News

POST TYPE

AUTOMOBILE

ရန်ကုန်တွင် ဆိုင်ကယ်စီးခွင့် ပြုသင့် မပြုသင့်
17-Oct-2016
မော်တော်ဆိုင်ကယ် တရားဝင် စီးနင်းခွင့် ပြုမထားသည့် ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနင်းခွင့် ပြန်လည်ခွင့်ပြုရန် သက်ဆိုင်ရာဌာနများ ညှိနှိုင်းဆောင်ရွက်နေမှုအပေါ် ရန်ကုန်မြို့နေ ပြည်သူအချို့၏အမြင်များကို စုစည်းဖော်ပြအပ်ပါသည်။

“ဆိုင်ကယ်တစ်စီးတည်းကို လူသုံး၊ လေးယောက်တင်ပြီး စီးတာမျိုးတွေကိုလည်း စည်းကမ်းတကျ ကိုင်တွယ်ပြီး ခွင့်ပြုသင့်ပါတယ်”
ဦးစိုးသိန်း (ဆိုင်ကယ်မောင်းနှင်သူ)

ဆိုင်ကယ်တွေ စီးခွင့်ရတော့မယ်ဆို ကောင်းလာနိုင်ပါတယ်။ ဆိုင်ကယ်စီးမယ် ဆိုရင်တော့ စည်းကမ်းတကျလေး စီးတာ ကောင်းပါတယ်။ ပရမ်းပတာ စီးရင်တော့ ယာဉ်တိုက်မှု ဖြစ်မှာပဲ။ နောက် လက်လုပ်လက်စားတွေ အတွက်လည်း အဆင်ပြေသွားမယ်လို့လည်း မြင်ပါတယ်။ အခုလက်ရှိ စီးနေတာတွေက တရားဝင် မဟုတ်တဲ့အတွက် မစီးကြသေးတာလည်း ပါတယ်။ တရားဝင် စီးခွင့်ရတော့မယ်ဆို ဝယ်စီးမယ့်သူတွေ တော်တော်များပါတယ်။ ဆိုင်ကယ်နဲ့ အလုပ်ဆင်း အလုပ်ပြန် လုပ်မယ်ဆိုပြီး ပြောနေတာလည်း အများကြီးပဲ။ ခွင့်ပြုမယ် ဆိုရင်တော့ ဆင်ခြေဖုံး ရပ်ကွက်တွေမှာ တရားဝင်စီးခွင့် ပြုသင့်ပါတယ်။ အခုလောလောဆယ် စီးနေကြတာတွေကတော့ ခရိုင်လေးခုပဲ။ အခုလောလောဆယ်ကျတော့ နားလည်မှုနဲ့ စီးနေသလို ဖြစ်နေတာပေါ့။ ဆိုင်ကယ်စီးခွင့်ပြုမယ် ဆိုရင်တော့ သေသေချာချာ စည်းကမ်းတကျ စီးခွင့်ပြုသင့်ပါတယ်။ ဆိုင်ကယ်ဦးထုပ် မဆောင်းတာ၊ ဆိုင်ကယ်တစ်စီးတည်းကို လူသုံး၊ လေးယောက်တင်ပြီး စီးတာမျိုးတွေကိုလည်း စည်းကမ်းတကျ ကိုင်တွယ်ပြီး ခွင့်ပြုသင့်ပါတယ်။                
                                                        
“အရင်ကတည်းက ကားတအားရှုပ်လို့ ကားချင်းငြိရတဲ့အထဲ ဆိုင်ကယ်ပါ ညပ်ပါလာနိုင်တယ်”
ဦးစိုင်းကောင်းမြတ်ထွေး (ကိုယ်ပိုင်ယာဉ်မောင်း)

လက်ရှိ ရန်ကုန်မြို့ အခြေအနေအရ ဆိုင်ကယ်ပါ ပေးစီးလိုက်မယ်ဆို ကားကျပ်နှုန်းနဲ့ မတော်တဆမှုတွေ ပိုများလာမှာ သေချာသလောက် ရှိပါတယ်။ လက်ရှိ လိုင်းကားတော်တော်များများ အပါအဝင် ကားမောင်းသူ အများစုက စည်းကမ်း သေချာမသိသလို လိုင်စင်တွေလည်း သေချာဖြေထားတာ ရှားပါတယ်။ အဲဒီလိုကြားထဲမှာ ဆိုင်ကယ်တွေပါ ထပ်လွှတ်လိုက်မယ်ဆို ဖြေရှင်းရ တော်တော်ခက်သွားနိုင်ပါတယ်။ ခုအခြေအနေကို ဖြေရှင်းပြီးလို့ တည်ငြိမ်သွားရင်တော့ စည်းကမ်းနဲ့အညီ လွှတ်တာဆိုရင်တော့ ပြဿနာ မရှိနိုင်ဘူး။ ကြိုဆိုပါတယ်။

