News

POST TYPE

AUTOMOBILE

Myanmar Mega Power Group မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝေယံမောင်နှင့် တွေ့ဆုံခြင်း
14-Jan-2019

စက်သုံးဆီ မသန့်ခြင်း

“ကားကို လက်တင်မောင်းတာထက်စာရင် ကားနဲ့ပတ်သက်တဲ့ အရာလေးတွေ လေ့လာထားသင့်တယ်”



စက်သုံးဆီမသန့်ခြင်းကြောင့် ကားတစ်စီး၏မည်သည့်အစိတ်အပိုင်းကို ထိခိုက်နိုင်ခြင်း၊ မည်သို့ပြုပြင်ထိန်းသိမ်းသင့်သည်များနှင့် ဆီမသန့်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး Myanmar Mega Power Group မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝေယံမောင်နှင့် The Voice Daily က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

Voice : အရည်အသွေးမမီတဲ့ လောင်စာဆီတွေထည့်မိရင် ကားရဲ့ဘယ်အစိတ်အပိုင်းတွေကို ဘယ်လိုထိခိုက်နိုင်လဲ။
UWYM : ဆီမသန့်တာတွေ ထည့်မိမယ်ဆိုရင် ပထမဦးဆုံးတစ်ချက်က ဆီ Filter မှာ ချေး (ဂျီး) တွေ ညစ်ညမ်းတာတွေဖြစ်မယ်။ နောက်တစ်ချက်က ဆီမသန့်တာတွေကြောင့် ပလပ်တွေကို လာထိခိုက်မှုတွေဖြစ်မယ်။ 

Voice : ဒီလိုအစိတ်အပိုင်းတွေကို လာထိခိုက်ရင် ကားရဲ့ စွမ်းဆောင်ရည်တွေက ဘယ်လိုကျဆင်းစေလဲ။
UWYM : ကျွန်တော်တို့ ဒီမှာက အောက်တိန်း 92 နဲ့ 95 နှစ်မျိုး သုံးကြတယ်ပေါ့။ ဒါပေမဲ့ 95 ထည့်သော်ငြားလည်း ဆီ Filter တွေ ပလပ်တွေက ပုံမှန်လဲပေးဖို့လိုတဲ့ အစိတ်အပိုင်းတွေပေါ့။ ဆီ Filter ပိတ်လာပြီဆိုရင် ဆီရောက်သင့်သလောက် မရောက်တာတွေ ဖြစ်ကုန်မယ်။ ပလပ်ကတော့ မီးခတ်ပေးတာဖြစ်တဲ့ အတွက် ပလပ်မှာချိုးတွေ တက်လာမယ်ဆိုရင် ပလပ်က မီးခတ်တွေ မမှန်တော့တဲ့အတွက် အင်ဂျင်ကိုလည်း အနည်းနဲ့အများတော့ သွားပြီးထိခိုက်လာမယ်။ ဆီမသန့်တာတွေ သုံးမိတာများလာတဲ့အတွက် ဒီ အစိတ်အပိုင်းနှစ်ခုရဲ့ လုပ်ဆောင်နိုင်စွမ်းကျလာပြီဆိုရင် ကားကအဆွဲအရုန်းတွေ ကျလာမယ်။ လီဗာနင်းတဲ့အခါမှာ ကားကသွားသင့်သလောက် မသွားတာတွေ ဖြစ်လာမယ်။ လီဗာနင်းတယ်၊ နင်းပေမယ့်လည်း ကားတွန့်သွားတာတို့ဖြစ်လာမယ်။ ကားက ဆီပွင့် သလိုမျိုးပေါ့၊ ပထမနင်းနေတယ်မထွက်ဘူး မထွက်ဘူးနဲ့ ထပ်ဖိဖိနင်းလိုက်တော့ ရုန်းပြီးထွက်သွားတဲ့ အခြေအနေမျိုးတွေဖြစ်မယ်။

