News

POST TYPE

AUTOMOBILE

မော်တော်ယာဉ်တစ်စီးကို ခြေရာခံခြင်း
07-Jan-2019



နည်းပညာရဲ့ အကျိုးပြုမှုက လူသားတွေရဲ့ နေ့စဉ်ဘဝဖြတ်သန်းမှုကို ပိုမိုအဆင်ပြေလွယ်ကူအောင် ကူညီပေးနေပါတယ်။ ဥပမာတစ်ခုပြောရရင် ဒီနေ့ခေတ်တက္ကစီငှားတဲ့အခါ စမတ်ဖုန်းမှာရှိတဲ့ App ကတစ်ဆင့် အော်ဒါတင်လို့ရတယ်။ ဒါ့အပြင် ငှားထားတဲ့တက္ကစီက စာဖတ်သူရှိတဲ့လမ်းဆီ ချဉ်းကပ်လာတာကိုလည်း ဖုန်းစခရင်မ်က မြေပုံပေါ်မှာ အချိန်နဲ့တစ်ပြေးညီ မြင်တွေ့နေရတယ်။ ဒါက ဘယ်လိုနည်းပညာပါလိမ့်။ ဒီနည်းပညာကို အခြေပြုပြီး နောက်ထပ်ဘယ်လိုဆန်းပြားတဲ့ အရာတွေ ရှိနေနိုင်သေးလဲ။

ကားတစ်စီးရွေ့လျားနေတာကို မြေပုံပေါ်ကတစ်ဆင့် အလွယ်တကူစောင့်ကြည့်နိုင်ဖို့အတွက် ဒီကားကို ခြေရာခံနေဖို့လိုပါတယ်။ ဒီလိုဖြစ်ဖို့အတွက် အလွယ်ဆုံးနည်းက မော်တော်ယာဉ်ခြေရာခံစနစ် (Vehicle Tracking System) ကို အသုံးပြုထားလိုက်ရင် ဖြစ်ပါတယ်။ မော်တော်ယာဉ်ခြေရာခံစနစ်က စာဖတ်သူသိပြီးဖြစ်လောက်တဲ့ GPS (ကမ္ဘာ့တည်နေရာပြစနစ်) ဒါမှမဟုတ် GLONASS (ရုရှားနိုင်ငံမှာအသုံးပြုတဲ့ GPS စနစ်)ကို အသုံးပြုပြီး ကားရဲ့ တည်နေရာကို ဖော်ပြပေးတာဖြစ်ပါတယ်။ တခြားစနစ်တွေ သုံးထားတဲ့ မော်တော်ယာဉ်ခြေရာခံစနစ် တွေရှိသေးပေမယ့် ဒီနေ့ခေတ်မှာ GPS သုံးထားတဲ့ စနစ်တွေက အဆင့်မြင့်ဆုံးပါပဲ။

မော်တော်ယာဉ်ခြေရာခံစနစ်ကို ဒီလိုအချက်အလက်ဖော်ပြဖို့အတွက်သက်သက်တင်မဟုတ်ဘဲ တခြားအရေးပါတဲ့ ကဏ္ဍတွေမှာလည်း အသုံးပြုနိုင်ပါတယ်။ တကယ်တမ်းပြောရရင် တက္ကစီကို မြေပုံပေါ်မှာ ဖော်ပြတာလောက်က Fleet Tracking System လို့ခေါ်တဲ့ ယာဉ်အုပ်စုလိုက် ခြေရာခံထိန်းချုပ်စနစ်ရဲ့ တစ်စိတ်တစ်ပိုင်း လောက်သာဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လုပ်ငန်းသုံးယာဉ်တွေ၊ လူထုသုံးသယ်ပို့ ယာဉ်တွေကို ခြေရာခံထိန်းချုပ်ဖို့ Fleet Tracking System တွေကို သုံးခဲ့ကြတာ အတော်ကြာနေပြီဖြစ်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း Myanmar Tracker လို ကုမ္ပဏီတွေလည်းရှိနေပါပြီ။ မော်တော်ယာဉ်ခြေရာခံစနစ်တွေကို အချိန်နဲ့ တစ်ပြေးညီ စောင့်ကြည့်နိုင်တဲ့ Active စနစ်နဲ့ ကားမောင်းသွားစဉ် လမ်းကြောင်းတစ်လျှောက် မှတ်တမ်းယူပေးတဲ့ Passive ဆိုတဲ့ အမျိုးအစားနှစ်ခု ခွဲခြားကြည့်နိုင်တယ်။

