါ့။ ဒါကို ပြောလိုက်မယ်ဆိုရင် အကုန်လုံးပါသွားတာပဲလေ။ ဒါပေမဲ့လို့ တခြားပုံမှန် စစ်ဆေးသင့်တဲ့ အရာတွေရှိပါတယ်။ ဥပမာဆိုရင် ဘက်ထရီပေါ့၊ ဒါကတော့ ကိုယ့်ဘာသာ စစ်ဆေးလို့ တော့မရဘူး။ ဝပ်ရှော့သွားပြီးတော့ ပုံမှန်စစ်ဆေးပေးဖို့ လိုအပ်တယ်။ တာယာလေပေါင်တွေ စစ်ဆေးသင့်တယ်။ သူသတ်မှတ်ထားတဲ့ Pressure ရှိ မရှိကိုပေါ့။ အမြင်နဲ့ကြည့်မယ်ဆိုရင် လေကတော့ရှိမယ်။ ဒါပေမဲ့ တစ်လုံးနဲ့ တစ်လုံး ညီနိုင်မလားဆိုတာတော့ ကျွန်တော်တို့အမြင်နဲ့ အတိအကျမသိနိုင်ဘူး။ နောက်တစ်ခုက ဆီအယိုအစိမ့်တွေပေါ့။ အယိုအစိမ့်တွေက ပုံမှန်အားဖြင့်ဆိုရင် ကားရဲ့အောက်ကိုငုံ့ကြည့်လိုက်မယ်ဆိုရင် ရေယိုတာလား ဒါမဟုတ် ဆီယိုတာလား ကျွန်တော်တို့ မြင်နိုင်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ ကားရဲ့ဘေးပတ်ပတ်လည်ကို ပတ်ကြည့်မယ်ဆိုရင် တာယာလေပေါင်တွေ ညီလား၊ မညီလား သိနိုင်မယ်။ ဒါကတော့ အောက်ပိုင်းက ကြည့်မယ်ဆိုရင်ပေါ့။ နောက် တစ်ခုက ဘာရှိမလဲဆိုရင် ကျွန်တော်တို့ ဘောနက်အဖုံး ဖွင့်လိုက်မယ်ဆိုရင် ပတ်ပတ်လည်ကို ကြည့်လိုက်မယ်ဆိုရင် ပုံမှန်မဟုတ်တဲ့ ရေစတွေ၊ ဆီစတွေ ထွက်နေလားဆိုတာ ကြည့်လို့ရမယ်။ နောက် အင်ဂျင်ဝိုင် လယ်ဗယ်တိုင်းမယ်၊ အော်တိုဂီယာဝိုင် လယ်ဗယ်တွေ တိုင်းမယ်။ ဒါတွေကတော့ ဂိတ်ကနေကြည့်တာပေါ့။ ဒါတွေကတော့ ပုံမှန်လုပ်ပေးသင့်တဲ့ စစ်ဆေးမှုလေး တွေပေါ့။ ဒါကတော့ ကိုယ့်ကားအိမ်ကထွက်ခါနီး စစ်ဆေးသင့်တဲ့ အရာလေးတွေပေါ့။ ကိုယ်တိုင်လုပ်ပေးလို့တဲ့ ကားကိုပြုပြင်ထိန်းသိမ်းလို့ရတဲ့အရာကတော့ အပြင်ပန်းကလုပ်ပေးလို့ရတာဆိုရင် သန့်ရှင်းရေး လုပ်ပေးလို့ရမယ်။ နောက် ရေလိုရင် ရေဖြည့်ပေးမယ်။ ဆီလိုရင် ဆီဖြည့်ပေးမယ်ပေါ့။ အဲဒါတွေကတော့ ပုံမှန်ကိုယ်တိုင်လုပ်ပေးလို့ရနိုင်တဲ့ အရာတွေပေါ့။ နောက်ပြီးတော့ အင်ဂျင်ခန်းကို သန့်ရှင်းရေးလေး လုပ်ပေးတာတွေပေါ့။ 

Voice : အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။ 
 
အောင်သီဟ