News

POST TYPE

AUTOMOBILE

ဦးဝင်းမွှေးနှင့် တွေ့ဆုံခြင်း
19-Nov-2018
ကားပလပ်

ကားတစ်စီး ပုံမှန်အမြန်နှုန်းဖြင့် မောင်းနှင်နိုင်ရန် အဓိက လုပ်ဆောင်ပေးလျက်ရှိသည့် ကားပလပ်နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ကားပလပ် မကောင်းတော့ပါက ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများနှင့် ကားပလပ်ကို မည်သို့ စစ်ဆေးပြုပြင်သင့်သည်များကို Auto Man Car Service မှ Maganetic Leader ဦးဝင်းမွှေးနှင့် The Voice Daily တို့ တွေ့ဆုံမေးမြန်းထားမှုများကို ဖော်ပြပေးလိုက်ပါသည်။

Voice : ကားကပလပ်တွေ ဘာလို့ခဏခဏ လဲရတာလဲ။
UWH : ပလပ်က အပျက်များပြီး ခဏခဏလဲရတာက မြန်မာနိုင်ငံမှာက ဆီမသန့်တာတွေကြောင့် အပျက်များတယ်။ တကယ် အရည်အသွေးကောင်းတဲ့ ပလပ်တွေက ကီလိုတစ်သိန်းလောက်တော့ အေးဆေးသုံးလို့ရတယ်။ ဒါပေမဲ့ ဒီမှာက ကီလိုတစ်သိန်း မပြောနဲ့ ကီလိုငါးသောင်းတောင် မရဘူးဖြစ်နေတယ်။ အဓိက အင်ဂျင်ဝိုင် မကောင်းတာတွေပါတယ်။ ဆီမသန့်တာတွေပါတယ်။ အဲဒါကြောင့် ပလပ်က ရေရှည်မခံဘူး။ ကီလိုနှစ်သောင်းလောက်နဲ့ လဲရင်လဲရတယ်။ အင်ဂျင်ဝိုင် မကောင်းတာရယ်၊ ဆီမသန့်တာတွေကြောင့် ကာဗွန်ချိုး (ဂျိုး) တွေ ဖြစ်စေတယ်။ အဲဒါကြောင့် ပလပ်က ရေရှည်မခံနိုင်ဘူး။ အဓိက အဲဒါတွေကြောင့် ပလပ်က ခဏခဏ လဲပေးနေကြရတာ။

Voice : ပလပ်တွေ ရေရှည် အသုံးပြုနိုင်အောင် ဘာတွေ လုပ်သင့်လဲ။
UWH : အဲဒါတော့ ကျွန်တော်တို့က ပလပ်လဲမယ်ဆိုရင် ကာဗွန်ရှိ၊ မရှိကို အရင်စစ်ဆေးရတယ်။ ရှိနေတယ်ဆိုရင် ကာဗွန်တွေ ဆေးလိုက်မယ်၊ သန့်ရှင်းရေး လုပ်လိုက်မယ်ဆိုရင် ပလပ်ကတော့ ရေရှည်ခံပါတယ်။ ပုံမှန် ကီလိုခြောက်သောင်းလောက်နဲ့ ပုံမှန် လဲနေရတယ်ဆိုရင် ကီလိုနှစ်သောင်း၊ သုံးသောင်းလောက်မှာ ကာဗွန်ဆေးလိုက်မယ်ဆိုရင် ရေရှည် ပြန်သုံးလို့ရတယ်။ ပြီးတော့ ဒီကလူတွေက ဈေးပေါပေါ ပလပ်သုံးရင်လည်း ဒီအတိုင်းပဲဆိုပြီး ဈေးပေါတာတွေ အသုံးများနေကြတယ်။ ပုံမှန် စစ်ဆေးမှုတွေလည်း လုပ်ပေးနေရတော့ ပလပ်က ရေရှည်ခံနိုင်ပါတယ်။

