News

POST TYPE

AUTOMOBILE

သိထားသင့်တဲ့ အင်ဂျင်ဝိုင်အကြောင်း
22-Nov-2018

မော်တော်ကားတစ်စီး ပုံမှန်အလုပ်လုပ် နေဖို့အတွက် အမျိုးမျိုး အဖုံဖုံသော အရည်တွေ၊ ဆီတွေရဲ့ကဏ္ဍက အလွန်အရေးကြီးပါတယ်။ ဥပမာပြောရရင် ကားတစ်စီးမှာ အင်ဂျင်အအေးပေးဖို့သုံးတဲ့ Coolant အရည်တွေက အစ ဘရိတ်အတွက် ဘရိတ်ဆီ၊ ဂီယာ (Transmission) စနစ်အတွက် ဂီယာဝိုင်တွေအပါအဝင် လေကာမှန်ကိုဆေးဖို့ သာမန်ရေတွေအအဆုံး ဂရုတစိုက် စစ်ဆေးဖြည့်ဆည်းပေးနေဖို့လိုပါတယ်။ ဒီလိုဆိုတော့ ကားတစ်စီးမှာ အင်ဂျင်ဝိုင်က ဘယ်လောက်အရေးပါပြီး ဘယ်လိုတာဝန်တွေ ယူထားလဲဆိုတာကို ကြည့်လိုက်ကြရအောင်။

အင်ဂျင်ဝိုင်အရေးပါပုံ

အင်ဂျင်ဝိုင်က အပေါ်ကဆိုခဲ့တဲ့ အရည်တွေ၊ ဝိုင် (Oil) တွေထက် မရှိမဖြစ် ပိုအရေးကြီးပါတယ်။ အင်ဂျင်ဝိုင်တွေက ကားမှမဟုတ်ပါဘူး။ စက်ပိုင်းဆိုင်ရာ တော်တော်များများမှာလည်း အရမ်းအရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ကားအင်ဂျင်အတွက် အင်ဂျင်ဝိုင်က တခြားအရည်တွေ၊ အဆီတွေထက် မရှိမဖြစ် အရေးပါပါတယ်။ ဘာလို့ဆိုကျန်တဲ့အရည်နဲ့ ဝိုင်တွေဟာ ကားတစ်စီးလုံးရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ အင်ဂျင်နဲ့တိုက်ရိုက် မသက်ဆိုင်ဘဲ အင်ဂျင်ဝိုင်ကသာ အင်ဂျင်နဲ့တိုက်ရိုက်သက်ဆိုင်နေတာကြောင့်ပါ။

အင်ဂျင်ဝိုင် အလုပ်လုပ်ပုံနဲ့ ကောင်းကျိုး၊ ဆိုးကျိုး

အင်ဂျင်ကို အင်ဂျင်ဝိုင်က ဘယ်လိုအကျိုးပြုသလဲဆိုရင် အင်ဂျင်ဝိုင်က အင်ဂျင်ထဲမှာ ချောဆီလို အလုပ်လုပ်ပြီး အထဲမှာရှိတဲ့ အစိတ်အပိုင်းတွေကို ချောချောမွေ့မွေ့ လည်ပတ်နိုင်အောင် ကူညီပေးပါတယ်။ ဒါက အင်ဂျင်ဝိုင်ရဲ့ အဓိက လုပ်ဆောင်ချက်လို့လည်း ဆိုရမှာဖြစ်ပါတယ်။ ဒါ့အပြင် အင်ဂျင်ဝိုင်က အင်ဂျင်ထဲမှာရှိတဲ့ အပူကို အတိုင်းအတာတစ်ခုအထိ စုပ်ယူပေးနိုင်ပြီး အလားတူစွာပဲ အင်ဂျင်ထဲမှာရှိတဲ့ အက်စစ်ဓာတ်တွေကို ဓာတ်ပြယ်သွားစေနိုင်အောင်လည်း စွမ်းဆောင်ပေးပါတယ်။ အင်ဂျင်အတွင်းခန်း လောင်ကျွမ်းမှုကြောင့် ဖြစ်လာတဲ့ ကာဗွန်မှုန့်နဲ့ ရေတွေကိုလည်း စုပ်ယူထိန်းချုပ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒီလို ကောင်းကျိုးများစွာပြုနိုင်တဲ့ အင်ဂျင်ဝိုင်က အချိန်ကြာလာတာနဲ့အမျှ အင်ဂျင်အတွင်း အပူချိန်ကြောင့် စွမ်းဆောင်ရည်တွေ ကျလာတတ်ပါတယ်။ အပူကြောင့် သူ့ရဲ့ ချောဆီလို အလုပ်လုပ်တဲ့စွမ်းရည်တွေ ကျဆင်းသွားတတ်သလို အက်စစ်ဓာတ်တွေကို ဓာတ်ပြယ်အောင် ပြုလုပ်ပေးနိုင်တဲ့သတ္တိတွေလည်း လျော့ပါးသွားတတ်ပါတယ်။ ဒါ့အပြင် ကာဗွန်မှုန့်တွေကိုလည်း ဆက်လက်စုပ်ယူနိုင်စွမ်း မရှိတော့ပါဘူး။

