News

POST TYPE

AUTOMOBILE

Desire AutoWorks Car Service မှ ဦးစောကျော်ကျော်အေးနှင့် တွေ့ဆုံခြင်း
21-Jan-2019

ကားအင်ဂျင်အချက်ပြမီးနှင့် သတိပေးမီးများ

“အနီရောင်မီးလေးတွေ လင်းလာပြီဆိုရင်တော့ ကားကို လုံးဝဆက်မမောင်းသင့်တော့ဘူး”



ကား၏ကွန်ပျူတာစနစ်က ကားမောင်းနေသူများကို သတိပေးသည့် အချက်ပြမီးများအကြောင်း၊ အဆိုပါမီးများ မည်သည့်အတွက်ကြောင့် လင်းလာရသည်များနှင့် ကားအင်ဂျင်အချက်ပြမီး၊ သတိပေးမီးများ လင်းလာပါက စစ်ဆေးသင့်သည်တို့ကို Desire AutoWorks Car Service မှ Training မန်နေဂျာ ဦးစောကျော်ကျော်အေးနှင့် The Voice Daily တို့ တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။ 

Voice : အင်ဂျင် Check မီးက ဘာကြောင့် လင်းရတာလဲ။
USKKA  : အခု ကျွန်တော်တို့ ကားတွေ အကုန်လုံးနီးပါးက ကွန်ပျူတာထိန်းချုပ်တဲ့ စနစ်တွေဖြစ်နေပြီ။ အဲဒီတော့ ကွန်ပျူတာထိန်းချုပ်စနစ်တွေဖြစ်တဲ့အတွက် အာရုံခံကိရိယာတွေကတစ်ဆင့် ဆီလေအချိုးတွေ၊ ဂီယာအချိုးတွေ၊ သွားတဲ့အရှိန်နှုန်း တွေကအစ ကွန်ပျူတာက အလိုအလျောက်ပြုလုပ် ပေးမယ်။ အဲဒီတော့ အာရုံခံကိရိယာတွေက ကားမှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေတွေ့လာရင် သူက ကားမောင်းတဲ့သူကို အသိပေးတဲ့အနေနဲ့ အင်ဂျင် Check မီးက လင်းလာတာပါ။ အဓိကကတော့ ကားကို စစ်ဆေးဖို့ လိုပြီဆိုပြီး အသိပေးတဲ့အနေနဲ့ လင်းတာပေါ့။

Voice : စစ်ဆေးဖို့လိုပြီဆိုတော့ ဒီမီးလင်းလာရင် ကားရဲ့ဘယ်အစိတ်အပိုင်းတွေကို စစ်ဆေးရမှာလဲ။
USKKA  : အင်ဂျင် ဃ့နခု မီးလင်းပြီဆိုရင် အဓိက,ကတော့ သူကအင်ဂျင်နဲ့ ပတ်သက်တာပဲပေါ့။ အင်ဂျင်နဲ့လည်းဖြစ်မယ် ဂီယာဘောက်စ်နဲ့လည်း ဖြစ်မယ်။ အဲဒီအစိတ်အပိုင်းတွေနဲ့ ပတ်သက်ပြီးတော့ အဓိကလင်းတာပေါ့။ အဲဒီတော့ ဒီမီးလင်းလာပြီဆိုရင် စက်ဆရာတွေကို ပြပြီးတော့မှ လိုအပ်တာတွေ စစ်ဆေးရမယ်။ စစ်ဆေးပြီးတော့မှ ထွက်လာတဲ့ အဖြေအပေါ်မှာမူတည်ပြီး ပြုပြင်သင့်တဲ့ အစိတ်အပိုင်းတွေကို ပြုပြင်ရမယ်။ 

Voice : အစ်ကို့အတွေ့အကြုံအရ လာစစ်ဆေးတဲ့ ကားတွေမှာ ဘယ်လိုပြဿနာတွေအဖြစ်များလဲ။
USKKA  : ခုနက ပြောခဲ့သလို သူက ဆီလေအချိုး မမှန်ဘူး။ အဲဒီလို ဆီလေအချိုးမမှန်တော့ဘူးဆိုရင် ကွန်ပျူတာဘောက်စ်က အင်ဂျင်ချက်မီး ထုတ်ပေးလိုက်တယ်။ ဒါက တစ်ခုပေါ့။ ပြီးတော့ အာရုံခံတဲ့ကိရိယာတွေက တစ်ခုခုချို့ယွင်းသွားတယ်၊ ပျက်စီးသွားတယ်ဆိုရင် လင်းတယ်။ နောက်တစ်ခုက သူနဲ့ပတ်သက်တဲ့ မော်တာတွေ၊ ဆိုလီနိုက်တွေ ဒါတွေတစ်ခုခုဖြစ်ရင် လည်း လင်းတယ်ပေါ့။ ဥပမာ- ကျွန်တော်တို့ လေတံခါး အာရုံခံကိရိယာ ပျက်တာတို့၊ အောက်ဆီဂျင် အာရုံခံ ကိရိယာလေး ပျက်တာတို့၊ အဲဒီလိုမျိုးပေါ့။ ကားမှာ ပါတဲ့ အချို့အစိတ်အပိုင်းလေးတွေမှာ တပ်ဆင်ထားတဲ့ အာရုံခံကိရိယာလေးတွေလည်း ပျက်ရင်လင်းတဲ့ကိစ္စတွေ တွေ့ရတယ်။

