News

POST TYPE

AUTOMOBILE

ခရီးသည်နှင့် ရန်ကုန်ယာဉ်လိုင်းများ
24-Oct-2016

ရန်ကုန်မြို့တွင်း ခရီးသည်တင်ယာဉ်များ လုံလောက်မှု မရှိခြင်းနှင့် ယာဉ်လိုင်းများအပေါ် အမြင်အချို့ကို စုစည်းဖော်ပြအပ်ပါသည်။

“BRT လိုမျိုး မှတ်တိုင်တိုင်းလည်း ရပ်မယ်၊ အဓိကမြို့စွန် မဟုတ်တောင် အနီးဆုံး နေရာတွေအထိ ပြေးဆွဲပေးနိုင်မယ့် System လိုမျိုးလေးတွေ ဖြစ်လာစေချင်ပါတယ်”
မဆုမွန်ထွေး (ခရီးသည်)

လက်ရှိမြို့တွင်းမှာ ခရီးသည်နဲ့ ပြေးဆွဲပေးနေတဲ့ ယာဉ်လိုင်းတွေကတော့ မမျှသေးဘူးလို့ ထင်ပါတယ်။ မြို့စွန်တွေကနေ မြို့ထဲဆင်းတဲ့ လူဦးရေများတဲ့ အခါကျ အလုပ်သွားမယ်ဆို လေးဆယ့်ငါးမိနစ် ခရီးကို နှစ်နာရီလောက် မစီးရတော့ဘူးပေါ့။ ဖြစ်နိုင်ရင် ရထားတွေရော၊ ကားတွေပါ အဆင့်မြှင့်လိုက်ရင် ကောင်းမှာပါ။ ကားလမ်းက ကျပ်နေမယ် ဆိုရင်တောင် ရထားစီးရလည်း ကောင်းမယ်လို့ ထင်ပါတယ်။ လက်ရှိမှာ BRT လို ယာဉ်လိုင်းမျိုး ထပ်တိုးထားတာမျိုးကို ကြိုဆိုပါတယ်။ ဒါပေမဲ့သူက နေရာအနှံ့ မရောက်သလို မှတ်တိုင်တိုင်းလည်း မရပ်တော့ ခရီးသည်တွေ အတွက် အခက်အခဲတော့ ရှိတာပေါ့။ BRT က ပြောရမယ်ဆို အေးအေးဆေးဆေး စီးရတယ်။ အပြောအဆိုခံရမယ့် စပယ်ယာလည်း မရှိဘူး။ Safe ဖြစ်တယ်လည်း ထင်ရတယ်။

ရိုးရိုးလိုင်းကားကျ တချို့စပယ်ယာတွေက ဆိုးပေမယ့် သည်းခံစီးရတယ်။ သူက လိုချင်တဲ့နေရာ အထိလည်း ရောက်တဲ့အတွက် စီးရတာပဲ။ BRT လို ကားမျိုး များလာမယ် ဆိုရင်တော့ ကောင်းပါတယ်။ BRT System လိုမျိုး မှတ်တိုင်တိုင်းလည်းရပ်မယ်၊ အဓိကမြို့စွန် မဟုတ်တောင် အနီးဆုံး နေရာတွေအထိ ပြေးဆွဲပေးနိုင်မယ့် System လိုမျိုးလေးတွေ ဖြစ်လာစေချင်ပါတယ်။ 

လက်ရှိမှာ ဒိုင်နာလိုကားမျိုးက အသုံးမပြုသင့်တော့ပါဘူး။ ဒိုင်နာတွေက မတော်လို့ စလစ်ဖြစ်ပြီး မှောက်ရင် ခရီးသည် အကုန်သေနိုင်တယ်။ ကားကြီးတွေကျ အပျက်အစီးလည်း နည်းမယ်။ မှောက်တယ်ဆိုရင် ခရီးသည် အကုန်မသေနိုင်ဘူး။ လက်ရှိမှာ ယာဉ်လိုင်းတွေ အနေနဲ့ ယာဉ်လိုင်းအသစ်တွေ တိုးမယ် ဆိုရင်လည်း ဥပမာပြောရရင် BRT တစ်ခုတည်းကပဲ ကားလိုင်းတွေ ထိန်းချုပ်ပြီး လိုင်းကားဆွဲချင်တဲ့ စီးပွားရေးသမားတွေ ရှယ်ယာထည့်ပြီး လုပ်မယ်ဆိုရင် ယာဉ်လိုင်းတွေလည်း အရမ်းကြီး များမလာတော့ဘူးပေါ့။ အခုကတော့ ရုံးတက်ရုံးဆင်းချိန်တွေဆို လိုင်းကားတိုးစီးရတာ အရမ်းပင်ပန်းတယ်။ ဒါကြောင့် စနစ်တကျရှိတဲ့ ကားတွေ များလာမယ်၊ ပိုပြေးဆွဲပေးနိုင်မယ်ဆို ပြည်သူတွေအတွက် အဆင်ပြေမယ်လို့ မြင်ပါတယ်။ 

