News

POST TYPE

AUTOMOBILE

မော်ဒယ်လ် သီရိစိုးနှင့် တွေ့ဆုံခြင်း
10-Oct-2016

ဒီတစ်ပတ်ရဲ့ Celebrities' Choice ကဏ္ဍမှာတော့ သရုပ်ဆောင် ဖြိုးငွေစိုးရဲ့ ညီမ ဖြစ်သူ မော်ဒယ်လ် သီရိစိုးနဲ့ တွေ့ဆုံမေးမြန်း ထားပါတယ်။

Voice : ညီမ အခုစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါဦး။
TS : ညီမ အခုလက်ရှိစီးနေတဲ့ ကားအမျိုးအစားကတော့ BMW X5 ပေါ့နော်။

Voice : ဒီကားလေး ဝယ်ထားတာရော ဘယ်လောက် ကြာပြီလဲ။ 
TS : ကားဝယ်ထားတာတော့ တစ်နှစ်ကျော်ကျော် ၂ နှစ်နီးပါးလောက် ရှိပြီရှင့်။

Voice : အခု ဒီကားလေးကို စီးနေတဲ့အခါမှာရော တခြားကားတွေနဲ့ မတူတဲ့ အားသာချက်၊ အားနည်းချက်တွေရှိလား။
TS : ဒီကားက ကားကြီးဆိုတဲ့အတွက် တော်ရုံ တန်ရုံ ချိုင့်တွေဆိုရင်တော့ ပူစရာ မလိုဘူးပေါ့။ နောက် ပစ္စည်းများများ ဆံ့တယ်။ နောက် BMW လည်းဖြစ်တဲ့အတွက်မို့လို့ အားသာချက်ကတော့ သူ့ဟာနဲ့သူတော့ ရှိတာပေါ့နော်။ အားနည်းချက် တစ်ခုကတော့ ဘာလဲဆို System အရမ်းကျတယ်။ သူ့ပစ္စည်းတွေ အကုန်လုံးက ဈေးကြီးတယ်ပေါ့နော်။ ဈေးကြီးတော့ ဘာဒုက္ခရောက်လဲဆို တစ်ခုခုဖြစ်ပြီဆို ပစ္စည်းရှာရ ခက်တယ်။ အစုံလိုက်လဲမှ အဆင်ပြေတယ်။ အဲဒီလိုမျိုးတွေပေါ့။ နောက်တစ်ခုက သူက ဆီဆိုရင် ရိုးရိုးကားတွေဆို အစ်မရယ် ကားတော်တော်များများ ဂိတ်က မီးမလင်းတဲ့အထိတော့ သုံးလို့ ရသေးတယ်။ ဒီမှာက ကျတော့ သူက နံပါတ်နဲ့ နှစ်ဆယ်လောက်ဆို သူက မီးလင်းပြီး အချက်ပြတယ်။ အဲဒီဟာထက် အောက်ရောက်သွားပြီဆို သူက စက်ကို အော်တို သတ်လိုက်တာ။ တစ်ခါတလေ ညီမက ဆီထည့်ဖို့ မေ့သွားတာမျိုးတွေ ဘာတွေဆို သူ့ထဲမှာ ဆီရှိနေသေးပေမယ့် ရပ်လိုက်တာ Safe ဖြစ်တယ်။ System တွေ အကုန်လုံးကို Lock Down ချလိုက်သလိုပေါ့။ အဲဒီလိုလေးတွေတော့ ဒုက္ခ ရောက်ပါတယ်။ တခြား ထွေထွေထူးထူးတော့ မရှိပါဘူး။

Voice : ညီမ အခု စီးနေတဲ့ကားက ကားအကြီး အမျိုးအစားထဲမှာ ပါတယ်ဆိုတော့ ကားအကြီးကို ကြိုက်လို့ ရွေးဝယ်ထားတာလား။ ပြိုင်ကားလို ကားသေးလေးတွေရော သဘောကျလား။
TS : ပြိုင်ကားတွေ ဘာတွေကျ ညီမက သဘော မကျဘူး။ ဘာလို့လဲဆိုတော့ ညီမက အရမ်းကျပ်ရင် မနေတတ်တဲ့ ရောဂါရှိတယ်။ နေရာ ကျပ်ကျပ်တည်းတည်းဆို ညီမက အသက် ရှူကျပ်တယ်။ အဲဒီလိုမျိုးဆိုတော့ ညီမ ကားမောင်းရင် ဆိုဖာကို နောက်ကို လှန်ထားတတ်တဲ့ အကျင့်ရှိတယ်။ အဲဒီလိုမျိုးဆိုတော့ ကားထိုင်ခုံ အရမ်း မတ်နေရင် ညီမက အန်ချင်တယ်။ အဲဒီလိုမျိုးဆိုတော့ ကားအကြီးက ညီမအတွက် ပိုပြီးတော့ အဆင်ပြေတယ်။ ပြီးတော့ လူကသာ သေးတာ၊ ကားကြီးကြီး ကြိုက်တယ်။ ကားသေးတာလေးတွေကျ ဘယ်နေရာ ဝင်ဝင်လွယ်တယ်။ ကားကြီးက နေရာ ရှာရခက်တယ်။ ဘေးဘီလည်း ကြည့်ရတယ်။