Active နဲ့ Passive စနစ်

Active စနစ်မှာ ဆယ်လူလာ(သို့) ဂြိုဟ်တု ကွန်ရက်ချိတ်ဆက်မှုကတစ်ဆင့်(GPS တည်နေရာ ပြစနစ်ကတစ်ဆင့်)မော်တော်ယာဉ်ရောက်နေတဲ့ တည်နေရာ၊ သွားနေတဲ့အမြန်နှုန်း စတာတွေကို တိုက်ရိုက်စောင့်ကြည့် နိုင်တယ်။ Passive စနစ်မှာတော့ ကွန်ရက်ချိတ်ဆက်မှုတွေမပါဘဲ မော်တော်ယာဉ်သွားနေတဲ့လမ်းကြောင်း၊ ဆီစားနှုန်း၊ (တချို့စနစ်တွေမှာ တံခါးကို ဘယ်နှစ်ခါဖွင့်သလဲ ဆိုတာတွေအထိ) မှတ်တမ်းယူပြီး ဒီမှတ်တမ်းတွေကို မော်တော်ယာဉ် ပြန်ရောက်လာချိန်မှာ ပြန်ကြည့်နိုင်ပါတယ်။ အခုခေတ် ယာဉ်ခြေရာခံစနစ်တွေမှာ Active နဲ့ Passive စနစ်နှစ်မျိုးစလုံးပါဝင်ပြီး ဖုန်းလိုင်းမိချိန် (ဆယ်လူလာကွန်ရက်နဲ့ ချိတ်ဆက်မိချိန်) မှာ Active  စနစ်က အလုပ်လုပ်လို့ ဖုန်းလိုင်းမမိချိန်မှာတော့ Passive စနစ်က မှတ်တမ်းယူပေးတယ်။

ခြေရာခံစနစ်ရဲ့ အစိတ်အပိုင်းသုံးခု

GPS ကို အခြေခံပြီး အလုပ်လုပ်တဲ့ ခြေရာခံစနစ်တွေကို အစိတ်အပိုင်းသုံးခုခွဲခြားကြည့်နိုင်တယ်။ ပထမဆုံးတစ်ခုက ကားမှာတပ်ဆင်ရတဲ့ အစိတ်အပိုင်း ဖြစ်ပြီး GPS Tracking Device လို့ ခေါ်ပါတယ်။ ကားရဲ့ တည်နေရာကို အမြဲမပြတ်ထောက်လှမ်းစေနိုင်ဖို့ မိုဘိုင်းလ်ကွန်ရက်နည်းပညာကို သုံးဖို့လိုတာကြောင့် ဒီအစိတ်အပိုင်းမှာ GSM ဆင်းမ်ကတ်တစ်ခု ထည့်သွင်းပေးထားတယ်။ ဒီအစိတ်အပိုင်းက ကားရဲ့တည်နေရာအပြင် လောင်စာဆီလက်ကျန်၊ တာယာဖိအား၊ တံခါးမီး အဖွင့်အပိတ်၊ အင်ဂျင်အပူချိန်၊ အင်ဂျင်လည်ပတ်အား စတဲ့အချက်အလက်တွေကို ဒုတိယအစိတ်အပိုင်းဖြစ်တဲ့ GPS Tracking Server ဆီ မိုဘိုင်းလ်ကွန်ရက်က တစ်ဆင့်ပို့ပေးပါတယ်။ GPS Tracking Server က ရလာတဲ့ အချက်အလက်တွေကို လူတွေသိနားလည်တဲ့ ပုံစံဖြစ်အောင် ပြောင်းလဲပြီး တတိယအစိတ်အပိုင်းဖြစ်တဲ့ UI(User Inter- face) ကတစ်ဆင့် ဖော်ပြပေးတယ်။ ဒီလိုဖော်ပြ ပေးရာမှာ ကွန်ပျူတာမော်နီတာလို မျက်နှာပြင်တွေအပြင် စမတ်ဖုန်း၊ တက်ဘလက်လို မိုဘိုင်းလ်ကိရိယာတွေရဲ့ မျက်နှာပြင်ကတစ်ဆင့် ဖော်ပြပေးနိုင်တယ်။