ဒီလိုဆို သက်တမ်းကုန်သွားတဲ့ အင်ဂျင်ဝိုင်က အင်ဂျင်ကို ဘယ်လိုအန္တရာယ် ဖြစ်စေလောက်တယ်ဆိုတာ ခန့်မှန်းလို့ရပါလိမ့်မယ်။ အင်ဂျင်ဝိုင်စွမ်းဆောင်ရည်ကျသွားတာကြောင့် အင်ဂျင်အတွင်းမှာ အက်စစ်ဓာတ် မြင့်တက်လာနိုင်သလို ကာဗွန်နဲ့ တခြားအညစ်အကြေးတွေက ထောင့်ချိုးနဲ့ အစိတ်အပိုင်းတွေဆီမှာ စုပြုံလာပါတယ်။ ပြီးတော့ ချောဆီတွေလို စွမ်းဆောင်ရည်လည်း ကျသွားတာကြောင့် အင်ဂျင်အစိတ်အပိုင်းတွေ ချောချောမွေ့မွေ့ လည်ပတ်ဖို့အတွက် အကူအညီ သိပ်မပေးနိုင်တော့ပါဘူး။ ဒါကြောင့် သက်တမ်းစေ့သွားတဲ့ အင်ဂျင်ဝိုင်ကို အသစ်လဲလှယ်အသုံးပြုသင့်ပြီး အင်ဂျင်ဝိုင်စစ်ဆေး လဲလှယ်တဲ့ကိစ္စကို ပေါ့ပေါ့တန်တန် သဘောမထားစေချင်ပါဘူး။ ဒီလိုဆိုရင် နောက်ပိုင်းမှာ လုပ်ငန်းသုံးကားတွေအတွက်ဆိုရင် ဝင်ငွေထက် ထွက်ငွေက ပိုမိုများပြားသွားနိုင်ပြီး ကိုယ်ပိုင်ကားတွေအတွက်ဆိုရင်လည်း အကုန်အကျများတဲ့ အင်ဂျင် ထိခိုက်ပျက်စီးမှုတွေ ဖြစ်လာပါလိမ့်မယ်။

နောက်တစ်နည်းပြောရရင် လူ့ခန္ဓာကိုယ်မှာ သွေးက အရေးပါသလို အင်ဂျင်တစ်လုံးမှာလည်း အင်ဂျင်ဝိုင်က အလွန်အရေးပါပါတယ်။ လူသားတွေမှာတော့ အဆုတ်နဲ့ နှလုံးက ခန္ဓာကိုယ်ထဲလည်ပတ်နေတဲ့သွေးကို ပြန်လည် သန့်စင်ပေးပေမယ့် စက်ယန္တရားဖြစ်တဲ့ ကားတွေမှာတော့ အင်ဂျင်ဝိုင်ကို ကားပိုင်ရှင်က လဲလှယ်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ သွေးမရောက်တဲ့ အစိတ်အပိုင်းတွေက ပုပ်ဆွေးသွားသလို အင်ဂျင်ထဲမှာ အင်ဂျင်ဝိုင်မရောက်တဲ့နေရာတွေက ထိခိုက်ပျက်စီးသွားနိုင်ပါတယ်။ အင်ဂျင်ဝိုင်ရဲ့ ဒီလိုအရေးပါအရာရောက်ပုံကို သိရှိပြီးတဲ့အခါ အင်ဂျင်ဝိုင် အမျိုးအစားတွေအကြောင်း ဆက်လက် လေ့လာကြည့်ရအောင်။