Voice : ညီမ ကားကို ကိုယ်တိုင် မောင်းတာပေါ့နော်။ ကိုယ်တိုင် မောင်းတဲ့အတွက် ရန်ကုန်မြို့တွင်း ယာဉ်လမ်းကြောင်း အခြေအနေကိုရော ညီမ ဘယ်လို မြင်မိလဲ။
TS : ရန်ကုန်မြို့တွင်း အခြေအနေဆို အခုက ယာဉ်ကြောပိတ်တဲ့ ပြဿနာကို အကုန်လုံးကတော့  ညည်းညူ နေကြတာပဲ။ အဲဒီအထဲမှာ ညီမလည်း ပါတာပေါ့နော်။ ဒါပေမဲ့ အဓိက ပြဿနာကတော့ စည်းကမ်း မရှိတာပေါ့နော်။ Bus ကားတွေကလည်း သူတို့လိုင်းနဲ့သူတို့ မနေဘူး။ အတင်းအဓမ္မ ဝင်တယ်။ Taxi တွေ ဆိုလည်း Signal မပြဘူး။ ပြီးတော့ မြန်မာနိုင်ငံမှာ ဥပဒေက ဘယ်သူမှားမှား နောက်က တိုက်မိတဲ့သူက အမှားပဲ။  လျော်ရမှာပဲ။ ရှင်းပြလို့လည်း မရဘူးပေါ့နော်။ အဲဒီလိုမျိုးတွေမှာ ညီမ ဖြစ်စေချင်တာက ဘာမှ ကြီးကြီးမားမားကြီး ပြောင်းလဲမှု မလုပ်နိုင်ရင်တောင်မှ ကိုယ် သွားမယ့် လမ်းလေး ဘယ်ဘက် ကွေ့ချင်လား၊ ညာဘက် ကွေ့ချင်တာလား၊ ဝင်ချင်တာလား ဆိုတာလောက်ကို Signal လေးတော့ ပြစေချင်တယ်။ အဲဒါက ကားမောင်းတဲ့အခါ အရမ်း ဒုက္ခ ရောက်ရတယ်။ နီးမှဖြတ်ခနဲ ကားကို ကွေ့လိုက်တော့ ကိုယ်ကအရှိန်နဲ့ မောင်းနေတဲ့သူ ဆိုတော့ ဒုက္ခ ရောက်တယ်။ အဲဒီလိုလေးတွေပေါ့နော်။ 

Voice : နောက်တစ်ခုက ကားက မြို့ထဲမှာ ဘယ်လောက် အတိုင်းအတာအထိ အသုံး ဝင်တယ်လို့ ညီမ မြင်လဲ။
TS : ညီမတို့နိုင်ငံရဲ့ Commute Syste တွေက အရမ်းကို Update မဖြစ်သေးတဲ့ ကာလဖြစ်တဲ့အတွက် ကားမရှိရင် အတော်လေး အဆင် မပြေလောက်ဘူးလို့ ပြောရမယ့် အနေအထား ရှိတာပေါ့နော်။ သူများ နိုင်ငံတွေမှာ ဆိုရင်တော့ ရထားနဲ့သွားလို့လည်း အဆင်ပြေတယ်။ ကားဆိုတာက Luxury တစ်ခု အနေနဲ့တောင် သူတို့က သုံးကြတာ။ ကားနဲ့ သွားတယ်ဆိုတာ သိပ်မသွားကြဘူး။ အလုပ်ဆိုလည်း ရထားနဲ့ပဲ။ အချိန်မှန် ပြေးဆွဲ ပေးနေတာမျိုးတွေလည်း ရှိတဲ့အတွက် လေ။ ညီမတို့နိုင်ငံကျ ကားမှမရှိရင် ဘယ်မှသွားလို့ အဆင်မပြေဘူး။ အဲဒီလို ဖြစ်နေတာ။ ဒီကားမှ မရှိဘူးဆို သွားလို့ လာလို့မရတဲ့ အနေအထားကို ဖြစ်နေတာ။ ဆိုင်ကယ်တို့၊ စက်ဘီးတို့ ဆိုတာကလည်း တော်ရုံ အဝေးကြီးမှ မရောက်နိုင်တာ ဆိုတော့လည်း။ အဲဒီလိုဆိုတော့ ရန်ကုန်မြို့တွင်း နေတဲ့သူတွေ အတွက်ကတော့ ကားမရှိရင် အဆင် မပြေလောက်ဘူးလို့ ထင်ပါတယ်။

Voice : ကားဝယ်မယ့် သူတွေကိုရော ညီမ အနေနဲ့ ဘယ်လို အကြံလေးတွေ ပေးချင်လဲ။
TS : ညီမကလည်း အိမ်က ဝယ်ပေးတာ စီးတာဆိုတော့ သိပ်တော့ အကြံ မပေးတတ်ဘူး။ ဒါပေမဲ့ ကိုယ်နဲ့ အဆင်ပြေမယ့်၊ ကိုယ်နဲ့ ကိုက်ညီမယ့် ကားမျိုးကိုတော့ ဝယ်စေချင်တယ်။ ကိုယ်က ပစ္စည်း များများ ထည့်ချင်တယ်ဆို ပြိုင်ကား ဝယ်ဖို့တော့ အဆင် မပြေဘူးပေါ့။ နောက်တစ်ခုက ဆီစားသက်သာမယ့် ကားမျိုးပေါ့။ ညီမတို့ဆီမှာက အမှန်တိုင်း ပြောရရင် မကုန်သင့်တာထက် ပိုကုန်နေတယ်။ လမ်းမှာပဲ ကြာနေတဲ့အချိန်က များတဲ့အတွက်ကြောင့် ဆီ အရမ်းစားတဲ့ကားဆို ဆီဖိုးနဲ့ ပြန်တွက်ကြည့်ရင် မကိုက်ဘူးလေ။ အဲဒီအတွက် ဆီစားလည်း သက်သာမယ်၊ ကိုယ့်အတွက်လည်း တကယ် အသုံးဝင်မယ့်ကားမျိုး ရွေးဝယ်စေချင်ပါတယ်။

ခိုင်ချယ်ရီထွန်း


  • VIA