မော်တော်ယာဉ်ထိန်းချုပ်မှုစနစ်များ

မော်တော်ယာဉ် ထိန်းချုပ်စနစ်တွေကို မော်တော်ယာဉ်အုပ်စုလိုက် ငှားရမ်း၊ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကြီးတွေ၊ လူထုသယ်ပို့ယာဉ်တွေမှာ အများဆုံးသုံးကြပါတယ်။ ဒီစနစ်တွေက ယာဉ်လမ်းကြောင်း၊ ဆီစားနှုန်း စတာတွေကို စောင့်ကြည့်ပေးနိုင်တဲ့အပြင် ဘတ်စ်ကားတွေမှာ နောက်ရပ်မယ့် မှတ်တိုင်ကိုအသံ(သို့) စခရင်မ်ကတစ်ဆင့် ဖော်ပြပေးတာမျိုး စတဲ့လုပ်ဆောင်ချက်တွေကိုလည်း လုပ်ပေးနိုင်တယ်။ ကျွန်တော်တို့ဆီက တချို့ YBS ယာဉ်တွေမှာ နောက်ရပ်မယ့်မှတ်တိုင်ကို ဖော်ပြပေးတာမျိုးပါ။ ဒီလိုဖော်ပြပေးတာကြောင့် ခရီးသည်အနေနဲ့ ကိုယ်ရောက်နေတဲ့နေရာ၊ ဆင်းရမယ့်မှတ်တိုင်ကို အလွယ်တကူ သိနိုင်စေတယ်။ ဒါ့အပြင် အမြင်(သို့) အကြားအာရုံချို့တဲ့သူတွေအနေနဲ့ အသံ (သို့) စခရင်မ်ဖော်ပြမှုကတစ်ဆင့် ကိုယ်ဆင်းရမယ့်နေရာကို သိစေတဲ့ အကျိုးတွေရှိပါတယ်။ နောက်ထပ် မော်တော်ယာဉ်ခြေရာခံစနစ်တွေ အသုံးဝင်တဲ့ နယ်ပယ်တွေအကြောင်း အောက်မှာ ဆက်လက်ဖော်ပြပေးထားပါတယ်။

မော်တော်ယာဉ်လုံခြုံရေး 

မော်တော်ယာဉ်ခြေရာခံစနစ်တွေကို သမားရိုးကျ မော်တော်ယာဉ်လုံခြုံရေးစနစ်(Car Alarm System) အစား အသုံးပြုနိုင်ပါတယ်။ သယ်ပို့ယာဉ်၊ ကုန်တင်ယာဉ်တွေတင်မကဘဲ အိမ်စီးကားတွေမှာလည်း အသုံးပြုနိုင်ပြီး အားသာချက်အနေနဲ့ မော်တော်ယာဉ် အခိုးခံရတာမျိုးဖြစ်တဲ့အခါ ရဲ(သို့)အာမခံကုမ္ပဏီတွေအနေနဲ့ အလွယ်တကူခြေရာခံနိုင်စေတဲ့ အားသာချက်တွေရလာတယ်။

တန်ဖိုးမြင့်ကုန်စည် ကာကွယ်ရေး 

အဆင့်မြင့်ခြေရာခံစနစ်တွေမှာ ကားလက်ရှိ ရောက်နေတဲ့နေရာကို မြေပုံပေါ်က ကြည့်နိုင်တဲ့အပြင် ကားမှာတပ်ဆင်ထားတဲ့ ကင်မရာတွေကတစ်ဆင့် ကားအတွင်းအပြင် ကြည့်ရှုလို့ရစေတယ်။ ဒါကြောင့် တန်ဖိုးကြီးကုန်စည်သယ်တဲ့ ကားတွေကို ကုမ္ပဏီတွေကတစ်ဆင့် စောင့်ကြည့်ရာမှာ ပိုမိုလွယ်ကူ အဆင်ပြေစေတယ်။

