News

POST TYPE

AUTOMOBILE

အဝေးပြေးကားဝင်း အတွင်းမှ အငှားယာဉ်များ
10-Oct-2016 tagged as ကား

အဝေးပြေးကားဝင်းများအတွင်း ဂိတ်ထိုးသည့် အငှားယာဉ် (Taxi) များမှာ  ခရီးသည်များကို အလုအယက် ခေါ်ဆိုနေခြင်းနှင့် ပတ်သက်၍ ခရီးသည်တင် ယာဉ်လိုင်းပိုင်ရှင်၊ ကြီးကြပ်သူများနှင့် ခရီးသည်အချို့၏ အမြင်များကို စုစည်းဖော်ပြအပ်ပါသည်။

“ဥပဒေကလည်း ထုတ်ထားတာမျိုး မရှိသေးတဲ့အတွက် ခရီးသည် လုတင်တာကိုတော့ အရေးယူလို့ မရပါဘူး”
ဦးစိုးသိန်း (ကုန်းလမ်းခရီးသည် ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း - အတွင်းရေးမှူး)

အောင်မင်္ဂလာ အဝေးပြေးကားဝင်းမှာ နယ်က ဝင်လာတဲ့ ကားတွေကို ဆိုက်ရောက်လို့ခေါ်တဲ့ Arrival မှာ ရပ်ဆိုင်းခွင့် ပေးထားရပါတယ်။ အဲဒီမှာရှိတဲ့ Taxi အသင်းကို စည်ပင်ဝင်းတာဝန်ခံ စည်ပင်သာယာက ကြီးကြပ်ကွပ်ကဲပါတယ်။ နယ်က ခရီးသွားလုပ်သား ပြည်သူတွေ အပေါ်မှာကတော့ ခရီးသည် လုတင်တဲ့ ပြဿနာလေးတွေ ရှိကောင်းရှိပါတယ်။

ဘာလို့လဲဆိုတော့ ယနေ့ မြန်မာနိုင်ငံမှာရှိတဲ့ ခရီးသွားလုပ်သား ပြည်သူလူထုဟာ အသိအမြင် ဗဟုသုတ အတော်လေး နည်းတာမျိုး ရှိတတ်ပါတယ်။ အဲဒီလိုရှိတဲ့ ခရီးသည်ရဲ့ အားနည်းချက်အပေါ်မှာ အခွင့်ကောင်း ယူတာမျိုးတွေ ရှိနေတာပါ။ သို့သော် Taxi ကားသမားတိုင်းတော့ မဟုတ်ဘူးပေါ့။ နောက်တစ်ခုက အဝေးပြေးကွင်း (ပစောက်ကွင်း) ထဲမှာ ဆိုရင်တော့ ကွင်းအလယ်တည့်တည့်မှာကို Taxi တွေ ရပ်ထားတယ်။ ဘေးနားမှာ ရပ်ထားတာတွေနဲ့ ကျပ်ပိတ်ညပ်နေတာကတော့ တကယ်ကြုံတွေ့နေရတာပေါ့။ ဒါတွေကတော့ သက်ဆိုင်ရာ စည်ပင်သာယာရဲ့ ကြီးကြပ်မှုအောက်မှာလည်း ရှိနေတာပါ။ အဲဒီလို ခရီးသည် လုတင်တဲ့ အငှားယာဉ်တွေကို ခရီးသည် လုတင်တာနဲ့ ပတ်သက်ပြီး ဖမ်းလို့မရပေမယ့် ဥပဒေကလည်း ထုတ်ထားတာမျိုး မရှိသေးတဲ့အတွက် ခရီးသည် လုတင်တာကိုတော့ အရေးယူလို့ မရပါဘူး။ သူတို့ကို သတ်မှတ်ထားတဲ့ နေရာတွေမှာ မရပ်ရင် အရေးယူတာမျိုးလောက်ပဲ အရေးယူလို့ ရပါတယ်။ ဒါပေမဲ့လည်း လစ်ရင်လစ်သလို လုပ်ကြတာပေါ့။