“ခရီးသည်တွေက အလုပ်သွားလုပ်ပြီး အိမ်ပြန်တဲ့အခါ လိုင်းကားကို တိုးဝှေ့စီးနေရတာတွေက မဟုတ်သေးဘူး” 
ဦးကျော်ဇင်ရွှေ (BRT ယာဉ်မောင်း)

လက်ရှိမှာ ကျွန်တော်တို့လို့ BRT ကားမျိုးတွေလို ခရီးသည် သက်သောင့်သက်သာနဲ့ အဆင်ပြေပြေ စီးနိုင်တဲ့ ယာဉ်လိုင်းမျိုး လိုအပ်နေပါသေးတယ်။ ကျွန်တော်တို့လို ကားမျိုးဆို ရိုးရိုးယာဉ်လိုင်းတွေလို လူတွေ တိုးကြိတ်နေစရာ မလိုဘူး။ နောက် ပိုက်ဆံကို တောင်းချင်သလို တောင်းနေတာတွေ မရှိဘူး။ ပုံးထဲထည့်သွားရုံပဲ။ နောက် ကျွန်တော်တို့ ယာဉ်လိုင်းတွေဆို ရပ်ချင်တဲ့နေရာ ရပ်ခွင့်မရှိဘူး။ နောက် ခရီးသည်တွေ စိတ်ချလုံခြုံမှု ရှိအောင်လို့ CCTV ပတ်လည် တပ်ထားတယ်။ တံခါးတွေကလည်း AUTO ပိတ်ထားတဲ့အတွက် အဓိကက ရိုးရိုးယာဉ်လိုင်းတွေလို ခါးပိုက်နှိုက်ဖို့ မလွယ်ဘူး။ ဒါတွေက ရိုးရိုးကားတွေနဲ့ BRT ကားတွေရဲ့ ကွာဟချက်ပါ။ လက်ရှိမှာ ခရီးသည်နဲ့ ယာဉ်လိုင်းတွေ လုံလောက်မှု မရှိသေးပါဘူး။ လိုအပ်ချက်တွေ အများကြီး ရှိနေပါသေးတယ်။ BRT လိုကားတွေ မြို့တွင်းမြို့နယ်တွေ အကုန်လုံးကို မပြေးဆွဲပေးနိုင်သေးပေမယ့် နောက်ထပ် မြို့တွင်းမှာ ပြေးဆွဲသွားဖို့ ရှိပါတယ်။ 

BRT လို ကားမျိုးတွေက ခရီးသည်တွေအတွက် ပိုပြီးအဆင်ပြေတယ်။ ပိုပြီးလုံခြုံမှု ပေးနိုင်တယ်။ ရပ်ချင်တဲ့မှတ်တိုင် ရပ်လို့မရတဲ့အတွက် ခရီးသည်တွေ အချိန်ကုန်သက်သာတယ်။ နောက် လိုင်းကားတွေဆို ခရီးသည် အဆမတန်တင်တယ်။ ခရီးသည်တွေက အလုပ်သွားလုပ်ပြီး အိမ်ပြန်တဲ့အခါ လိုင်းကားကို တိုးဝှေ့စီးနေရတာတွေက မဟုတ်သေးဘူး။ အခုက ယာဉ်လိုင်းတွေ တော်တော်များများက စည်းကမ်းမရှိတာက များနေတယ်။ တချို့ယာဉ်လိုင်းတွေမှာ လိုင်စင်မရှိဘဲ တက်မောင်းနေတာမျိုးတွေ ရှိနေတယ်။ ဒါတွေက ခရီးသည်တွေအတွက် အန္တရာယ် ရှိတယ်။ လိုင်စင်မရှိတဲ့အတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း နားမလည်ဘူး။ အတင်းဝင် အတင်ထွက်တာမျိုးတွေ လမ်းကြောနားမလည်တာမျိုးတွေက မဖြစ်သင့်တော့ဘူးလို့ ထင်တယ်။ ဒါကြောင့် ယာဉ်လိုင်းတွေ အားလုံးကို လိုင်စင်အနီတစ်မျိုးတည်း ထုတ်ပေးထားတာမျိုးက ခရီသည်တွေအတွက် စိတ်ချယုံကြည်ရမယ်လို့ ထင်ပါတယ်။ ခရီးသည်တွေအတွက် Safe မဖြစ်စေမယ့် ယာဉ်အိုယာဉ်ဟောင်းတွေကိုလည်း အသုံးမပြုတာ ကောင်းပါတယ်။    
     