ဆိုင်ကယ်စီးသူတွေ လိုင်စင်ရှိရမယ်၊ ဦးထုပ်ဆောင်းရမယ်၊ သတ်မှတ်ထားတဲ့ လမ်းကြောင်းထဲသာ မောင်းရမယ် စသဖြင့်ပေါ့နော်။ ယာဉ်ကြီးယာဉ်ငယ် စည်းကမ်းလည်း တိတိကျကျ ဖော်ပြပေးသင့်တယ်။ ဘာလို့ဆို ဘယ်သူက မှားတယ်၊ မှန်တယ် ဒါမျိုးပေါ့နော်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း နယ်မှာဆိုင်ကယ်ပဲ စီးလာတာ။ နယ်နဲ့ ဒီ Downtown နဲ့ကတော့ အခြေအနေ အတော်ကွာတယ်လေ။ လွှတ်ပေးဖို့ အချိန်ကို သေချာစဉ်းစားသင့်သလို သေချာပြင်ဆင်ပြီးမှ လွှတ်သင့်တယ် ထင်ပါတယ်။ ဒီအတိုင်း လွှတ်ပေးလိုက်ရင်တော့ ပြဿနာတွေ ပိုကြီး ပိုများလာမှာ သေချာပါတယ်။ လမ်းကြောတွေလည်း ဒီထက်ပိုပိတ်လာမှာပါ။ ခုအခြေအနေကတော့ အခြေအနေကောင်း မဟုတ်ဘူးလို့ မြင်ပါတယ်။ အဓိကက ဆိုင်ကယ်က သူက လွတ်တဲ့ကြားက စွပ်ခနဲ ဝင်လာမှာ။ အရင်ကတည်းက ကားတအားရှုပ်လို့ ကားချင်းငြိရတဲ့အထဲ ဆိုင်ကယ်ပါ ညပ်ပါလာနိုင်တယ်။ ဆိုင်ကယ်ဆိုတာက တော်တော်ကျွမ်းကျွမ်းကျင်ကျင် စီးနိုင်တဲ့သူတောင် တစ်ချက်ထိရင် သွားတာပဲ။ ကားကလည်း ခုတောင် ပရမ်းပတာချည်းပဲ။ ဆိုင်ကယ်ပါလွှတ်ပြီး ပရမ်းပတာ ထပ်လုပ်လိုက်ရင် အမှုက တော်တော်များလာမှာပါ။                                                    

“ဘတ်စ်ကားကိုချည်း အားကိုးနေရလို့ စပယ်ယာတွေ လူပါးဝတာ ခံရတာ ပိုသက်သာလာမယ်”
ဦးအောင်ကျော်မိုး (ခရီးသည်)

ဆိုင်ကယ်စီးသင့် မစီးသင့်မေးရင် စီးသင့်ပါတယ်။ Traffic Jam ဖြစ်နေတာတွေ အရမ်းသက်သာသွားမယ်။ လူတွေက ဆိုင်ကယ်လို့မြင်ရင် အခုလက်ရှိ ကားအရေအတွက်အတိုင်းကို မြင်ပြီး တွက်ကြတယ်။ ကားတွေ လျော့ကျသွားမှာကို တွေးရမယ်။ Public Transportation ကို အားကိုးနေရတဲ့ လူတန်းစားတစ်ရပ်မှာ အတော်သွားရေးလာရေး အဆင်ပြေမယ်။ ဘတ်စ်ကားကိုချည်း အားကိုးနေရလို့ စပယ်ယာတွေ လူပါးဝတာ ခံရတာ ပိုသက်သာလာမယ်။ Taxi တွေ နိုင်းချင်းဖြစ်နေတဲ့ဒုက္ခ အင်မတန် သက်သာမယ်။ ကုမ္ပဏီနဲ့လုပ်တဲ့ Meter Taxi စနစ်ကို ပီပီပြင်ပြင် လုပ်လာနိုင်မယ်။ Carbon Emission ဒဏ် သိသိသာသာ သက်သာသွားနိုင်မယ်။ အကြောင်းက အခုက လူတစ်ယောက်ထွက်လည်း ကားတစ်စီးစာ ကာဗွန်ထုတ်လွှတ်မှု ရှိတယ်။ ဆိုင်ကယ်တစ်စီးစာပဲ ကာဗွန်ထုတ်လွှတ်မှုဆို သက်သာသွားမယ်။ ကားရပ်နားဖို့နေရာ လိုအပ်မှု လျော့ကျလာနိုင်တယ်။ အခုလက်ရှိ မြို့ဆင်ခြေဖုန်းတွေမှာ တရားမဝင် စီးနေတဲ့ ဆိုင်ကယ်တွေရဲ့ ပရမ်းပတာ လုပ်ရပ်တွေကို တရားဝင် ကိုင်တွယ်နိုင်လာမယ်။ အခုက တိုက်သွားရင်တောင် နံပါတ်မရှိလို့ ဘာလုပ်ရမှန်း မသိဘူး။ ညှိနေရတယ်။ တကယ်က Registration လုပ်ကို လုပ်ပစ်ရမှာ။ ဆိုင်ကယ်ကို အခြေပြုတဲ့ စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာမယ်။ ဥပမာ- ဆိုင်ကယ်ဝပ်ရှော့၊ ဆိုင်ကယ်အပိုပစ္စည်းဆိုင်၊ နောက်ပြီး Delivery လုပ်ငန်းတွေပေါ့။ အများကြီးပါ။ ဒါက ကောင်းတဲ့အချက်တွေပါ။ ထောက်ခံပါတယ်။

ခိုင်ချယ်ရီထွန်း


ABOUT AUTHOR

ခိုင်ချယ်ရီထွန်း (ခိုင်ချယ်ရီထွန်း)