Voice : ဒီလိုမျိုး လီဗာဆက်တိုက်နင်းနေရတဲ့အတွက် နောက်ဆက်တွဲက ဘာတွေဖြစ်လာနိုင်လဲ။
UWYM : ဒါကတော့ လီဗာဆက်တိုက်နင်းနေတဲ့အတွက် ဆီစားတဲ့ ပြဿနာဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဆီစားတဲ့ပြဿနာကလည်း ကားမောင်းတဲ့သူပေါ်မှာလည်း မူတည်နေသေးတယ်။ ဆီမသန့်တာကြောင့် ခုနကပြောခဲ့တဲ့ အစိတ်အပိုင်းတွေကို ထိခိုက်လာတဲ့အတွက် ဆီစားတဲ့ပြဿနာတွေ ဖြစ်လာနိုင်သလို မောင်းတဲ့သူကလည်း လီဗာတအားနင်းတာတို့ မလိုအပ်ဘဲ လီဗာနင်းနေတာ ဘာတို့ဆိုရင်လည်း ဆီကစားနိုင်တာပေါ့။ 

Voice : ဆီမသန့်တာ ထည့်မိတဲ့ကိစ္စကလည်း မြို့ကြီးတွေမှာထက် နယ်ဘက်တွေကိုသွားတဲ့ကားတွေမှာ ဖြစ်တာများတယ်ပေါ့။ အဲဒီတော့ ခရီးတွေက ပြန်လာရင် ဘယ်လိုစစ်ဆေးမှုလုပ်သင့်လဲ။
UWYM : ခရီးတော်တော်များများသွားတဲ့ သူတွေကတော့ ဒီပြဿနာတွေက အဖြစ်များတာပေါ့။ အဲဒီတော့ အခုနောက်ပိုင်းမှာက ဆီသန့်ဆေးတွေ ထည့်ကြတာများတယ်။ ဆီကပါဝါတင်ပေးနိုင်တဲ့ ဆီသန့်ဆေးတွေသုံးလာကြတယ်။ နယ်သွားတဲ့သူ တော်တော်များများက အဲဒါမျိုးသုံးလာကြပြီ။ အရင်တုန်းက ဆီကိုရောရင် ရေနဲ့ရောကြတာပေါ့။ အခုနောက်ပိုင်းကျတော့ ဆီပါဝါမကောင်းတာတွေနဲ့ ရောကြတာပေါ့။ သူ့ဂရိတ်မပြည့်တာတွေနဲ့ ရောကြတယ်ဆိုတော့ ဆီတိုင်ကီကြီးကို ဖြုတ်လဲစရာကြီးတော့ မလိုဘူးပေါ့။ ဒါပေမဲ့ ဆီကိုပြန်သန့်နိုင်တဲ့ ဆေးတွေထည့်တာတို့ ကျွန်တော်တို့ခေါ်တာတော့ ကာဗွန်ဆေးတယ်လို့ခေါ်တဲ့ Service ပေါ့။ အဲဒါမျိုးလေးတွေ လုပ်ပေးဖို့ လိုတယ်။ ဒီကောင်ကတော့ ဆီစားသက်သာတယ် ဆိုတာထက် ပလပ်တို့၊ အင်ဂျင်တို့၊ လေတံခါးတို့မှာ ဆီကြောင့် မသန့်ဘဲနဲ့ဖြစ်သွားတဲ့ အငွေ့တွေ၊ ဘာတွေကို ဟိုက်ဒရိုကာဗွန်နဲ့ ဆေးကြတာပေါ့။ ဒီလိုမျိုးလေးတွေ ပုံမှန်လုပ်ပေးရင်တော့ ကားကိုလည်း ထိန်းသိမ်းရာလည်း ရောက်တယ်။

