News

POST TYPE

AUTOMOBILE

Golden Jda Auto Service မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသိန်းဦးနှင့် တွေ့ဆုံခြင်း
10-Dec-2018
ကားအလိုင်းမင်း

“အလိုင်းမင်းလွဲပြီဆိုရင် တာယာအပြင်စား၊ အတွင်းစားတာတွေ ဖြစ်လာရော”

ကားတစ်စီး၏ အလိုင်းမင်း (Alignment) နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ အလိုင်းမင်းလွဲနေပါက ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများနှင့် ကားတစ်စီးကို ပုံမှန်စစ်ဆေးမှုလုပ်ဆောင်သင့်ပုံများကို Golden Jda Auto Service မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသိန်းဦးနှင့် The Voice Daily က တွေ့ဆုံမေးမြန်းထားမှုများကို ဖော်ပြအပ်ပါသည်။

Voice : ကားတစ်စီးရဲ့အလိုင်းမင်း တစ်ခုခုချို့ယွင်းနေပြီဆိုရင် ဘယ်လိုသိနိုင်မလဲ။ 
UTO : အလိုင်းမင်းကတော့ ကားမောင်းနေတဲ့ သူကတော့ ပိုသိနိုင်တာပေါ့။ သူ့ကားက ၉၀ ဒီဂရီ မှာရှိနေတာလား၊ ဒါမှမဟုတ် ဘယ်ဘက်ကို ကားက ဆွဲနေလား၊ ညာဘက်ကို ဆွဲနေတာလား။ ဒါပေမဲ့ ကားကဆွဲပြီဆိုရင်လည်း တစ်ဖက်တည်းကိုပဲ ဆွဲတယ်။ ဘယ်တော့မှ နှစ်ဖက်ကိုမဆွဲဘူး။ ဒါကတော့ ကားမောင်းတဲ့သူက သိနေရမှာပေါ့။ အဲဒီတော့ ဝပ်ရှော့ ရောက်လာပြီဆိုရင်လည်း အစ်ကိုတို့ကမေးရတယ်။ ကားက ဘယ်ကိုဆွဲနေတာလဲပေါ့။ အမျိုးမျိုး ပြောကြတာပေါ့။ တချို့ကလည်း ကားကဘယ်ဘက်ကို ဆွဲတယ်၊ ညာဘက်ဆိုပြီး ပြောကြတယ်။ အဲဒီလိုမျိုး တစ်ဖက်ဖက်ကိုဆွဲနေပြီဆိုရင် သေချာတယ်။ အဖြေက နှစ်ချက်ပဲ။ တိုင်းရော့ ချောင်နေလို့လား၊ တိုင်းရော့တွေ အတိုအရှည်မှားနေလို့လား။ နောက်တစ်ခုက ရှော့ဘားတစ်ဖက်ကို ၉၀ ဒီဂရီရှိနေရမှာကို ၉၀ ဒီဂရီမရှိတော့ဘဲ ကန်ဘာအောက်သွားလို့လား။ ဒါက အလိုင်းမင်းလွဲနေတယ်၊ ကားဆွဲနေတယ်ဆိုတဲ့ အကြောင်းအရင်းတွေပေါ့။ တချို့ကျတော့ အလိုင်းမင်းက မှန်နေတယ်။ တကယ်တော့ အလိုင်းမင်းဆိုတာ တိုင်းရော့တွေ ချိန်တာပဲ။ အဲဒါမှန်နေပြီး ကန်ဘာ အောက်နေရင်လည်း အလိုင်းမင်းဆွဲနေတာပဲ။ အဲဒီတော့ နောက်ဆက်တွဲက ဘာဖြစ်လာလဲဆိုရင် တာယာပါစားလာရော။ အတွင်းစားတာတို့၊ အပြင်စား တာတို့ ဖြစ်လာကုန်ရော။ အလိုင်းမင်းချိန်တယ်ဆိုတာ ရှေ့ဘီးကို အဓိကဦးစားပေးပြီးချိန်တာ။ နောက်ဘီးကိုပါ လိုက်ချိန်ရတဲ့ကားက ရှားသလောက်ပဲ။ မရှိတာတော့မဟုတ်ဘူး ရှိတာတော့ရှိတယ်။ ကားအများစုက နောက်ဘီးကအသေ ဖြစ်နေတဲ့အတွက် စာအရပြောရရင် နောက်ဘီးတွေက သုညဒီဂရီ အလိုင်းမင်း ဖြစ်နေရမှာပေါ့။ အဲဒီတော့ အလိုင်းမင်းမှန်နေဖို့က ရှေ့ဘီးတွေက ၉၀ ဒီဂရီရှိနေရမှာ။ အဲဒါမှ သူက မျဉ်းမတ်သွားမှာကိုး။ အခုပြောတာတွေက ဂျပန်ကား အိမ်စီးကားအမျိုးအစားတွေအတွက်ပေါ့။ 