ကားသမားက ခရီးသည် ပေါင်းတင်တာတို့၊ ဈေးမတန်တဆ တောင်းတာမျိုးကတော့ ခုထက်ထိကို အောင်မင်္ဂလာ အဝေးပြေးကွင်းထဲမှာ ရှိနေဆဲပါ။ ဒါတွေ အားလုံးဖြစ်နေတာက တရားဥပဒေစိုးမိုးမှု မရှိလို့လို့ပဲ မြင်ပါတယ်။ ဒီလိုခရီးသည်တွေအပေါ် မရိုးမသား လုပ်နေတာတွေကို ဒီအဝေးပြေးကားကွင်းရဲ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ လူကြီးတွေက ဒီအဝေးပြေးကွင်းထဲမှာ လူခေါ်ပွဲစားတွေ၊ Taxi တွေ၊ Taxi ပွဲစားတွေ စည်းကမ်းတကျ ဖြစ်အောင်တော့ ကြီးကြပ်လုပ်ကိုင်ပါလို့ လမ်းညွှန်ထားတာပါပဲ။ ဒါပေမဲ့ လက်ရှိအနေအထားမှာတော့ မျှော်လင့်သလောက် ရည်မှန်းထားသလောက်တော့ မအောင်မြင်သေးဘူးပဲ ယူဆရပါတယ်။ ဒီလို အခက်အခဲလေးတွေကတော့ နေရာပေါင်းစုံမှာ ရှိပါတယ်။ နောက်လည်း ပျောက်အောင်လုပ်ဖို့ ဆိုတာ ချမှတ်ထားတဲ့ ဥပဒေ မရှိသေးသရွေ့တော့ အခက်အခဲလေးတွေ ရှိနေဦးမှာပါပဲ။                                                           

“Taxi သမားတွေ ဒီလိုစည်းမဲ့ကမ်းမဲ့ ဖြစ်နေတာတွေကိုတော့ အခုထိ ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်တာမျိုး မရှိသေးပါဘူး”
ဒေါ်ခိုင်ခိုင်တိုးမြင့် (ဇေယျာရွှေမြေ ကားဂိတ်တာဝန်ခံ)

