News

POST TYPE

AUTOMOBILE

ကားအရောင်းစင်တာ ၈၀ နီးပါးပိတ်
02-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁

ဘယ်မောင်းဦးစားပေးမူဝါဒကြောင့် ဂျပန်ကားများ အရောင်းအဝယ်အေးစက်သွားသဖြင့် ကားအရောင်းစင်တာ ၈၀ နီးပါး ပိတ်သိမ်းကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ကားအရောင်းစင်တာ ၂၀၀ ကျော် ရှိသည်ကို ၈၀ နီးပါးပိတ်သိမ်းခဲ့ရာတွင် ဂျပန်အသုံးပြုပြီး ကားများရောင်းချသည့် ကားအရောင်းစင်တာအများစု ပိတ်သိမ်းခြင်းဖြစ်ပြီး ယင်းပိတ်သိမ်းပြီး ကားအရောင်း စင်တာများထဲတွင် စီးပွား/ကူးသန်း ဝန်ကြီးဌာနသို့ စာရင်းရှင်းတမ်းများ ပြုလုပ်မထားသည့် ကုမ္ပဏီများစွာကျန်ရှိနေသေးကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

“ပြည်ပကုမ္ပဏီနဲ့ Consignment (အပ်ကုန်စနစ်) နဲ့ တင်သွင်းပြီးတော့ စာရင်းရှင်းတမ်းလာမတင်တဲ့ တချို့ကုမ္ပဏီပိုင်ရှင်တွေကို ပို့ကုန်သွင်းကုန်ဥပဒေအရ လိုင်စင်ပယ်ဖျက်တာတွေနဲ့ အရေးယူမှုတွေလုပ် ထားတယ်”ဟု ယင်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်။

လက်ရှိစာရင်းရှင်းတမ်းတင်သည့် ကားအရောင်းစင်တာများကို စီးပွား/ကူးသန်း အပါအဝင် မြေပြင်အဖွဲ့က စစ်ဆေးမှုများ ပြုလုပ်နေပြီး အရေးယူမှုများလည်း ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။

ဂျပန်ကားများ တင်သွင်းခွင့်မရတော့သည့်အတွက် လက်ရှိကားဈေးကွက်အတွင်း ယင်းကားများ၏ ဈေးနှုန်းများ အမြင့်ဈေးဖြင့် ငြိမ်သက်နေသကဲ့သို့ အရောင်းအဝယ်လည်းမဖြစ်ဘဲ ပြည်တွင်း၌ အစိတ်အပိုင်းများ တင်သွင်းပြီး တပ်ဆင်ထုတ်လုပ်သည့်စနစ် (SKD) ကားများသာ အရောင်းအဝယ်အနည်းငယ် ဖြစ်ပေါ်ကြောင်း မော်တော်ယာဉ်ဈေးကွက်အတွင်းမှ သိရသည်။

ဂျပန်အသုံးပြုပြီးကားများ တင်သွင်းရောင်းချခွင့်ပြုသည့် ကားအရောင်းစင်တာများကို ၂၀၁၁ ခုနှစ်အတွင်းက စတင်ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့ပြီး Brand New ( Ford ကဲ့သို့ဘယ်မောင်းယာဉ်များ) အရောင်းပြခန်းများကို ၂၀၁၂ ခုနှစ်အတွင်းက စတင်ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်အတွင်း ကားအရောင်းစင်တာနှင့် ပြခန်း ၂၀၀ ကျော်အထိ များပြားလာကာ ၂၀၁၇ ခုနှစ်နောက်ပိုင်းမှစတင်၍ အစိုးရ၏ ဘယ်မောင်းဦးစီးပေးမူဝါဒကြောင့် ဂျပန်အသုံးပြုပြီး ကားအရောင်းစင်တာများ ပိတ်သိမ်းမှုစတင်လာခဲ့ရာမှ ယခုအခါ အရောင်းစင်တာ ၈၀ နီးပါးအထိ ပိတ်သိမ်းသွားခြင်းဖြစ်သည်။

S-04


  • VIA