News

POST TYPE

AUTOMOBILE

ကားဘောနက်ဟခြင်းနဲ့ Heat တက်တဲ့အယူအဆအမှားများ
26-Nov-2018


ရန်ကုန်က အငှားယာဉ်တွေ၊ တချို့အိမ်စီးကားတွေနဲ့ အင်ဂျင်ပါဝါ ၁၃၀၀ နဲ့ ၁၅၀၀ စီစီကြား လုပ်ငန်းသုံးအဖြစ် သုံးနေတဲ့ ကားသေးတွေရဲ့ ကားဘောနက်ဖုံးတွေကို Lock ကျအောင်မပိတ်ဘဲ ဟထားတာကို တွေ့ရပါတယ်။ ဟိုးအရင် ၂၀၁၀ မတိုင်ခင်ကတော့ ဒီလိုမျိုးလုပ်တဲ့ပုံစံမျိုးတွေ တွေ့ရခဲပါတယ်။ အခုတော့ တော်တော်လေးများလာပါတယ်။ 

ဘာကြောင့် ဘောနက်ဟထားရတာလဲ

ဒါကိုဘာကြောင့်လုပ်ကြတာလဲဆိုတော့ ရန်ကုန်ရဲ့ ပူပြင်းတဲ့ရာသီဥတုအခြေအနေကြောင့် အင်ဂျင် Heat တက်တာကို သက်သာစေဖို့အတွက် ဒီလို လုပ်ကြတာလို့ ဆိုကြပါတယ်။ အဲဒီအယူအဆဟာ လုံးဝ (လုံးဝ) လွဲမှားနေပါတယ်။

ဘာလို့မှားလဲဆိုတော့ ကား Engine မှာ အခြေခံအားဖြင့် အမျိုးအစားနှစ်မျိုးရှိပါတယ်။

- အတွင်းပူအင်ဂျင် (Internal Com- bustion Engine)

- အပြင်ပူအင်ဂျင် (External Com- bustion Engine) ဆိုပြီးတော့ ၂ မျိုးရှိပါတယ်။ 

အတွင်းပူအင်ဂျင် (Internal Combustion Engine)

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတွေ့နေရတဲ့ Engine တွေအကုန်လုံးနီးပါးဟာ Internal Combustion Engine ဖြစ်တဲ့ အတွင်းပိုင်းမီးလောင် ပေါက်ကွဲမှုနဲ့ လည်ပတ်ရတဲ့အင်ဂျင်တွေပါ။ ဒီအင်ဂျင်တွေလည်ပတ်နိုင်ဖို့ NOT( Normal Operation Temperature) ဆိုတဲ့ သတ်မှတ်အပူချိန် တစ်ခုလိုပါတယ်။ ဒီတော့ တချို့လူတွေထင်သလို အင်ဂျင်အေးရင်ကောင်းတယ်ဆိုတဲ့ အယူအဆဟာ လုံးဝမှားနေတာဖြစ်ပါတယ်။

အင်ဂျင်ဟာ မအေးလွန်း၊ မပူလွန်းဘဲ သတ်မှတ် အပူချိန် စင်တီဂရိတ်ကြားမှာရှိနေမှ ဒီအင်ဂျင် လည်ပတ်နိုင်သလို၊ အင်ဂျင်သက်တမ်း ကြာရှည်ခံမှာပါ။ အေးလွန်းရင်အင်ဂျင် မလည်ပတ်နိုင်သလို (အေးသောရာသီမှာ ဆိုင်ကယ်၊ ကားအင်ဂျင်တွေ နှိုးရခက်တာ သတိရပါ။)၊ ပူလွန်းရင် အင်ဂျင်ထဲက စလစ် (Sleeve) ဟာ ပွလာပြီး စလစ်ရဲ့ အချင်း (Diameter) တွေကျဉ်းသွားပါမယ်၊ စလစ်ထဲမှာ အတက်အဆင်း လုပ်ရတဲ့ Piston (ပစ်စတင်) တွေ ပွလာပြီး အချင်း (Diameter) ကျယ်လာပါမယ်။ အဲဒီမှာ Piston နဲ့ Sleeve ဖမ်းပြီး အင်ဂျင်ပျက်စီးပါမယ်။