အင်ဂျင်ဝိုင် အမျိုးအစားများ

အင်ဂျင်ဝိုင်တွေကို အမျိုးအစားနှစ်မျိုးနဲ့ ထုတ်လုပ်ကြပါတယ်။ Mineral Oil နဲ့ Synthetic Oil ဆိုပြီးတော့ပေါ့။ အဲဒီကနေမှ အဆင့်ဆင့် ခွဲပြီးတော့ အမျိုးအစားအလိုက် ခွဲခြားထုတ်လုပ်ကြပါတယ်။ ဒါကြောင့်ကားပိုင်ရှင်တွေအနေနဲ့ ဒီအမျိုးအစားနှစ်ခုကိုတော့ သိထားဖို့လိုအပ်မယ်လို့ ထင်ပါတယ်။

Mineral Oil

Mineral Oil အမျိုးအစားတွေကတော့ ရှေးကျတယ်လို့ ပြောရမှာပါ။ ကားတွေပေါ်ပေါက်လာကတည်းက ပေါ်ပေါက်လာခဲ့တာမို့ပါ။ ဒီအမျိုးအစားကို ရေနံစိမ်းကနေ ချက်ယူပါတယ်။ ရေနံစိမ်းကို လောင်စာဆီဖြစ်အောင် အဆင့်ဆင့် ပြုပြင်ချက်လုပ်တဲ့ ဖြစ်စဉ်တွေရဲ့ အဆင့်တစ်ခုကနေ ဖန်တီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ Synthetic Oil တွေနဲ့ယှဉ်ရင် ဈေးပိုသက်သာပါတယ်။

Synthetic Oil ဆိုတာ

Synthetic Oil ဆိုတာ Mineral Oil ကို အခြေခံပြီး အဆင့်မြှင့်တင်ထုတ်လုပ်တဲ့ အင်ဂျင်ဝိုင်တွေပါ။ Mineral Oil ကို အခြေခံပြီး ဓာတုပစ္စည်းတွေ ထပ်ပေါင်းထည့်ပြီး အဲဒီဓာတုပစ္စည်းတွေကပဲ အင်ဂျင်ဝိုင်ကို ပိုမိုအသုံးခံအောင် စွမ်းဆောင်ပေးတဲ့ ပစ္စည်းတွေပါဝင်သလို အပူချိန်မြင့်လွန်း၊ နိမ့်လွန်းချိန်မှာ တည်ငြိမ်မှုရှိရှိ အလုပ်လုပ်နိုင်စေတဲ့ပစ္စည်းတွေနဲ့ အင်ဂျင်ဝိုင်ကို ပိုမိုကြည်လင်သန့်စင်စေတဲ့ ပစ္စည်းတွေပါဝင်တယ်။ Synthetic Oil တွေက Mineral Oil တွေထက် အရည်အသွေး ပိုကောင်း၊ အသုံးပိုခံသလို ဈေးလည်း ပိုကောင်းပါတယ်။ Synthetic Oil တစ်ခုရဲ့ ၇၀ ကနေ ၈၅ ရာခိုင်နှုန်းအထိကိုတော့ အခြေခံကုန်ကြမ်းဆီ Base Oil ကနေ ထုတ်လုပ်ထားတာဖြစ်ပြီး ၁၅ ကနေ ၂၅ ရာခိုင်နှုန်းကိုတော့ ထပ်ပေါင်း ဓာတုပစ္စည်းတွေနဲ့ ဖွဲ့စည်းထားပါတယ်။ Base Oil ကို အင်ဂျင်ဝိုင်ရဲ့ အခြေခံ အကျဆုံးပစ္စည်းအဖြစ် သတ်မှတ်နိုင်ပြီး Additives လို့ခေါ်တဲ့ ထပ်ပေါင်း ဓာတုပစ္စည်းတွေကတော့ စက်ချောဆီရဲ့ လုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်စေအောင် နောက်ပြီး စက်ချောဆီအတွက် လိုအပ်တဲ့ ကာကွယ်မှုတွေဖြစ်အောင် ထည့်သွင်းရတာ ဖြစ်ပါတယ်။