Voice : ဆီကတော့ သန့်တာပဲထည့်ထည့်၊ မသန့်တာပဲ ထည့်ထည့်ပေါ့၊ အချိန်တစ်ခုကြာလာရင်တော့ အနည်းနဲ့အများ အညစ်အကြေးတွေက ကျန်ခဲ့မှာဆိုတော့ ဘယ်လိုပုံမှန်စစ်ဆေးမှုတွေလုပ်သင့်လဲ။
UWYM : ဒါကတော့ ခရီးသွားတယ်၊ ပြုတယ်၊ ဘာရယ်၊ ညာရယ်ဆိုရင် ဆီ Filter ကတော့ ၈ လ မဟုတ်ရင် ၁ နှစ်လောက်နေရင်တော့ စစ်ဆေးသင့်တယ်။ မကောင်းတော့ဘူးဆိုရင် လဲသင့်တာတို့၊ ဘာတို့လုပ်သင့်တယ်။ ကျွန်တော်တို့ ဒီမှာက ဆီကပုံမှန်မရှိဘူးဗျ။ တချို့ဆီ Filter တွေက ဆီတိုင်ကီထဲမှာ ရှိတာတွေ ရှိတယ်။ တချို့ကားတွေကျတော့ ဘောနက်ထဲမှာ ရှိတယ်ပေါ့။ ဘောနက်ထဲကဟာတွေကတော့ ဖွင့်ကြည့်ပြီး ဖြုတ်လဲတာတို့က လွယ်တယ်လေ။ ဆီတိုင်ကီမှာ ရှိတဲ့ဟာကတော့ နည်းနည်းလုပ်ရပြုရတာ ခက်တာပေါ့။ ဒီမှာက ပုံမှန်ကတော့ ပလပ်တွေကို ၆ လ မဟုတ်ရင် ၈ လတစ်ခါကတော့ လဲကြတယ်။ ပလပ်ကလည်း အမျိုးအစားအများကြီးလာကြတယ်။ ဒါပေမဲ့ တရုတ်ကဝင်တဲ့ဟာတွေကိုပဲ သုံးကြတာများတယ်ဆိုတော့ ၆ လ တစ်ခါတော့ ပုံမှန်လဲကြတယ်။

Voice : နောက်ထပ် ဖြည့်စွက်ပြောချင်တာများ ရှိသေးလား။ 
UWYM : အဓိက ပလပ်လဲမယ်ဘာမယ်ဆိုရင် ဝပ်ရှော့ဆရာတွေနဲ့ သေချာတိုင်ပင်သင့်တယ်။ ကိုယ့်ကားနဲ့ ကိုက်ညီတဲ့ ပလပ်ဖြစ်ဖို့လိုတာပေါ့။ နောက်တစ်ခုကတော့ ပလပ်ကာဗွန်ဆေးတယ်ဆိုတာက ဆီစားသက်သာတာ တစ်ခုတည်းမဟုတ်ဘူး။ ဒီကောင်ကို လုပ်ရင် အများစုထင်ကြတာက ဆီစားသက်သာ တယ်ပဲထင်ကြတာ။ ဒါကတော့ ဒါလုပ်ခြင်းရဲ့ တစ်ချက်ပဲပေါ့။ နောက်တစ်ခု အင်ဂျင်ရဲ့ သက်တမ်းကိုလည်း ပိုပြီးရှည်စေတာပေါ့။ နောက် အကြံပေးချင်တာကတော့ ဟိုအရင်ကတည်းက ရှိတဲ့ ဆီ၊ ရေ၊ လေ၊ ဝိုင် ကို ပုံမှန် စစ်ဆေးသင့်တာပေါ့။ ကားကို လက်တင်မောင်းတာထက်စာရင် ကားနဲ့ပတ်သက်တဲ့အရာလေးတွေ လေ့လာထားသင့်တယ်။ ကိုယ်ကနည်းနည်းပါးပါး နားလည်ထားတော့ ပိုကောင်းတာပေါ့။ ဒီက တော်တော်များများက နားမလည်ကြတာများတယ်။ အခု ကွန်ပျူတာစနစ်တွေဖြစ်လာတဲ့အတွက် သိပ်မသိတော့တာ ဖြစ်ကောင်းဖြစ်တယ်။ ကိုယ့်အလုပ်မအားတာလည်း မအားတာပေါ့။ ကားကို ပုံမှန်စစ်ဆေးမှုလေးတွေ လုပ်နေသင့်တယ်။ အဲဒါမှမလုပ်ဖြစ်ရင် လူကကားကို စီးနေရာကနေ ကားကလူကိုပြန်စီးတဲ့ အခြေအနေတွေဖြစ်သွားနိုင်တယ်။

The Voice : အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

အောင်သီဟ