Voice : အလိုင်းမင်းအောက်သွားတယ်ဆိုတဲ့ အခြေအနေမျိုးတွေက ဘယ်လိုကြောင့်ဖြစ်ရတာလဲ။ 
UTO : အလိုင်းမင်းတစ်ခုခုဖြစ်တယ်ဆိုတာကတော့ အဓိကလမ်းကြောင့်ဖြစ်တာပဲများတယ်။ နိုင်ငံခြားမှာတော့ လမ်းတွေက ရေပြင်ညီမျဉ်းလို လမ်းတွေဖြစ်ရင်တော့ အလိုင်းမင်းက တစ်နှစ်နေလို့ တစ်ခါချိန်ဖို့တောင် မလိုဘူးပေါ့။ ဒီက မြန်မာနိုင်ငံက လမ်းကျတော့ အလယ်ခုံးတယ်၊ ဘေးဆင်းတယ်။ အဲဒီတော့ အလိုင်းမင်းချိန်ထားပြီးတဲ့ကားက အလယ်ခုံးနေတဲ့လမ်းကို ခွပြီးမောင်းရတယ်။ အဲဒါမှ အမှန်ရတယ်။ ဘေးချမောင်းလိုက်ရင် ကိုယ်ချမောင်းလိုက်တဲ့ ဘက်တစ်ခုခုကို စောင်းသွားမယ်။ ဒီကလမ်းရဲ့ အထာက လမ်းခုံးဆိုတော့လေ။ ဒီမှာက ရေပြင်ညီလမ်းလို့ ပြောရမယ်ဆိုရင် ကွန်ကရစ်လမ်းလောက်ပဲ ရှိတယ်။ များသောအားဖြင့် လမ်းကောင်းရင် အလိုင်းမင်းက အမြဲချိန်နေစရာမလိုဘူး။ အလိုင်းမင်း ခဏခဏ ချိန်ရတာကလည်း ကားအသုံးပြုတဲ့သူနဲ့လည်း ဆိုင်တယ်။ ကားတစ်စီးတည်းကို လမ်းအစုံသုံးနေရင်တော့ အဲဒီကား ခဏခဏချိန်နေရမယ့်သဘော ရှိတာပေါ့။ များသောအားဖြင့် အလိုင်းမင်းသည် ပျက်လွယ်၊ လွဲလွယ်တာကတော့ လမ်းကြောင့်ဖြစ်ရတယ်။ ဒီကလမ်းတွေက ချိုင့်တွေ၊ ခွက်တွေနဲ့ အနိမ့်အမြင့်မညီဘူး။ အဲဒီ ချိုင့်တွေ၊ ခွက်တွေထဲ ကျသွားပြီဆိုရင် သွားပြီလေ။ ငါးမူးလုံးလောက်ပဲရှိတဲ့ တိုင်းရော့၊ မိန်းလုံးလေးတွေနဲ့ တည်ဆောက်ထားတာဆိုတော့ ခဏခဏ ချိုင့်ထဲ ကျကျသွားတယ်ဆိုရင် တဖြည်းဖြည်းအိအိကျလာမယ်။ တိုင်းရော့၊ မိန်းလုံးတွေ ချောင်လာကုန်ရော။ အဲဒီလိုမျိုးတွေဖြစ်လာရင် အလိုင်းမင်းတွေက တဖြည်းဖြည်းလွဲလာကုန်ရော။ အလိုင်းမင်းလွဲပြီဆိုရင် တာယာအပြင်စား၊ အတွင်းစားတာတွေ ဖြစ်လာရော။ 

Voice : ဒါဆိုရင် အလိုင်းမင်းတစ်ခုခုဖြစ်နေရင် တာယာကိုပဲ အဓိကပျက်စီးစေတာလား၊ တခြားအစိတ်အပိုင်းတွေရော ထိခိုက်မှုရှိလား။
UTO : အဓိက အလိုင်းမင်းလွဲနေပြီဆိုရင် တာယာကို အဓိက ပျက်စီးလိုက်တာ။ အခုက ကားအသစ်တွေပဲ ဖြစ်နေတာဆိုတော့ တစ်ပတ်တစ်ခါလောက်တော့ စစ်ဆေးသင့်တယ်။ ဆီ၊ ရေ၊ လေ၊ မီး၊ တာယာရော အောက်ပိုင်းတွေရော ပုံမှန်လေးစစ်ဆေးသင့်တယ်။ အဲဒီတော့ ကိုယ့်ကားက တစ်ခုခုဖြစ်နေတာကို မသိတာတို့၊ တာယာစားတာတွေကိုမသိဘဲ ဆက်မောင်းနေမယ်ဆိုရင် လူအရည်ပါးပါး လာသလိုပေါ့။ တာယာက ပါးပါးလာပြီး ပေါက်ထွက်သွားရောပေါ့။ အဲဒီလို ကိစ္စတွေဖြစ်လာရင် အန္တရာယ်များတာပေါ့။ 

