News

POST TYPE

AUTOMOBILE

၂၄ နာရီ YBS
26-Nov-2018
“ယာဉ်လိုင်း ခြောက်လိုင်းလုံးကတော့ ဒီနှစ်ထဲမှာအပြီးဖြစ်ဖို့က နှစ်ကုန်ဖို့ ဘယ်လောက်မှ မလိုတော့တဲ့အတွက် မဖြစ်နိုင်သေးပါဘူး”
ဦးထွန်းတောက်ဝင်း (Omni Focus ကုမ္ပဏီ ဒါရိုက်တာ) 

ကျွန်တော်တို့ Omni Focus ကုမ္ပဏီက Airport Shuttle ယာဉ်လိုင်း အပါအဝင် ယာဉ်လိုင်း ၆ လိုင်းကို ၂၄ နာရီ ပြေးဆွဲပေးသွားဖို့ စီစဉ်နေပါတယ်။ လက်ရှိ ဒီနေ့(နိုဝင်ဘာလ ၂၅ ရက်) စတင်ပြေးဆွဲ ပေးသွားမယ့် Airport Shuttle Bus ကို ညဆယ်နာရီခွဲကနေ စတင်ပြီး နာရီ ဝက်ခြားတစ်ခါ ပြေးဆွဲပေးသွားမှာပါ။ ပြေးဆွဲပေးသွားမယ့်ခရီးစဉ်မှာ ယာဉ်မောင်း အပါအဝင် Security တစ်ဦးပါဝင်မှာပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ပုံမှန်ပြေးဆွဲပေးနေတဲ့အတိုင်း ငါးရာကျပ်ကောက်ခံသွားမှာပဲဖြစ်ပါတယ်။ လက်ရှိမှာ Airport Shuttle Bus ကို စတင်စမ်းသပ်ပြေးဆွဲပေးသွားမှာဖြစ်ပြီး နောက်ထပ်ယာဉ်လိုင်း နှစ်လိုင်းကိုလည်း လာမယ့်ဒီဇင်ဘာမှ စတင်ပြေးဆွဲပေးသွားဖို့ စီစဉ်နေပါတယ်။ ယာဉ်လိုင်း ခြောက်လိုင်းလုံးကတော့ ဒီနှစ်ထဲမှာ အပြီးဖြစ်ဖို့က နှစ်ကုန်ဖို့ ဘယ်လောက်မှမလိုတော့တဲ့အတွက် မဖြစ်နိုင်သေးပါဘူး။ ဒီဇင်ဘာမှ စတင်ပြေးဆွဲပေးသွားမယ့် ယာဉ်လိုင်းတွေကိုတော့ ယာဉ်စီးခ ဘယ်လိုကောက်ခံမယ်ဆိုတာတွေ ကျွန်တော်တို့ ဆွေးနွေးနေဆဲပါ။ ဒီဇင်ဘာလဆန်းပိုင်းလောက်မှာတော့ ဘယ်ယာဉ်လိုင်းတွေ ထပ်တိုးပြေးဆွဲပေးသွားမယ်၊ ယာဉ်စီးခ ဘယ်လောက်ကောက်ခံသွားမယ်ဆိုတာကို အသေးစိတ်ပြန်ထုတ်ပေးပါမယ်။ 
 
“၂၄ နာရီပြေးဆွဲပေးမှာထက်စာရင် ည ၁၂ ကနေ မနက် ၃ နာရီလောက် ဆွဲပေးတာ ပိုအဆင်ပြေမယ်လို့ထင်ပါတယ်”
ကိုဖြိုးသက်နိုင် (ခရီးသည်)