ထပ်ပေါင်းထည့်ထားတဲ့ ဓာတုပစ္စည်းတွေ Viscosity Index Improvers

ဒီဓာတုပစ္စည်းကတော့ အင်ဂျင်ဝိုင်ရဲ့ စေးပျစ်မှုညွှန်းကိန်းကို အထောက်အပံ့ဖြစ်စေတဲ့ ပစ္စည်းတွေကို အပူချိန် မြင့်မားလွန်းတဲ့ အခြေအနေမှာ အင်ဂျင်ဝိုင်ရဲ့စေးပျစ်မှု ပမာဏ လျော့ကျမသွားစေဖို့ ရည်ရွယ်ပြီး ပေါင်းစပ်ပါတယ်။

Detergents

Detergents ကိုတော့ အင်ဂျင်ရဲ့ သတ္တုမျက်နှာပြင်တွေ သန့်ရှင်းနေစေဖို့နဲ့ အပူချိန်မြင့်မားမှုကြောင့် ဖြစ်ပေါ်လာတတ်တဲ့ အညစ်အကြေး၊ အနယ်နဲ့ သံချေးတက်တာတွေကို ကာကွယ်ဖို့အတွက် ပေါင်းထည့်ရပါတယ်။

Anti-wear Agents

အချို့သော ဓာတုပစ္စည်းတွေကိုတော့ အင်ဂျင်မနိုးထသေးခင်အချိန်မှာ စက်ချောဆီနဲ့ မထိတွေ့စေဖို့ အင်ဂျင်ရဲ့ သတ္တုမျက်နှာပြင်တွေကို ကာကွယ်ဖို့အတွက် Anti-wear Agents လေးတွေကိုလည်း ပေါင်းစပ် ထည့်သွင်းရပါတယ်။

Foam Inhibitors

ကရိုင်းရှပ်(Crankshaft)တွေ စက်ချောဆီကို ဖြတ်ပြီးလည်တိုင်းမှာ အမြှုပ်ထလေ့ရှိပါတယ်။ ဒီ အကာအကွယ် ဓာတုပစ္စည်းတွေကိုတော့ အမြှုပ်တွေ မဖြစ်ပေါ်အောင်နဲ့ ဖြစ်လာတဲ့ အမြှုပ်တွေကို ချေဖျက်ပေးနိုင်အောင် ရည်ရွယ်ပြီး ထည့်သွင်းပေါင်းစပ်ပါတယ်။