Voice : ပလပ်မကောင်းရင် ဘာတွေဖြစ်လာနိုင်လဲ။
UWH : ဒီမှာက ဈေးပေါပေါ ပလပ်တွေလည်း ကီလို နှစ်သောင်း သုံးသောင်းလောက်ပဲ။ ကောင်းကောင်းသုံးရင်လည်း ဒီလောက်ပဲ ရတယ်ဆိုပြီး ဈေးပေါပေါတွေပဲ သုံးကြတော့တယ်။ အဲဒါက လွဲနေတယ်။ ကားတစ်စီးက ပလပ်မီးပေါက်နှုန်းနဲ့ သွားနေရတာ ဖြစ်တဲ့ အတွက် အရည်အသွေးမကောင်းတဲ့ ဈေးပေါပေါ ပလပ် တွေသုံးထားရင် ပလပ်ကြွေတွေကွဲမယ်၊ မီးပေါက်ကွဲမှု တွေ မမှန်တော့ဘူး၊ အင်ဂျင်သံမမှန်တော့ဘူး၊ ဆီစား တာတွေ များလာမယ်။ အဲဒါမျိုးတွေ ဖြစ်လာမယ်။ အရည်အသွေးကောင်းတဲ့ပလပ်ကို သုံးထားမယ်ဆိုရင် ကားအင်ဂျင်ကိုလည်း မထိခိုက်ဘူး၊ ကားအရုန်းအဆွဲတွေလည်း ပိုကောင်းလာမယ်။ အရည်အသွေး မကောင်းတာတွေကျတော့ ကားရဲ့ တခြား အစိတ်အပိုင်းတွေကိုပါ ထိခိုက်ဖို့ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။

Voice : ပလပ်တွေ ရေရှည်မခံတာက အင်ဂျင်ဝိုင်တွေနဲ့ ဆီတွေမသန့်လို့ဖြစ်တာလား။
UWH : အဓိက အဲဒါတွေကြောင့်ပဲ ပလပ်တွေ မကောင်းတာပေါ့။ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံရဲ့ ရာသီဥတု အခြေအနေကြောင့်လည်း ပလပ်တွေကို ဒုက္ခပေးနိုင်တယ်။ တချို့တွေက ရှိတယ်၊ ဥပမာ - အငှားယာဉ်မောင်းသမားတွေပေါ့။ အင်ဂျင်ဝိုင်ကို အရည်အသွေး မပြည့်မိတာတွေ သုံးတာကြာရင် အဲဒီလို အင်ဂျင်ဝိုင်တွေက ရေနံကိုအခြေခံပြီး ထုတ်လုပ်ရတာ ဖြစ်တဲ့အတွက် ဖယောင်းပါမယ်၊ ရေနံချေးတွေ ပါတယ်။ အဲဒါတွေက အင်ဂျင်နဲ့ ပလပ်တွေကို ချိုးတက်စေတယ်။ အဲဒီကနေတစ်ဆင့် ပလပ်တွေမှာ ကာဗွန်ချိုးတွေ တက်နေစေရော။ ပြီးတော့ ဆီမသန့်တာ သုံးတာကလည်း ပလပ်ကို သွားထိစေတယ်။ ပလပ်ကို ဒုက္ခအပေးဆုံးက အဲဒီနှစ်ခုပေါ့။ မကောင်းတဲ့ အင်ဂျင်ဝိုင်တွေနဲ့ ဆီမသန့်တာတွေကြောင့်ဖြစ်ရတာ။ ပလပ်မကောင်းတော့ဘူးဆိုရင် ကားအဆွဲအရုန်းတွေ မကောင်းတော့ဘူး၊ ဆီစားလာမယ်။ အရမ်းကြီးဆိုးလာရင် ပလပ်ကွိုင်တွေကို ထိလာမယ်။ ပလပ်ကွိုင်တွေကိုထိရင် ကားက တွန့်ဆုတ် တွန့်ဆုတ်တွေ ဖြစ်လာမယ်။ ကားအရုန်းအဆွဲတွေ ကျလာမယ်။ ပြီးရင် ပုံမှန်ထက် ဆီစားတာတွေ များလာမယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ရာသီဥတု အခြေအနေတွေကြောင့်လည်း ပါတယ်။ နွေအချိန်ဆိုရင် သူများနိုင်ငံထက်ပိုပူတယ်။ ပြီးရင် အင်ဂျင်အပူချိန်နဲ့ ရာသီဥတုအပူချိန် နှစ်ခုဆိုတော့ ပလပ်က သိပ်မခံနိုင်ဘူး။ ဒီမှာက ဖြစ်မှလိုက်ပြင်ကြတယ်။ ကားဆိုတာက မဖြစ်ခင်က ပုံမှန်လေးစစ်ဆေး ပေးနေသင့်တာ။ ဖြစ်နေမှပြင်ကြတော့ ပိုဆိုးတာပေါ့။