လက်ရှိယာဉ်လိုင်း ၆ လိုင်းက ၂၄ နာရီပြေးဆွဲပေးသွားမယ်ဆိုတာ သိပ်ပြီးတော့ အဓိပ္ပာယ်မရှိသလိုပဲလို့ မြင်ပါတယ်။ ဖြစ်နိုင်ရင် ည ၁၁၊ ၁၂ လောက်အထိ ပြေးဆွဲပေးတာ ပိုအဆင်ပြေမယ်လို့ထင်တယ်။ ပြီးတော့ YBS မှာ ကတ်စနစ်ဖြစ်ဖို့က အဓိက အရေးကြီးဆုံးကိစ္စပါ။ ဒါကိုပဲ အဓိကထား လုပ်သင့်တယ်။ ၂၄ နာရီ ပြေးဆွဲပေးမှာထက်စာရင် ည ၁၂ ကနေမနက် ၃ နာရီလောက် ဆွဲပေးတာ ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။ စင်ကာပူလိုနိုင်ငံမျိုးမှာတောင် ၂၄ နာရီ မဆွဲဘူး။ ည ၁၁ နာရီလောက်ဆိုသိမ်းပြီ။ ၂၄ နာရီပြေးမယ်ဆို ယာဉ်လိုင်းတွေအတွက် မအောင်မြင်နိုင်လောက်ဘူးလို့မြင်ပါတယ်။ ခရီးသည် မရနိုင်တဲ့အချိန်ဖြစ်နေတော့ စီးပွားရေးအရ ရှုံးနိုင်တယ်။ နောက်အကျဆုံးက ၁၂ လောက်အထိပါပဲ။ သူတို့ဘက်က အရှုံးခံထွက်မယ်ဆိုရင်တော့ ခရီးသည်တွေအတွက်က အဆင်ပြေတာပေါ့။ ၂၄ နာရီ လူအဝင်အထွက်ရှိတဲ့ အဝေးပြေးကားဝင်းတို့ ဈေးတို့ကို ဖြတ်သွားမယ့်လမ်းကြောင်းမှာ ပြေးဆွဲမယ်ဆိုရင်တော့ အထောက်အကူ တော်တော် ဖြစ်နိုင်ပါတယ်။ မဟုတ်ရင်တော့ သိပ်မထူးဘူး။ အခုလို ၂၄ နာရီ ပြေးဆွဲပေးမယ်ဆိုတော့ အောက်ဆိုက်ကားစီးနေရတဲ့ ခရီးသည်တွေအတွက်တော့ အများကြီး အဆင်ပြေမှာပါ။ လက်ရှိ ပြေးဆွဲပေးမယ့် ယာဉ်လိုင်းတွေထဲမှာ ကျွန်တော်တို့ စီးနေကျ ယာဉ်လိုင်းတွေ မပါသေးပါဘူး။ YBS ၇၈ ကိုလည်း ပြေးဆွဲပေးစေချင်ပါတယ်။

“တစ်ခုအကြံပေးချင်တာက ညဘက်ဆိုတော့ အဲ့ကားတွေမှာ Security လေးတစ်ယောက်လောက်ပါရင် ပိုပြီး Safe ဖြစ်မယ်လို့ထင်ပါတယ်”
ကိုသိန်းကို(ခရီးသည်)

ယာဉ်လိုင်းတွေ ၂၄ နာရီပြေးဆွဲ ပေးသွားမယ်ဆိုတော့ ကျွန်တော်တို့လို ညဘက် နောက်ကျမှ အိမ်ပြန်တဲ့ ခရီးသည်တွေအတွက် သွားရေးလာရေးက တော်တော်လေး အဆင်ပြေသွားမယ်လို့ မြင်ပါတယ်။ အရင်က ည ၁၀ နာရီ နောက်ပိုင်းဆို အောက်ဆိုက်ကားတွေပဲ အားကိုးနေရတာ။ အခုဒီယာဉ်လိုင်းတွေကျ ခရီးသည်တွေအတွက် ပိုအဆင်ပြေသွားမယ်။ အောက်ဆိုက်ကားတွေထက်စာရင် ပိုပြီးလဲ Safe ဖြစ်မယ်လို့ ခံစားရတယ်။ Comfortable လည်း ပိုဖြစ်သွားမယ်။ အောက်ဆိုက်ကားတွေကတော့ ချက်ချင်းကြီး ပျောက်သွားမယ်မထင်ဘူး။ ယာဉ်လိုင်းတွေ ထပ်ပြီး တိုးချဲ့ပြေးဆွဲပေးသွားမယ်ဆိုရင်တော့ တဖြည်းဖြည်းနဲ့ ပျောက်သွားနိုင်ပါတယ်။ အခုလို YBS ယာဉ်လိုင်းတွေက ညဘက် ၂၄ နာရီ ပြေးဆွဲပေးသွားမယ်ဆိုတော့ ခရီးသည်တွေအတွက် တော်တော်လေးတော့ အဆင်ပြေသွားမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ တစ်ခုအကြံပေးချင်တာက ညဘက်ဆိုတော့ အဲ့ကားတွေမှာ Security လေးတစ်ယောက်လောက်ပါရင် ပိုပြီး Safe ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီလို ၂၄ နာရီ ပြေးဆွဲပေးသွားတဲ့အတွက် ညဘက်နောက်ကျတဲ့ ခရီးသည်တွေအတွက် ကားမရှိတော့ဘူးဆိုပြီး စိတ်မပူရတော့ဘူး။ ညဘက် ဟိုနား သည်နား သွားချင်ရင်တောင် လိုင်းကားလေးရှိတော့ အဆင်ပြေသွားတာပေါ့။ အခုလို စီစဉ်ပေးတဲ့အတွက် ယာဉ်လိုင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ခုနကပြောသလို ယာဉ်လိုင်းစုံအောင် ပြေးဆွဲပေးသွားဖို့ရယ် Security လေးပါ ပါရင်တော့ ခရီးသည်တွေအတွက် ပိုပြီး အဆင်ပြေမယ်လို့ အကြံပြုချင်ပါတယ်။

ခိုင်ချယ်ရီထွန်း