Voice : နောက်ပြီးတော့ ဒီကကားအသုံးပြုသူတွေ ခရီးသွားခါနီး တစ်ရက်လောက်ပဲခွာပြီး ကားစစ်ဆေးနေတဲ့ကိစ္စကို ဘာများအကြံပြုချင်လဲ။ 
UTO : အဲဒါကတော့ လုံးဝမလုပ်သင့်တဲ့ အရာတစ်ခုပဲ။ ခရီးသွားခါနီးမှာ အောက်ပိုင်း၊ ဘာညာ စစ်ဆေးတယ်ဆိုတဲ့ အယူဝါဒ အစွဲအလမ်းက ဖယ်ပစ်ရမယ်။ မိမိကားလေးရဲ့ ကားကျန်းမာရေးလေးအတွက်တော့ တစ်လတစ်ခါ၊ တစ်လခွဲတစ်ခါလောက်တော့ စစ်ဆေးသင့်တယ်။ ကားအလုံးစုံ ပြုပြင်ထိန်းသိမ်းတဲ့ကိစ္စကတော့ တစ်နှစ်တစ်ခါလောက်တော့ စစ်ဆေးသင့်တယ်။ အိမ်စီးကားတစ်စီးက တစ်နှစ်မှာတစ်ခါလောက် လုပ်ထားမယ်ဆိုရင် ဘာအန္တရာယ်မှ သိပ်မရှိနိုင်တော့ဘူး။ နေမကောင်းမှ ဆေးသွား ထိုးတယ်ဆိုတဲ့ ကိစ္စမျိုးကတော့ မကောင်းဘူးပေါ့။ နေမကောင်းမဖြစ်ခင်ကတည်းက ပြင်ဆင်သင့်တာ ပြင်ဆင်ရမှာပေါ့။ ခရီးသွားခါနီးမှ အလိုင်းမင်း လာချိန်ကြတယ်၊ အောက်ပိုင်းလာစစ်ကြတယ်ဆိုတာ မျိုးတွေ မလုပ်စေချင်ဘူး။ 

Voice : နောက်ထပ်အကြံပြုပြောချင်တာများ ရှိသေးလား။
UTO : ကျွန်တော်တို့ဆီမှာက ကားမောင်းတတ် တာပဲရှိကြတာ။ ဒါက အကြံပြုပြောတာပါ။ ကားသော့ ဖွင့်စက်နှိုးပြီးတာနဲ့ တစ်ခါတည်း တန်းထွက်သွားတဲ့ ကိစ္စတွေက ဒါက ကိုယ့်ကားကို ဖျက်ဆီးပစ်နေတာပဲ။ စက်နှိုးပြီးတာနဲ့ တစ်မိနစ်၊ နှစ်မိနစ်လောက်တော့ ခဏထားထားဖို့ လိုသေးတယ်လေ။ အင်ဂျင်ကြီးထဲမှာ ချောဆီတွေ မလည်ပတ်သေးဘူး။ ဆီ၊ ရေ၊ လေ မစုံသေးဘဲ ကားထွက်သွားတဲ့အခါကျတော့ ကားရဲ့ အစိတ်အပိုင်းတွေ နာကုန်တာပေါ့။ တစ်ညလုံးရပ်ထားတဲ့ကားက ဆီ၊ ရေ၊ လေ အားလုံးစစ်နေတာ။ ပြီးတော့ ကားထွက်ပြီဆိုရင် ကားဒိုင်ခွက်ထဲမှာ ဘာမီးတွေလင်းနေလဲ စစ်ဆေးသင့်တယ်။ တစ်ခုခု မီးလင်းနေပြီဆိုရင် ဝပ်ရှော့တွေနဲ့ တိုင်ပင်သင့်တယ်။ တချို့မီးတွေက ထွက်လို့ရတယ်။ တချို့မီးတွေကျတော့ ထွက်လို့မရတာတွေရှိတယ်လေ။ နောက်ပြီး စတီယာရင်က လေးနေတာလား ချောင်နေတာလားပေါ့။ ကား မောင်းတဲ့သူက ဒါတွေသိထားမယ်၊ ဂရုစိုက်နေမယ်ဆိုရင် ကားအပျက်လည်းနည်းမယ်။ ကိုယ့်အတွက်လည်း အန္တရာယ်ကင်းတာပေါ့။ ကားမောင်းတတ်ထားတဲ့အပြင် ကားနဲ့ပတ်သက်တဲ့ အခြေခံသိသင့်သိထိုက်တာတွေတော့ လေ့လာထားသင့်တယ်။

Voice : အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။ 

အောင်သီဟ


  • VIA