Voice : ပလပ်ကို အချိန်ဘယ်လောက်ကြာရင် စစ်ဆေးပေးသင့်လဲ။ 
UWH : ပလပ်ပုံမှန်လဲပေးဖို့ စစ်ဆေးပေးဖို့က အင်ဂျင်ဝိုင်ကို ကီလိုလေး၊ ငါးထောင်မှာ ပုံမှန်လဲကြတယ်ဆိုတော့ အင်ဂျင်ဝိုင် နှစ်ခါလောက်လဲပြီးတဲ့ အချိန်တိုင်းမှာ ပလပ်လေးကို စစ်စစ်ပေးသင့်တယ်။ ပလပ်ကလည်း ကားတစ်စီးအတွက် အဓိကကျတဲ့ နေရာမှာ ရှိပါတယ်။ မီးပေါက်အားတွေကောင်းဖို့ လောင်စာဆီတွေ သက်သာဖို့က ဒီပလပ်က လုပ်ပေးတာဆိုတော့လေ။ ပလပ်မကောင်းတော့ဘူးဆိုရင် တခြား အစိတ်အပိုင်းတွေကိုတော့ ချက်ချင်းကြီးတော့ မထိခိုက်နိုင်ပါဘူး။ ဒါပေမဲ့ ပလပ်မကောင်းပေမယ့် မှေးသုံးနေတဲ့သူတွေ အများကြီးရှိကြတယ်။ ရေရည်အတွက်ဆိုရင်တော့ အင်ဂျင်တို့ဘာတို့ကို လာထိခိုက်လာမှာပဲ။ ဒါတွေက ကောင်းတဲ့ အလေ့အထတွေတော့ မဟုတ်ဘူး။ မကောင်းဘူး သိနေရင်တော့ လဲလိုက်တာ အကောင်းဆုံးပဲ။ ရေရှည်မှာတော့ အနည်းနဲ့အများက ထိခိုက်လာမှာပဲ။ ပလပ်ကတော့ ရာသီဥတု အေးနေတဲ့အခါမှာ ဘာမှမဖြစ်ပေမယ့် ရာသီဥတုပူလာပြီဆိုရင်တော့ သူ့မှာ ပြဿနာရှိလာပြီ။ သူက အပြင်အပူချိန်နဲ့ အင်ဂျင်အပူနဲ့ဆိုရင် မီးပေါက်အားက မမှန်တော့ဘူး။ သူ့လုပ်ဆောင်ချက်တွေက မူမမှန်တော့တဲ့အတွက် ဝုန်းဒိုင်းကြီးတော့ အင်ဂျင်တစ်ခုလုံးကြီး ပျက်သွားမှာ မဟုတ်ဘူး။ ပုံမှန် လုပ်ပေးနေတဲ့ကားနဲ့ ဒီအတိုင်း ထားတဲ့ကားကတော့ ရေရှည်မှာသိသာလာမှာပဲ။ အထနှေးလာမယ်၊ ပလပ် အရမ်းဆိုးလာရင်တော့ ကားဒိုင်ခွက်က Alarm မီးလေးပေါ်လာမယ်။ ကားသမားတွေက အဲဒီမီးလေးကိုတော့ လန့်ကြတယ်။ အဲဒီ မီးလင်းလာပြီဆိုရင် ပြင်ဖို့လုပ်ကြတယ်။