အင်ဂျင်ဝိုင်တွေရဲ့ စံနှုန်း

အဲဒီလိုနဲ့ နောက်ပိုင်းခေတ်တွေမှာ Mineral Oil တွေကနေ Synthetic Oil တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီး အင်ဂျင်ဝိုင်တွေကို စံနှုန်းတွေသတ်မှတ်ပြီး ထုတ်လုပ်သူတွေက ဒေသအလိုက်၊ ကားအမျိုးအစားအလိုက် ကိုက်ညီမယ့် အင်ဂျင်ဝိုင် အမျိုးအစားတွေကို Synthetic Oil တွေအဖြစ်ပဲ ထုတ်လုပ်လာခဲ့ကြပါတယ်။ အဲဒီလိုနဲ့ အင်ဂျင်ဝိုင်ဘူး တစ်ဘူးချင်းစီပေါ်မှာ အင်ဂျင်ကို ဘယ်လိုအကျိုးပြုပေးနိုင်တဲ့ စာသားတွေကို တွေ့လာရသလို၊ ဆီစား သက်သာစေတယ်ဆိုတာမျိုး အကြောင်းအရာတွေကိုလည်း တွေ့လာရပါတယ်။ ဒါ့အပြင် ဘူးတွေပေါ် မှာ 10W-30, 5W-40 စတဲ့ ကိန်းဂဏန်းနဲ့ အက္ခရာပေါင်းစပ်ထားတဲ့ ရည်ညွှန်းချက်တွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒီရည်ညွှန်းချက်တွေကိုတော့ သာမန်လူတွေ နားလည်ဖို့ခက်ခဲပါတယ်။

ဒီရည်ညွှန်းချက်တွေက အင်ဂျင်ဝိုင်ရဲ့ စေးပျစ်မှုကို ဖော်ပြနေတာဖြစ်ပြီး စေးပျစ်မှုစံနှုန်းတွေကို The Society for Automobile Engineers(SAE) ဆိုတဲ့အဖွဲ့ကြီးက စမ်းသပ်စစ်ဆေး သတ်မှတ်ပေးပါတယ်။ အင်ဂျင်ဝိုင်ရဲ့ စေးပျစ်မှုဆိုတာ အင်ဂျင်ဝိုင်က ဘယ်လောက်လွယ်လွယ် စီးဆင်းနိုင်စွမ်းရှိတယ်။ ဒါမှမဟုတ် ဘယ်လောက် ပျစ်/ကျဲတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ပါတယ်။ SAE အဖွဲ့ကြီးက အင်ဂျင်ဝိုင်တွေကို ပုံမှန် အင်ဂျင်တစ်လုံး အလုပ်လုပ်တဲ့အချိန်မှာ ရှိတဲ့ ၂၁၀ 210 °F (98.9 °C) မှာ စမ်းသပ်ပြီး ရလာတဲ့ ရလဒ်တွေအပေါ် မူတည်လို့ အင်ဂျင်ဝိုင်ရဲ့ စေးပျစ်မှုကို အညွှန်းဖော်ပြချက်အနေနဲ့ ၂၀ ကနေ ၆၀ အထိ သတ်မှတ်ပေးပါတယ်။ ဘူး ဒါမှမဟုတ် ပုလင်းတွေပေါ်မှာတွေ့ရတဲ့ SAE 20 ဒါမှမဟုတ် SAE 30 ဆိုတာ မတူညီတဲ့ စေးပျစ်မှုနှစ်ခုကို ဖော်ပြထားတာပဲဖြစ်ပါတယ်။

အအေးပိုင်းဒေသမှာနေထိုင်သူတွေကတော့ 5W-30 လို ရည်ညွှန်းချက်တွေပါတဲ့ အင်ဂျင်ဝိုင်တွေကို တွေ့ရပါလိမ့်မယ်။ 5W ဆိုတဲ့ အဓိပ္ပာယ်က SAE အနေနဲ့ ဒီအင်ဂျင်ဝိုင်ကို အပူချိန်နည်းပါးတဲ့ဒေသမှာ စမ်းသပ်ထားပြီး အင်ဂျင်ဝိုင်ရဲ့စေးပျစ်မှုက အအေးပိုင်းဒေသတွေနဲ့ သင့်တော်မှုရှိတယ်လို့ ဖော်ပြနေတာဖြစ်ပါတယ်။ 5W-30 က SAE 30  ထက် ပိုကျဲနေပေမယ့် အေးချမ်းတဲ့ မနက်စောစောအချိန်မှာ ကားစက်နှိုးလိုက်တဲ့အခါ SAE 30 အင်ဂျင်ဝိုင်ရဲ့ 210 °F မှာ အလုပ်လုပ်တဲ့အတိုင်း စွမ်းဆောင်ပေးနိုင်တယ်။ ဒါကြောင့် ကားကို စက်နှိုးပြီးချင်း မောင်းနိုင်သလို ခဏချင်းမှာတင် အင်ဂျင်ပူနွေးအောင် စွမ်းဆောင်ပေးနိုင်ပါလိမ့်မယ်။

