News

POST TYPE

AUTOMOBILE

ဦးစိုင်းညီညီကိုနှင့် တွေ့ဆုံခြင်း
12-Nov-2018
ကားအတွင်းခန်း သန့်ရှင်းရေး

“ကားဆိုတဲ့အတွက် အညစ်အကြေးက အမြဲတမ်းဝင်လာမှာပဲလေ။ သန့်ရှင်းရေး ပုံမှန်မလုပ်ပေးဘူးဆိုရင် နောက်ဆုံးမှိုတက်လာမယ်”



ကား၏အတွင်းခန်းသန့်ရှင်းရေး ပုံမှန်မလုပ်ဖြစ်ပါက ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ၊ အတွင်းခန်းသန့်ရှင်းရေး ပုံမှန်လုပ်ပေးခြင်းများ၏ ကောင်းကျိုးများနှင့် မည်သို့သန့်ရှင်းရေးလုပ်သင့်သည်များကို Grand Auto (Car Spa & Accessories) မှ Co- Founder ဖြစ်သူ ဦးစိုင်းညီညီကိုနှင့် The Voice Daily တို့ တွေ့ဆုံမေးမြန်းထားမှုများကို ဖော်ပြအပ်ပါသည်။

Voice : ကားအတွင်းခန်းသန့်ရှင်းရေးကို ဘာလို့လုပ်သင့်တာလဲ။ 
USNNK : အဓိကက ကားအတွင်းခန်းကို သန့်ရှင်း ရေး လုပ်ပေးတယ်ဆိုတာက ကိုယ့်ကားစီးတဲ့အခါမှာ သက်သောင့်သက်သာဖြစ်အောင် လုပ်ပေးရတာ။ ပြီးတော့ ကားအတွင်းခန်းမှာ လာထိုင်မယ့်သူတွေက ကိုယ့်မိသားစုတွေတင်မကဘူး။ တခြားကိုယ့်အသိမိတ်ဆွေ ဖြစ်ချင်ဖြစ်မယ်၊ ကိုယ်မျက်နှာမပျက်ချင်တဲ့သူမျိုးတွေ ဖြစ်ချင်ဖြစ်မယ်။ အဲဒီတော့ သန့်သန့်ရှင်းရှင်းနဲ့ ကောင်းကောင်းမွန်မွန်လေးတော့ ဖြစ်ဖို့လိုတာပေါ့။ 

Voice : ကားအတွင်းခန်းကို သန့်ရှင်းရေးကောင်းကောင်းမလုပ်ရင် ဘာတွေဖြစ်နိုင်လဲ။ 
USNNK : သေချာသန့်ရှင်းရေးမလုပ်ဖြစ်ရင် ကိုယ့်ကားအတွင်းခန်းက အနံ့တွေ အရမ်းနံနေမယ်။ အနံ့တွေ ဆိုးဆိုးရွားရွားထွက်နေမယ်။ ပြီးတော့ မိုးရာသီမှာဆိုရင် ပိုဆိုးတယ်။ ဈေးတွေဘာတွေအပြင် တွေသွားပြီးလို့ ပြန်လာရင် ထီးတွေဘာတွေက ရေ တွေက ကားရဲ့အတွင်းခန်းကို ရောက်မယ်။ အဲဒီတော့ ကိုယ့်အတွင်းခန်းထဲက ပစ္စည်းတွေကိုရေစိုကုန်မယ်။ ရေစိုထားတဲ့ပစ္စည်းတွေကို လုံးဝပြန်ခြောက်နိုင်အောင် နေရောင်သေချာမပြနိုင်တဲ့အတွက် အထဲမှာ စိုထိုင်းမှုတွေဖြစ်ကုန်ရော။ အဲဒီမှာ အစိုဓာတ်တွေ များလာမယ်။ အဲဒီမှာ အထဲကအညစ်အကြေးနဲ့ ပေါင်းကုန်တယ်။ ပြီးတော့ အိမ်မွေးတိရစ္ဆာန်ရှိတဲ့သူတွေဆိုရင်လည်း ကားထဲကိုခေါ်လာမယ်ဆိုရင် သူတို့ရဲ့အမွေးတွေ၊ ပြီးတော့ ကလေးငယ်တွေရှိတဲ့ မိသားစုဆိုရင် ကလေးရဲ့အညစ်အကြေးတွေပေါ့။ အဲဒီမှာ အညစ်အကြေးတွေနဲ့ စိုထိုင်းစနဲ့ပေါင်းပြီး အောင့်သက်သက်အနံ့တွေဖြစ်လာပြီ။ အဲဒီတော့ ကားအသုံးပြုတဲ့အချိန်မှာ သက်သောင့်သက်သာမဖြစ်တော့ဘူးပေါ့။ ကားဆိုတာက သက်သောင့်သက်သာဖြစ်စေတဲ့ အရာမျိုးဖြစ်ဖို့လိုတယ်။ 