ဆားဗစ်ပိုင်း စီမံခန့်ခွဲမှု 

မော်တော်ယာဉ်ခြေရာခံစနစ်တွေကို တက္ကစီ App တွေလို ဝန်ဆောင်မှုတွေမှာသာမက လိုအပ်တဲ့နေရာတွေကို တိုက်ရိုက်သွားရောက်ဝန်ဆောင်တဲ့ လုပ်ငန်းမျိုးတွေအတွက်လည်း သုံးနိုင်တယ်။ ဥပမာ - ဟိုင်းဝေးလမ်းမှာ ကားပျက်နေတဲ့ Customer က ကားဝပ်ရှော့ကို ဆားဗစ်လှမ်းခေါ်တဲ့အခါ အနီးဆုံးလမ်းကြောင်း(သို့) အနီးဆုံးမှာရှိနေတဲ့ ပညာရှင်ကို ရှာဖွေပြီး အမြန်ဆုံးလွှတ်ပေးနိုင်တာမျိုးပါ။

ယာဉ်အုပ်စုလိုက် ထိန်းချုပ်ခြင်း 

ယာဉ်အုပ်စုနဲ့ ဝန်ဆောင်မှုပေးနေတဲ့ Fleet Operator တွေက ကုမ္ပဏီပိုင်ယာဉ်တွေအပြင် နောက်တွဲကားလို ယာဉ်အစိတ်အပိုင်းတွေကို စောင့်ကြည့်နိုင်တဲ့အပြင် ကုန်စည်လွှဲပြောင်းမှု (Transit) လုပ်ရာမှာလည်း လုံခြုံစိတ်ချရမှုရှိစေဖို့ သုံးနိုင်တယ်။ ဒါ့အပြင် ခြေရာခံစနစ်နဲ့ ချိတ်ဆက်ထားတဲ့ အာရုံခံကိရိယာတွေကတစ်ဆင့် ဆီစားနှုန်းကို စောင့်ကြည့်နိုင်သလို ယာဉ်မောင်းအနေနဲ့ သတ်မှတ်ထားတဲ့မိုင်နှုန်းထက် ကျော်မမောင်းအောင် ထိန်းချုပ်နိုင်ပါတယ်။ မသွားရမယ့်နေရာမျိုးတွေကိုသွားရင် အွန်လိုင်းကတစ်ဆင့် အင်ဂျင်စက်သတ်လို့ရတဲ့ လုပ်ဆောင်ချက်တွေတောင် ရှိပါတယ်။

အိမ်သုံးကားများကို စောင့်ကြည့်ခြင်း 

ဆယ်ကျော်သက်အရွယ် လူငယ်တွေ ကားမောင်းရာမှာ အန္တရာယ်ရှိတဲ့နေရာတွေ မသွားစေဖို့ စောင့်ကြည့်နိုင်သလို အကြောင်းတစ်ခုခုကြောင့် အရေးပေါ်အခြေအနေနဲ့ ကြုံတွေ့လာတဲ့အခါ တခြားအိမ်သားတွေအနေနဲ့ အလွယ်တကူသိရှိနိုင်အောင် ယာဉ်ခြေရာ ခံစနစ်တွေကို သုံးလို့ရပါတယ်။ ဒါ့အပြင် အပေါ်မှာ ဖော်ပြခဲ့သလို ကားအခိုးခံရတဲ့အခါမှာလည်း အလွယ်တကူ ခြေရာခံနိုင်စေတယ်။

ဒီလောက်ဆိုရင် မော်တော်ယာဉ်ခြေရာခံစနစ်တွေအကြောင်း အတော်အတန် သိသွားလောက်ပြီ ထင်ပါတယ်။ နောက်ပိုင်းထွက်ကားတွေမှာ ယာဉ်ခြေရာခံစနစ်တွေ တစ်ပါတည်း ထည့်ပေးထားပြီး အပေါ်မှာဖော်ပြထားတဲ့ လုပ်ဆောင်ချက်အများစုကို လုပ်ပေးနိုင်တယ်။ ကားထဲမှာ ကားသော့မေ့ကျန်ခဲ့ပြီး တံခါးတွေအကုန်ပိတ်မိရင် အွန်လိုင်းကတစ်ဆင့် ကားတံခါးဖွင့်လို့ရတာမျိုးတွေလည်း လုပ်လို့ရစေပါတယ်။ မော်တော်ယာဉ်ခြေရာခံစနစ်တွေမှာ တခြားလုပ်ဆောင်နိုင်စွမ်းတွေ ရှိပါသေးတယ်။ ကျွန်တော်တို့ စာဖတ်ပရိသတ်တွေအတွက် ပြည်တွင်းမှာရနိုင်တဲ့ Tracking စနစ်တွေကို လေ့လာပြီး ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဟိန်းမြတ်စိုး