အညွှန်းနံပါတ်တွေ (5W-30)

အင်ဂျင်ဝိုင်တွေကို အပေါ်ကပြောခဲ့သလို ဒေသအလိုက် သုံးနိုင်ဖို့အတွက် အညွှန်းကိန်းတွေနဲ့ သတ်မှတ်ထားပါတယ်။ ပူတဲ့ဒေသမှာသုံးဖို့၊ အေးတဲ့ဒေသမှာသုံးဖို့အတွက်ဆိုပြီး ထုတ်လုပ်ထားပါတယ်။ အဲဒါတွေကို ဘယ်လိုသတ်မှတ်ထားတာလဲဆိုတော့ W ရှေ့မှာပါတဲ့ နံပါတ်တွေက အင်ဂျင်ဝိုင်ရဲ့ အအေးဆုံး အပူချိန်မှာရှိမယ့် စေးပျစ်မှုပမာဏကို ဖော်ပြပါတယ်။ နံပါတ်ငယ်ရင် ငယ်သလောက် အင်ဂျင်ဝိုင် အပျစ်ကျဲပြီးတော့ ရာသီဥတုအရမ်းအေးတဲ့ဒေသတွေအတွက် သင့်တော်ပါတယ်။ W ရဲ့နောက်က နံပါတ်ကတော့ အင်ဂျင်အလုပ် လုပ်နေတဲ့အချိန်မှာရှိမယ့် စေးပျစ်မှုပမာဏကို ဖော်ပြပါတယ်။ နံပါတ်ကြီးလေလေ အချိန်အကြာကြီး အလုပ်လုပ်မယ့်စက်တွေအတွက် သင့်တော်လေပါပဲ။ အင်ဂျင်ဝိုင်တစ်ခုဟာ အင်ဂျင်ရဲ့သတ္တုမျက်နှာပြင်တွေကို ပွတ်တိုက်မှုအား လျှော့ချနိုင်ဖို့အတွက် စေးပျစ်မှု ပမာဏနည်းဖို့လိုအပ်ပြီး အင်ဂျင်ရဲ့ မြင်းကောင်ရေ အားကို အပြည့်အဝ အသုံးချနိုင်ဖို့အတွက်တော့ စေးပျစ်မှုပမာဏများဖို့ လိုအပ်ပါတယ်။

ဘယ်လို အင်ဂျင်ဝိုင်ကို အသုံးပြုရမယ်ဆိုတာ

ကမ္ဘာပေါ်မှာ ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေ မြောက်မြားစွာရှိသလို ကားမော်ဒယ်လ် အမြောက်အမြားရှိပြီး မော်ဒယ်လ်တစ်ခုချင်းစီမှာလည်း အင်ဂျင်အမျိုးအစား မတူညီတဲ့ မူကွဲတွေရှိနေတာကြောင့် အသင့်တော်ဆုံး အင်ဂျင်ဝိုင်ကို ယေဘုယျ သဘောနဲ့တောင် ဖော်ပြဖို့မလွယ်ပါဘူး။ ဒါကြောင့် စာဖတ်သူရဲ့ကားမှာသုံးရမယ့် အင်ဂျင်ဝိုင် အမျိုးအစားကို ကားနဲ့အတူတွဲပါတဲ့ Manual မှာ ကြည့်ပါ။ အပူချိန်ကွာခြားမှုနဲ့ ပြောရမယ်ဆိုရင်တော့ အအေးပိုင်းဒေသတွေမှာ နေထိုင်သူတွေအတွက် စေးပျစ်မှု အားနည်းတဲ့ ဒါမှမဟုတ် ကျဲတဲ့ အင်ဂျင်ဝိုင် လိုအပ်ပါတယ်။