Voice : ကားအတွင်းခန်းကို ဘယ်လိုနည်းလမ်းတွေနဲ့ သန့်ရှင်းရေးလုပ်နိုင်မလဲ။
USNNK : ဒါကတော့ ကားအမျိုးအစားအပေါ်မူတည်တာပေါ့။ တချို့ကားတွေကျတော့ သူတို့ရဲ့ ခုံတွေမှာသုံးတဲ့ အစွပ်တွေက အဝတ်နဲ့လုပ်ထားတဲ့ Product တွရှိတယ်၊ သားရေနဲ့လုပ်ထားတဲ့ Product  တွေသုံးထားတဲ့ ကားတွေရှိတယ်။ အဲဒီတော့ အတွင်းခန်းသန့်ရှင်းရေးလုပ်ဖို့က ကိုယ့်ဘာသာအိမ်မှာပဲ အခြောက်လျှော်ဆေးတွေသုံးပြီး သန့်ရှင်းရေးလုပ် လို့ရတယ်။ နောက်တစ်ခုက ကားဆားဗစ်စင်တာတွေမှာ စက်နဲ့လျှော်လို့ရတယ်။ အခြောက်လျှော်တာကျတော့ အချိန်သိပ်မပေးရဘူး။ ဒါပေမဲ့ သူကကျတော့ အတွင်းခန်းထဲကပစ္စည်းတွေရဲ့ အပေါ်ယံလောက်ပဲ သန့်ရှင်းရေးလုပ်ပေးနိုင်မယ်။ ဆိုင်တွေမှာ စက်နဲ့လျှော်တာကကျတော့ သူကအချိန်ပိုပေးရတယ်။ ဒါပေမဲ့ သူကျတော့ လူလက်နဲ့မမီနိုင်တဲ့နေရာမျိုးတွေမှာရှိတဲ့ အညစ်အကြေးတွေကိုပါ သန့်ရှင်းရေးလုပ်နိုင်တာပေါ့။ အဲဒီတော့ အခြောက်လျှော်တာက အချိန်မပေးရဘူး၊ အချိန်ကုန်သက်သာမယ်။ ဆိုင်ကျတော့ ရေပိုသုံးရတဲ့ အခြေအနေရှိတော့ ပစ္စည်းတွေကို ပြန်ခြောက်အောင်လုပ်ရတဲ့အတွက် အချိန်ပိုပေးရတဲ့ အားနည်းချက်တော့ရှိတယ်။