နောက် Engine Head နဲ့ Engine Block ကြားက Gasket ပျက်ပါမယ်၊ နောက်ထပ် Engine Head ခုံးတာ ကော့တာ လိမ်တာဖြစ်နိုင်ပါသေးတယ်။ ဒီလိုမဖြစ်ရအောင် ကားအင်ဂျင် ထုတ်လုပ်တဲ့ Company တွေက Normal Operation Temperature တစ်ခုသတ်မှတ်ပေးပြီး သတ်မှတ်အပူချိန် မကျော်လွန်အောင် အအေးပေးစနစ်တွေသုံးပြီး ထိန်းချုပ်ပါတယ်။

Normal Operation Temperature (NOT)

NOT ကို ကား Company တွေရဲ့ Engineering Design အပေါ်မူတည်ပြီး ယေဘုယျအားဖြင့် ၈၀ ဒီဂရီဆဲလ်ဆီးယက်ကနေ ၉၅ ဒီဂရီဆဲလ်ဆီးယက် အထိသတ်မှတ်ထားပြီး အပူချိန်သတ်မှတ်ပေးထားပါတယ်။ (အင်ဂျင်ဒီဇိုင်းပေါ်မူတည်ပြီး သတ်မှတ်အပူချိန် အတိအကျကတော့ ကွဲပြားပါတယ်။)

အဲဒီလို NOT အပူအတွင်းရှိအောင် ဘာနဲ့ထိန်းချုပ်သလဲဆိုရင် Cooling System ဆိုတဲ့ အအေးပေးစနစ်နဲ့ ထိန်းချုပ်ပါတယ်။ Cooling System မှာ . . .

(၁) Air Cool

(၂) Water Cool ဆိုပြီး အခြေခံအအေးပေးစနစ် နှစ်မျိုးရှိပါတယ်။

အခုခေတ် ကားတွေမှာ အသုံးပြုနေတာက ရေတိုင်ကီလို့ခေါ်တဲ့ Radiator တွေထဲက ရေတွေကို Impeller Pump နဲ့ Circulation လုပ်ပြီး အအေးခံတဲ့ Water Cool System ပါ။ ဒါကြောင့် ဘောနက်ဟစိပဲလုပ်လုပ်၊ မလုပ်လုပ်၊ အပြင်မှာ နေပူပူ၊ မပူပူ၊ အင်ဂျင်ပူတာ မပူတာ ဘာမှကွာခြားမှုမရှိပါဘူး။

အင်ဂျင်ရဲ့ Cooling System မှာရှိတဲ့ ပစ္စည်းတွေအကုန်ကောင်းပြီး သူတို့ရဲ့ Mechanism တွေ တိကျမှန်ကန်စွာ အလုပ်လုပ်နေသရွေ့ အင်ဂျင်ဟာ မပူလွန်း၊ မအေးလွန်းဘဲ Normal Operation Temperature အတွင်းမှာပဲရှိနေမှာပါ။

ဘောနက်ဟခြင်းရဲ့ အလွဲများ

ဒါကြောင့် ဘောနက်ဟစိလုပ်လို့ ဒီအပူချိန် ကျ မသွားသလို၊ ဘောနက်ပိတ်ထားလို့လဲ ပိုမပူပါဘူး။ သတ်မှတ်အပူချိန် ၈၀ ကနေ ၈၅ လောက်ဖြစ်လာရင် အင်ဂျင်မှာရှိတဲ့ Thermostat ဆိုတဲ့ ဘားကဖွင့်ပြီး ရေတိုင်ကီနဲ့ အင်ဂျင်ထဲက ရေတွေ လည်ပတ်ပါတယ်။ အပူချိန် ၈၅ ကနေ ၉၀ ကျော်လာရင် Radiator မှာရှိတဲ့ Fan ကထလည်ပြီး ရေတိုင်ကီကို အအေးခံပေးပါတယ်။ ရေတိုင်ကီပြန်အေးရင် သာမိုစတတ်ပြန်ပိတ်ပြီး ပြန်ပူလာမှာဖြစ်ပါတယ်။ အဲဒီလိုနဲ့ အအေးပေးစနစ် သံသရာလည်ပါမယ်။