“ယာဉ်ကြံ့ခိုင်မှုပိုင်းမှာ အရမ်းကြီး ကောင်းမွန်တာမျိုး မရှိတဲ့ ကားမျိုးတွေကို အသုံးပြုနေတာတွေကိုလည်း ပြန်လည်စိစစ်ဆောင်ရွက်ပေးမယ်ဆို ခရီးသည်တွေအတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်”
ဦးသန်းလှိုင် (ယာဉ်နောက်လိုက်၊ ရွှေရန်ကုန်ယာဉ်လိုင်း)

လက်ရှိမှာ ခရီးသည်နဲ့ ယာဉ်လိုင်းက မမျှဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ ကားလိုင်းက ဥက္ကံလို နေရာမျိုးကနေ လာရတဲ့အတွက် တစ်နေ့မှာ တစ်ခေါက်ပဲ ပြေးဆွဲရတယ် ဆိုပေမယ့် ခရီးစကနေ ခရီးဆုံးအထိ လိုက်တဲ့ ခရီးသည်ဆိုတာ အတော်လေးနည်းတယ်။ လက်ရှိဖြစ်နေတဲ့ ပြဿနာက အမြဲတမ်း ခရီးသည် အပြည့်ရတဲ့အချိန် ဆိုတာ အတော်လေးရှားတယ်။ တချို့ယာဉ်လိုင်းတွေ အများအားဖြင့် မြို့ထဲမှာမောင်းတဲ့ ယာဉ်လိုင်းတွေက ရုံးတက်ရုံးဆင်းလို အချိန်မျိုးမှာ လူအမြဲပြည့်လေ့ ရှိပေမယ့် ကျွန်တော်တို့ကားတွေဆို ခရီးသည် မရှိဘူး။ အဲဒီလို ခရီးသည် မရတဲ့အတွက် ကျွန်တော်လို့လို ကားသမားတွေ အတွက်ကျ သိပ်အဆင်မပြေဘူးလို့ ပြောလို့ရတယ်။ လက်ရှိမှာ ယာဉ်လိုင်းတွေ လိုအပ်နေသေးတယ် ဆိုပေမယ့် ကျွန်တော်တို့ ယာဉ်လိုင်းတွေဆိုရင် ကားအစီးရေကများပြီး ခရီးသည်က နည်းနေတယ်။  

ကားများတဲ့အတွက် ခရီးသည်အတွက်က အဆင်ပြေပေမယ့် ကားသမားတွေဘက်ကျ အတော်လေး အဆင်မပြေတာမျိုးတွေ ကြုံရတယ်။ ဒါက မြို့တွင်းခရီးသည်နဲ့ မြို့ပြင်ပိုင်း မြို့နယ်တွေမှာ ရှိတဲ့ ခရီးသည်တွေရဲ့ ကွာခြားချက်ပါပဲ။ တကယ်လို့ ယာဉ်လိုင်းတွေ ထပ်တိုးမယ် ဆိုရင်တောင် ခရီးသည်တွေ သက်သောင့်သက်သာနဲ့ စီးလို့ရမယ့် ကားမျိုးတွေ ထပ်ပြီးချပေးသင့်ပါတယ်။ လက်ရှိမှာ ရှိနေတဲ့ ကားတွေထဲက ယာဉ်ကြံ့ခိုင်မှုပိုင်းမှာ အရမ်းကြီး ကောင်းမွန်တာမျိုး မရှိတဲ့ ကားမျိုး တွေကို အသုံးပြုနေတာတွေကိုလည်း ပြန်လည်စိစစ် ဆောင်ရွက်ပေးမယ်ဆို ခရီးသည်တွေအတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်။ 

ခိုင်ချယ်ရီထွန်း

ABOUT AUTHOR

ခိုင်ချယ်ရီထွန်း (ခိုင်ချယ်ရီထွန်း)