News

POST TYPE

AUTOMOBILE

အကောင်အထည်မဖော်နိုင်သေးသော YBS ကတ်စနစ်
10-Dec-2018


“YRTA နဲ့လုပ်တဲ့ အစည်းအဝေးတွေမှာ ဆွေးနွေးထားတာတော့ မရှိသေးပါဘူး”
ကိုတရုတ်လေး (YBS ၂၁၊ ယာဉ်လိုင်းပိုင်ရှင်)

လက်ရှိမှာတော့ YRTA နဲ့လုပ်တဲ့ အစည်းအဝေးတွေမှာ ဆွေးနွေးထားတာတော့ မရှိသေးပါဘူး။ လက်ရှိကတ်နဲ့သွားတဲ့စနစ်ကို သွားဖို့ဆိုတာက ရန်ကုန်တစ်မြို့လုံး အတိုင်းအတာအနေနဲ့ကျ မြန်မြန်လုပ်ဖို့ မဖြစ်နိုင်သေးဘူး။ ဒီလိုလုပ်ဖို့ အတွက် နည်းပညာတွေလိုတယ်။ ဂျပန်ကလုပ်တဲ့ ကတ်စနစ်ဆို သူတို့က ပုံစံနှစ်မျိုးနဲ့ သွားတယ်။ ကတ်စနစ်ရယ်၊ Cash Box မှာ ငွေထည့်စီးရတဲ့ ပုံစံရယ်နဲ့ သွားတယ်။ လက်ရှိမှာ ကျွန်တော်တို့ယာဉ်လိုင်းမှာ ယာဉ်အစီးရေငါးဆယ်ရှိပြီး စမ်းသပ်တဲ့အနေနဲ့ ပြေစာစနစ်နဲ့ သွားကြည့်နေတဲ့ ကားနှစ်စီးရှိတယ်။ ဒီလိုသွားတဲ့အတွက် လက်မှတ်စစ်ဝန်ထမ်းတွေ ထပ်ခန့်ရမယ်။ ပြေစာနဲ့သွားတာ YBS တစ်စီးချင်းစီမှာ တပ်ဆင်ရတဲ့ စက်ရဲ့တန်ဖိုးက တစ်လုံးတင် ဒေါ်လာ ၁၀၀၀ လောက် ပေးရတယ်။ နောက်တစ်ခုက စက္ကူစရိတ်။ နောက်ကတ်စနစ်နဲ့ကျ ကိုယ့်သဘောနဲ့ စထားဖို့ကျ ကားမှာ တပ်ဆင်ရမယ့် စက်ရဲ့တန်ဖိုးကကြီးတယ်။ တကယ်တမ်းကိုယ်က ကတ်စနစ်နဲ့ လုပ်မယ်ဆိုပြီး စက်တွေတပ်မယ် ဆိုရင်တောင် တကယ်တမ်း ကတ်စနစ်နဲ့သွားတဲ့အခါကျ ကိုယ်တပ်ထားတဲ့စက်က သူတို့နည်းပညာနဲ့ မကိုက်ရင် အဆင်မပြေဘူး။ လတ်တလော သတင်းတွေမှာ ကတ်စနစ်ကို ဧပြီလအတွင်းမှာ စနိုင်မယ်ဆိုတာတွေ ဖတ်ရပေမယ့် တကယ်တမ်းတော့ YRTA မှာတော့ ဆွေးနွေးတာမျိုး မရှိသေးပါဘူး။ 



“မူရင်းရည်ရွယ်ချက်တောင် အကောင်အထည်ဖော်ဖို့ လမ်းပျောက်နေသလိုပါပဲ”
ကိုထက်ဉာဏ်ထူး (YBS ခရီးသည်တစ်ဦး)

ကတ်စနစ်က ပြောပြီးဖြစ်မလာတော့ စိတ်ပျက်စရာ ကောင်းတာပေါ့ဗျာ။ အခုငွေကို ပုံးထဲထည့်ရတဲ့စနစ်က ခရီးသည်တွေအတွက် အခက်အခဲဖြစ်တယ်။ အကြွေမရှိရင် ကားပေါ်တက်ဖို့ အချိန်ကြာတာရော၊ ရှေ့လူအကြွေလဲလို့ကတော့ နောက်ကတက်ဖို့ တန်းစီနေရောပဲ။ ဆူးလေနားမှာ ငွေအကြွေလဲပေးတာမျိုးတော့ရှိတယ်။ ဒါပေမဲ့ ဆူးလေနားကစီးတဲ့ သူတွေအတွက်ပဲ ဖြစ်မှာပေါ့။ ကျွန်တော်တို့တော့ တစ်ခါနှစ်ခါပဲ ကြုံဖူးတယ်။ ကတ်နဲ့ဆိုလည်း ဖုန်း top-up လို လွယ်လွယ်ကူကူ ငွေဖြည့်နိုင်ရင် အကောင်းဆုံးပဲ။ အရင်စနစ်ထက် ကားတွေပိုကောင်းလာတာက လွဲလို့ ဘာမှမထူးတော့ပါဘူး။ ကားလမ်းပိတ်တာလည်း လျော့မသွားဘူး။ သူတို့ မူရင်းရည်ရွယ်ချက်တောင် အကောင်အထည်ဖော်ဖို့ လမ်းပျောက်နေသလိုပါပဲ။ အပြင်မှာ တချို့လိုင်းတွေ အများပိုင် မပြောင်းသေးဘဲ ဆွဲချင်သလို ဆွဲနေတာတွေ၊ အောက်ဆိုက်ကားတွေပပျောက်ပြီး စည်းကမ်းရှိရှိ စနစ်တကျမောင်းတဲ့ ကားတွေ စီးချင်ပါတယ်။ 

“ငွေအကြွေပြဿနာက ခဏခဏကြုံနေရတာ”
မမြတ်သီရိထက် (ခရီးသည်)

ကတ်စနစ်ကို ပိုပြီးအဆင်ပြေမယ် ထင်တယ်လို့ ပြောရတာက ငွေအကြွေ ပြဿနာကြောင့်ပါ။ ငွေအကြွေပြဿနာက ခဏခဏကြုံနေရတာ။ ရန်ကုန်မှာ ဘတ်စ်အမြဲစီးနေရတဲ့ သူတစ်ယောက်အနေနဲ့ ငွေအကြွေက တော်တော်လေးကို ရှားပါးသလို တော်တော်လေးကို အဖိုးတန်တယ်လို့ ခံစားဖူးတဲ့အချိန်တွေ အများကြီးရှိတယ်။ အများကြီးရှာပြီး စုထားတတ်ပေမယ့် တစ်ခါတလေ လုံးဝမရှိတော့တဲ့ အချိန်မျိုးမှာ ဘယ်မှာရှာရှာ မရတော့တာမျိုးလေ။ ဈေးဝယ်ပြီး အကြွေတွေအမ်း ပြန်တော့လည်း ဆိုင်ရှင်တွေဘက်ကလည်း အကြွေမအမ်းပေးချင်တာမျိုးပေါ့။ အဲဒီတော့ ကတ်စနစ်ပြောင်းဖို့အတွက်က YBS စလုပ်ကတည်းက ကတ်တွေနဲ့လုပ်မယ်လို့ ပြောထားပြီး အခုက တစ်နှစ်တောင်ကျော်ပြီ၊ အခုအထိ အကောင်အထည် မဖော်နိုင်သေးတာကို အမြန်ဆုံးအကောင် အထည်ဖော်ပေးစေချင်ပါတယ်။

ခိုင်ချယ်ရီထွန်း 
 


  • VIA