Voice : ကားအတွင်းခန်းကို အချိန်ဘယ်လောက်ဆိုရင် သန့်ရှင်းရေးလုပ်သင့်လဲ။
USNNK : ဒါကတော့ ကိုယ့်ကားကို အသုံးပြုထားတဲ့အပေါ် မူတည်တာပေါ့။ ကိုယ်ကားစီးတဲ့အခါမှာ သက်သောင့်သက်သာ မရှိတော့ဘူး၊ အနံ့အသက်တွေ မကောင်းတော့ဘူးဆိုရင် သန့်ရှင်းရေးက လုပ်ပေးသင့်နေပြီ။ အဓိက မိုးရာသီမှာဆိုရင် အဝတ်နဲ့လုပ်ထားတဲ့ကူရှင်တွေ၊ ထိုင်ခုံတွေ သုံးထားတဲ့ကားတွေမှာဆိုရင် အနံ့အသက်တွေ ပိုထွက်လွယ်တာပေါ့။ အဝတ်ပဲဖြစ်ဖြစ်၊ သားရေပဲဖြစ်ဖြစ် ကိုယ့်ပစ္စည်းကို ရေရှည်အသုံးပြုနိုင်ဖို့က ကိုယ်တိုင်ပဲ။ သန့်ရှင်းရေးကို ပုံမှန်လုပ်ပေးသင့်တာပေါ့။ ကားဆိုတဲ့အတွက် အညစ် အကြေးက အမြဲတမ်းဝင်လာမှာပဲလေ။ သန့်ရှင်းရေး ပုံမှန်မလုပ်ပေးဘူးဆိုရင် နောက်ဆုံးမှိုတက်လာမယ်။ မှိုတွေတက်လာပြီဆိုရင် ကိုယ့်ကားထဲမှာက ဗက်တီးရီးယားတွေနဲ့ အမြဲထိတွေ့နေရတဲ့ပုံစံမျိုးဖြစ်နေမယ်။ အဲဒီမှာ လက်တွေဘာတွေသန့်ရှင်းရေးပြန် မလုပ်ဘဲ အစားတွေဘာတွေ စားမယ်ဆိုရင် ကျန်းမာရေးအတွက်ပါ မကောင်းဘူး။ နောက်ဆုံး ရေရှည်အသုံးပြုလို့ရတဲ့ ထိုင်ခုံတွေဘာတွေက ခဏလေးအသုံးပြုပြီး လွှင့်ပစ်လိုက်ရတဲ့ အခြေအနေမျိုးတွေအထိ ဖြစ်ကုန်မယ်။ ကျွန်တော်ကတော့ ကားအတွင်းခန်းက သန့်ရှင်းရေးလုပ်ဖို့က အချိန်တော့မသတ်မှတ်ပေးထားချင်ဘူး။ ကားအသုံးပြုတာက လူတစ်ယောက်နဲ့ တစ်ယောက်က မတူညီတဲ့အတွက် ကိုယ်ကိုယ်တိုင်ပဲ ကားစီးရတာ အနံ့အသက်မကောင်းတော့ဘူးဆိုရင်တော့ သန့်ရှင်းရေးလုပ်ပေးသင့်ပြီ။

Voice : အတွင်းခန်းသန့်ရှင်းရေးလုပ်တာနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာမျိုးရှိသေးလား။
USNNK : ကားအတွင်းခန်းဆိုတာက အချိန်ပြည့်နီးပါး အဲကွန်းဖွင့်ထားကြတာဆိုတော့ အနံ့ပြင်းတဲ့ အစားအစာမျိုးတွေ၊ ကွမ်းယာစားတာတွေ၊ ကွမ်းတံတွေးတွေကို ဘူးထဲထည့်ပြီး ကားထဲမှာ ထည့် ထားတာတွေ၊ ဆေးလိပ်သောက်တာတွေ၊ နောက်ပြီး အိမ်မွေးတိရစ္ဆာန်တွေ မွေးထားတဲ့သူမျိုးတွေ၊ ကလေးငယ်ရှိတဲ့သူတွေကတော့ သန့်ရှင်းရေးကို ပုံမှန်လေးတော့ လုပ်ပေးသင့်တယ်။ ဘာလို့လဲဆိုရင် အညစ်အကြေးတွေက ကိုယ့်တစ်ယောက်တည်းအတွက် ထိခိုက်မှာမဟုတ်ဘူး။ ကိုယ်ချစ်တဲ့သူတွေ၊ ကိုယ့်မိသားစုတွေ၊ ကိုယ့်အနီးအနားက ကိုယ့်မိတ်ဆွေတွေပါ ကားကိုအသုံးပြုမှာဆိုတော့ သူတို့တွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်မှာဖြစ်တဲ့အတွက် ပုံမှန်လေးတော့ သန့်ရှင်းရေးလုပ်ပေးသင့်တယ်။ အခုဆိုရင် အခြောက်လျှော်တဲ့ဆေးရည်တွေဆိုရင်လည်း ကိုယ့်ဘာသာပဲ အချိန်လည်း အရမ်းပေးစရာမလိုဘူး။ ပုံမှန်လေး သန့်ရှင်းရေးလုပ်နိုင်မယ်။

Voice : အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

အောင်သီဟ