Voice : အင်ဂျင် Check မီးလင်းလာရင် ကားကို ဆက်မောင်းသင့်လား၊ မမောင်းသင့်ဘူးလား။
USKKA  : ပုံမှန်အားဖြင့်တော့ ဒီမီးလင်းလာတာက ကွန်ပျူတာဘောက်စ်ကနေပြီးတော့ ကားမောင်းတဲ့သူကို အသိပေးတဲ့အနေနဲ့ လင်းတာဆိုတော့ ကျွန်တော်တို့က ဝပ်ရှော့ကိုမောင်းသွားပြီးတော့ လိုအပ်တာတွေ စစ်ဆေးသင့်တာ စစ်ဆေးပြီးတော့ ပြုပြင်ရမှာပေါ့။ ဒီမီးလင်းလာရင်တော့ ကားမောင်းတဲ့သူက ဘာလုပ်ပေးရမလဲဆိုရင် အင်ဂျင်ထဲမှာ ပုံမှန်မဟုတ်တဲ့ အသံလေးတွေ ထွက်လာတာရှိသလား၊ ရေယိုတာတို့၊ ဆီယိုတာတို့ ရှိသလား၊ ဒါတွေကို အရင်စစ်ဆေးသင့်တယ်။ ဒီလိုအချက်တွေဖြစ်နေပြီဆိုရင်တော့ ကားကို အဲဒီနေရာမှာပဲ ရပ်ပြီးတော့ စက်ဆရာကိုခေါ်ပြီးတော့ စစ်ဆေးသင့်တယ်။ တကယ်လို့ ကားမှာ အဲဒီလို အချက်တွေဖြစ်မနေဘူး၊ မီးလင်းရုံလောက်ပဲဆိုရင် ကားက ဆက်မောင်းလို့ရတယ်။ ဒါပေမဲ့လည်း အမြန်ဆုံးတော့ စစ်ဆေးသင့်တယ်။

Voice : နောက်တစ်ခုက အင်ဂျင် Check မီးနဲ့ ကားမှာလင်းတဲ့ Warning Light (သတိပေးတဲ့မီး) တွေက ဘယ်လိုကွာခြားလဲ။ 
USKKA  : ကားမှာကျတော့ ဘာရှိလဲဆိုရင် ကားမောင်းတဲ့သူတွေကို အသိပေးတဲ့ အဝါရောင်မီးလေးတွေ၊ အနီရောင်မီးလေးတွေနဲ့ ပြတာပေါ့။ အဲဒီမှာ အင်ဂျင် Check မီးကကျတော့ အဝါရောင်မီးလေးနဲ့ ပြတယ်။ အင်ဂျင်နဲ့ပတ်သက်ပြီး တစ်ခုခုချို့ယွင်းနေ ပြီဆိုတာတို့၊ အာရုံခံကိရိယာတွေ တစ်ခုခုဖြစ်ပြီဆိုရင် သူက အဝါရောင်လေးနဲ့ ပြတယ်။ ဒါဆိုရင်တော့ ကွန်ပျူတာထိုးစစ်ပေးဖို့ လိုတာပေါ့။ နောက်တစ်ခုက ကားဒိုင်ခွက်ထဲမှာ အနီရောင်နဲ့ပြတဲ့ မီးလေးတွေရှိတယ်။ ဥပမာအားဖြင့် ဘက်ထရီမီးလေးတွေ၊ နောက် အင်ဂျင်ဝိုင် Pressure မီးတွေ၊ နောက်တစ်ခုကျတော့ ရေအပူချိန်ပြတဲ့ မီးလေးတွေရှိတယ်။ အဲဒီလို အနီရောင်မီးလေးတွေ လင်းလာပြီဆိုရင်တော့ ကားကို လုံးဝဆက်မမောင်းသင့်တော့ဘူး။ ရောက်တဲ့နေရာမှာ ရပ်ပြီးတော့ကို စစ်ဆေးသင့်တယ်။ 

Voice : အချက်ပြမီးတွေနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာများ ရှိသေးလား။
USKKA  : ခုနက ပြောခဲ့သလိုပေါ့။ ကျွန်တော်တို့ အဝါရောင်မီးလေး လင်းလာရင်တော့ စစ်ဆေးသင့်ပြီပေါ့။ အနီရောင်ဆိုရင်တော့ လုံးဝရပ်ထားပြီး စက်ဆရာက ပြုပြင်စစ်ဆေးပြီးတဲ့ အချိန်ကျမှပဲ ပြန်ပြီးမောင်း သင့်တာပေါ့။ ကားအသုံးပြုသူတွေအကုန်လုံးအနေနဲ့ ဒီမီးတွေနဲ့ပတ်သက်ပြီးတော့ လေ့လာထားသင့်တာပေါ့။ သူက ဘာကိုဆိုလိုချင်တာလဲပေါ့။ အဲဒီလို အချက်ပြမီးလေးတွေ ထည့်ပေးထားတာက ကားမောင်းတဲ့သူတွေကို ကားကဘာတွေဖြစ်နေပြီလဲ ဆိုတာကို အလွယ်တကူသိနိုင်အောင် ကားထုတ်တဲ့ ကုမ္ပဏီတွေက ပြုလုပ်ပေးထားတာ။ ကားမောင်းတဲ့သူတွေအနေနဲ့က အချက်ပြီမီးတွေလင်းလာပြီဆိုရင် လင်းလာတဲ့မီးက အရေးကြီးလား၊ အရေးမကြီး ဘူးလားဆိုတာတော့ သေသေချာချာလေ့လာထားသင့်တယ်။

အောင်သီဟ