Voice : ပလပ်လဲမယ်ဆိုရင် သတိပြုရမယ့်အချက်တွေရှိလား။
UWH : ဒီမှာက ပြဿနာတစ်ခုရှိတာက ကိုယ့်ကားနဲ့ သတ်မှတ်ထားတဲ့ ပလပ်ကိုမသုံးဘူး။ ပလပ်တွေဆိုတာက ကားအင်ဂျင်ပါဝါလိုက်ပြီး ပလပ်တွေက လုပ်ပေးထားတာ။ ကိုယ့်ကားမှာသုံးထားတဲ့ ပလပ်ငုတ်ချင်းတူတယ်ဆိုပြီး လျှောက်ထည့်ပြီး မသုံးစေချင်ဘူး။ ကားမှာက သူသတ်မှတ်ထားတဲ့ ပလပ်အမျိုးအစားကိုပဲ သုံးစေချင်တယ်။ ကားကတော့ သွားနေမှာပဲ။ ဒါပေမဲ့ ရေရှည်မှာကတော့ သိသာလာပြီ။ ကားအသုံးပြုသူတွေအနေနဲ့လည်း မေးသင့်တယ်။ ကားပြင်တဲ့ စင်တာတွေမှာ ကားပလပ်လဲမယ်ဆိုပြီး ဒီအတိုင်းမထားခဲ့သင့်တော့ဘူး။ ဘာပလပ်သုံးမှာ ဘယ်လိုသုံးမှာလဲ။ ဘယ်ဆိုက်ထည့်မှာ၊ ကိုယ့်ကားနဲ့သုံးဖို့ မှန်ရဲ့လားပေါ့။ ဒီလို ဗဟုသုတ လေ့လာထားသင့်တယ်။ ဒီမှာ ပြင်ဆင်တဲ့အပိုင်းမှာ အရမ်းကြီး လိုအပ်နေသေးတယ်။ ပျက်တော့မှပြင်ထားထက် ဘာမှမဖြစ်ကတည်းက ပုံမှန်လေး စစ်ဆေးပေးနေသင့်တယ်။ ပလပ်မှမဟုတ်ဘူး။ တခြားအောက်ပိုင်းပဲဖြစ်ဖြစ်၊ အင်ဂျင်ဝိုင်ပဲဖြစ်ဖြစ်ပေါ့။ ပုံမှန်လေးတော့ စစ်ပေးနေရင် ကားကိုဘာမှမဖြစ်ဘဲ ရေရှည် အေးအေးဆေးဆေး အသုံးပြုနိုင်မယ်။

Voice : နောက်ထပ် ဖြည့်စွက်ပြောချင်တာများ ရှိသေးလား။ 
UWH : ပလပ်ကို အရည်အသွေး ကောင်းတဲ့အရာမျိုးတွေတော့ သုံးစေချင်တယ်။ ပလပ်ခဏခဏ လဲနေရတယ်၊ ပျက်တာ မြန်တယ်ဆိုတာက ပလပ်တစ်ခုတည်း ကြောင့် ဖြစ်တာမဟုတ်ဘူး။ ကိုယ်သုံးတဲ့ အင်ဂျင်ဝိုင် မကောင်းတာတို့၊ လောင်စာဆီ မသန့်တာကြောင့် ဖြစ်ရတာဆိုတော့ ပလပ်ခဏခဏလဲနေရပြီဆိုရင် သေချာတယ်။ အဲဒီနှစ်ခုမှာ တစ်ခုခုဖြစ်ပြီ။ ဒါတွေကို စစ်ဆေးသင့်နေပြီ။ နောက်တစ်ခုက ပလပ်ကို လဲမယ်ဆိုရင် မကောင်းတော့တဲ့ဟာတွေပဲ မလဲစေချင်ဘူး။ သေချာစစ်ဆေးပြီး အကုန်လုံးလဲဖို့လိုရင် တစ်ခါတည်း လဲလိုက်တာ ပိုကောင်းတယ်။

Voice : အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

အောင်သီဟ