ဘယ်အချိန်မှာ အင်ဂျင်ဝိုင်လဲလှယ်မလဲ

အင်ဂျင်ဝိုင်လဲလှယ်မှုနဲ့ ပတ်သက်ပြီး ခရီးမိုင် သုံးထောင် (၄,၈၂၈ ကီလိုမီတာ)ပြည့်တိုင်းတစ်ကြိမ် ဒါမှမဟုတ် သုံးလတစ်ကြိမ် လဲလှယ်ရမယ်ဆိုတဲ့ စည်းကမ်းကို ဆယ်စုနှစ်ပေါင်းများစွာ လိုက်နာခဲ့ကြ ပါတယ်။ ဒါပေမဲ့ ခေတ်သစ်ကားတွေရဲ့ အင်ဂျင်တည်ဆောက်ပုံဟာ ပိုမိုအဆင့်မြင့်လာသလို အင်ဂျင်ဝိုင်တွေရဲ့ စွမ်းဆောင်ရည်ကလည်း ပိုကောင်းလာတာကြောင့် တချို့ကားတွေကဆိုခဲ့တဲ့ စည်းကမ်းကိုလိုက်နာစရာ မလိုတော့တာတွေရှိလာတယ်။ အခုခေတ်သစ်ကားတွေက မော်ဒယ်လ်ပေါ်မူတည်ပြီး မိုင်ငါးထောင်(၈,ဝ၄၇ ကီလိုမီတာ)ကနေ မိုင် တစ်သောင်း (၁၆,ဝ၉၃ ကီလိုမီတာ)အထိ အင်ဂျင်ဝိုင်မလဲဘဲ ခရီးနှင်နိုင်ပါတယ်။ လူအများစုက မိုင်ငါးထောင် မောင်းပြီးတိုင်း အင်ဂျင်ဝိုင်တစ်ကြိမ်လဲတဲ့ အလေ့အထရှိပေမယ့် ရန်ကုန်မြို့ထဲမှာ မောင်းနှင်သလိုမျိုး မကြာခဏ ရပ်လိုက်၊ မောင်းလိုက်လုပ်ရတဲ့ ခရီးတိုတွေကို မောင်းရတာများရင် အင်ဂျင်ဝိုင်ကို မိုင်ငါးထောင်မပြည့်ခင် ခပ်စောစောမှာတင် လဲပေးသင့်ပါတယ်။

တချို့ကားတွေမှာ အင်ဂျင်ဝိုင်ရဲ့ ညစ်ညမ်းမှုကို အာရုံခံပေးနိုင်တဲ့စနစ်တွေ ပါဝင်ပြီး အင်ဂျင်ဝိုင်လဲဖို့လိုတဲ့အခါ ဒက်ရှ်ဘုတ်ကတစ်ဆင့် အချက်ပြပေးနိုင်စွမ်းရှိပါတယ်။ ဥပမာ- Honda ရဲ့ Maintenance Minder စနစ်ဖြစ်ပြီး ဒီစနစ်က အင်ဂျင်ရဲ့ လည်ပတ်အလုပ်လုပ်ပုံကို စောင့်ကြည့်ပေးတယ်။ အင်ဂျင်ဝိုင် (သို့) ဂီယာဝိုင်လဲဖို့လိုတဲ့အခါ ဒက်ရှ်ဘုတ်ပေါ်မှာ ခွအသွင် Icon နဲ့ Service Code တွေကိုဖော်ပြပြီး မောင်းနှင်သူကို အချက်ပြသတိပေးပါတယ်။ ဒီလိုအချက်ပြစနစ်တွေကို လိုက်နာပြီး အင်ဂျင်ဝိုင်လဲတာ၊ စစ်ဆေးသင့်တာတွေ စစ်ဆေးတာစတဲ့ ဆားဗစ်တွေ ပြုလုပ်ပေးခြင်းအားဖြင့် အင်ဂျင်သက်တမ်းကို ရှည်ကြာစေပြီး အကုန်အကျများတဲ့ ပျက်စီးမှုတွေကလည်း ကာကွယ်နိုင်ပါလိမ့်မယ်။

ဟိန်းမြတ်စိုး