ဘောနက်ဟစိလုပ်လို့ ဘာမှမထူးခြားပါ။ နောက်ပိုင်းဘယ်ကားကုမ္ပဏီမှ အပူချိန် သက်သာအောင် ဘောနက်ဖွင့်မောင်းရမယ်ဆိုပြီး Recommendation ပေးထားတာ မတွေ့ဖူးပါဘူး။ ဒီတော့ ဘောနက်ဖွင့်မောင်းလို့ အပူသက်သာတယ်ဆိုတာ လုံးဝမှားပါတယ်။ မြို့ထဲမှာ မောင်းနေရင်း ဘောနက်ဟစိလုပ်တာ မသိသာပေမယ့် အဝေးပြေးလမ်းမပေါ်တက်လို့ ဘောနက် Lock ကျအောင်မပိတ်ဘဲ ဟစိလေးလုပ်မောင်းနေရင် ၁၀၀ ကီလိုမီတာနှုန်းလောက်နဲ့ မောင်းနေချိန် Lock ပြုတ်ပြီး လေတိုးအားအရှိန်နဲ့ ဘောနက်ထပွင့်ရင် ရှေ့မြင်ကွင်းကွယ်ပြီး အားလုံးဒုက္ခရောက်နိုင်ပါတယ်။

နောက်ပြီးဘောနက်ဖုံးဟထားတာဟာ Heat တက်ပြီး ကားမီးလောင်တာကို ကာကွယ်နိုင်တယ်ဆိုတဲ့ အသိတွေကြောင့်ဖြစ်ပါတယ်။ ဒါဟာလည်း မှန်ကန်တဲ့ယူဆချက်တော့ မဟုတ်ပါဘူး။ မီးလောင်တာတွေဟာ ကားရဲ့ သတ်မှတ်ဝန်ထက် ပိုတင်ဆောင်မောင်းနှင်တာ၊ တစ်ရက်မောင်းနှင်ဖို့ထက် ပိုမိုမောင်းနှင်တာမျိုးတွေကြောင့် ဖြစ်ပါတယ်။ ဒီလိုတွေ လုပ်မယ်ဆိုရင် ဘောနက်ဟထားလည်း ဘာမှမထူးပါဘူး။ 

ကားမောင်းပြီးခြင်း အင်ဂျင်ကိုရေလောင်းတာ၊ ရေတိုင်ကီဖုံးမဖွင့်ရ

နောက်တစ်ခုက ကားကို တောက်လျှောက်မောင်းပြီးလို့ အင်ဂျင်ပူနေချိန်၊ အင်ဂျင်ကိုရေလောင်းတာမျိုး၊ ရေတိုင်ကီဖုံးကို ချက်ချင်းဖွင့်တာမျိုးမလုပ်သင့်ပါဘူး။ အင်ဂျင်တွေဟာ သတ္တုအင်ဂျင်၊ သံအင်ဂျင်တွေ ဖြစ်ပါတယ်။ သတ္တုတွေ၊ သံတွေဟာ အရမ်းပူနေတဲ့အချိန် ရုတ်တရက်အေးသွားတာ၊ အရမ်းအေးနေချိန် ရုတ်တရက်ပူသွားတာမျိုးဖြစ်ရင် သတ္တုအဆွဲ အကျုံ့သဘောအရ Crack ဖြစ်ပြီး ကွဲတတ်ပါတယ်။

နောက်ပြီးကားမောင်းမောင်းပြီးပြီးချင်း ရေတိုင်ကီဖုံးကို ရုတ်တရက်ဖွင့်ရင်လည်း အပူချိန်ကြောင့် ရေဆူနေမှာဖြစ်တဲ့အတွက် အပြင်ကို ရေပူတွေ ပန်းထွက်လာနိုင်တဲ့အတွက် ကားမောင်းမောင်းပြီး ပြီးချင်း ရေတိုက်ကီမဖွင့်ဖို့ သတိပေးလိုက်ပါတယ်။

ဒါတွေကတော့ ကားအသုံးပြုသူတို့ လွဲမှားစွာ မှတ်သားမိနေတဲ့ အချက်အချို့ကို တင်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီ Normal Operation Temperature အကြောင်းသဘောပေါက်ပြီဆိုရင် နေပူလို့ကား Heat တက်တယ်ဆိုတာ ဖြစ်နိုင်၊ မဖြစ်နိုင် ဆက်စပ်စဉ်းစားနိုင်ကြမယ်ထင်ပါတယ်။

ဟိန်းမြတ်စိုး 

Reference-Prime Auto Technology