လက်ရှိမှာ Taxi သမားတွေကို အန်တီတို့လည်း မရှင်းနိုင်သေးပါဘူး။ လက်ရှိမှာ Taxi သမား အများဆုံး ဆုံနေတဲ့ ပစောက်ကွင်းမှာဆို ယာဉ်လိုင်းတွေလည်း စုံတယ်။ လူတွေလည်း အရမ်းများတော့ နေရာလည်း စိပ်တယ်ပေါ့။ ဟိုင်းဝေးဆိုတာလည်း တစ်နေ့မှာ သုံးကြိမ်ထွက်တာ ရှိတယ်။ လေးကြိမ်ထွက်တာ ရှိတယ်။ တချို့နေရာတွေဆို ကျိုက်ထီးရိုးလိုဆို လေး၊ ငါးခေါက် ထွက်ကြတာဆိုတော့ အဝင်အထွက်က အချိန်စိပ်တယ်။ အဲဒီလိုဖြစ်တော့ Taxi သမားတွေက အမြဲရှုပ်နေတာ။ အဲဒီတော့ အန်တီတို့ ဖြစ်စေချင်တာက ကွင်းမှာ စည်ပင်ရဲဆို သတ်သတ်ရှိတယ်။ လုံခြုံရေး ရဲဆိုတာ သတ်သတ်ရှိတယ်။ အဲဒီမှာ ဒီလို Taxi သမားတွေ ခုလိုဖြစ်နေတာကို အန်တီတို့က စည်ပင်ကို သွားပြောတော့ သူတို့က ဝန်ထမ်းအင်အားက အောင်မင်္ဂလာ အဝေးပြေးကွင်း တစ်ခုလုံးမှ ရဲက ခြောက်ယောက်ပဲ ရှိတယ်။ အဲဒီတော့ သူတို့အနေနဲ့ ခုလိုဖြစ်နေတာတွေကို ထိထိရောက်ရောက် ဖြေရှင်းပေးဖို့ဆိုတာ ဝန်ထမ်းအင်အား မလောက်ဘူးလို့ တင်ပြတယ်။ လွှတ်တော်ကိုယ်စားလှယ် လာတုန်းကလည်း ဒီကိစ္စကို ပြောထားတယ်။ ဒါပေမဲ့ ဖြစ်နေတာက ဥပဒေ မစိုးမိုးတာပေါ့။ စည်းကမ်းတွေကို စာနဲ့ထုတ်ထားတယ်။ မလိုက်နာဘူး။ ခုဖြစ်နေတာက အောင်မင်္ဂလာဂိတ်က ယာဉ်ကြီးကားဂိတ်ဖြစ်ပြီး Taxi လေးတွေက နှစ်ရာပေးပြီး ဝင်တယ်။ လူမရမချင်း နေရာဦးပြီးတော့ ရပ်တယ်။ နောက် သူတို့ကားမှာ လူကြုံမရမချင်း ကားကို သော့ပိတ်ပြီး ထွက်သွားတယ်။ အဲဒီလိုအဖြစ်တွေ ဖြစ်နေတာကို အရင် ဒီကွင်းတာဝန်ခံတုန်းကလည်း အန်တီတို့ အမုန်းခံပြီး ပြောပါတယ်။ သူတို့ကလည်း တတ်နိုင်သလောက် ဒီ Taxi သမား တွေကို လာရှင်းပေးတယ်။ ဒါပေမဲ့ သူတို့ထွက်သွားပြီ ဆိုတာနဲ့ နောက်က ပြန်ရောက်လာတယ်။ အဲဒီတော့ ဒီမှာဖြစ်နေတာက အုပ်ချုပ်သူနဲ့ ကျင့်သုံးသူက မနိုင်တဲ့ သဘောမျိုး ဖြစ်နေတာ။ အုပ်ချုပ်သူ ဘက်ကလည်း ဒီကိစ္စတွေကို မလုပ်ပေးဘူးလား ဆိုတော့လည်း လုပ်ပေးတယ်။ ဒါပေမဲ့ ထိထိရောက်ရောက် အရေးယူပေးနိုင်တာမျိုး မရှိဘူး။ အခုချမှတ်ထားတဲ့ စည်းကမ်းတွေမှာလည်း ခရီးသည်တွေ လုတာနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ စည်းကမ်းမျိုးဆိုတာ မရှိသေးဘူး။ သူတို့ လုပ်နိုင်တာက Taxi တွေကို ဘယ်နေရာမှာ ရပ်ရမယ်၊ ဘယ်နေရာတွေမှာ မရပ်ရဘူး ဆိုတာလောက်ပဲ ချမှတ်နိုင်သေးတယ်။ အန်တီတို့ ဂိတ်တွေအနေနဲ့ ခရီးသည်တွေကို လုပ်ပေးနိုင်တာက ကိုယ့်ခရီးသည်တွေကို Taxi သမားတွေကို ခရီးသည် ဘယ်လောက်တင်ရမယ် ဘာညာဆိုပြီး သွားပြောလို့ မရတဲ့အတွက် အဝေးပြေးကွင်းကနေ ကားပြောင်းစီးမယ်ဆို ဈေးမှန်တဲ့ Taxi သမားလေးတွေ ခေါ်ပေးတယ်။ မြို့ထဲသွားမယ့် ခရီးသည်တွေကို Taxi အလိမ်မခံရအောင် မြို့ထဲ ဂိတ်အထိရောက်အောင် အန်တီတို့က ယာဉ်စီစဉ်ပေးတယ်။ အဲဒီလောက်ပဲ လုပ်ပေးနိုင်သေးတယ်။ Taxi သမားတွေ ဒီလိုစည်းမဲ့ကမ်းမဲ့ ဖြစ်နေတာတွေကိုတော့ အခုထိ ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်တာမျိုး မရှိသေးပါဘူး။      
                                                      
“သူတို့က ခရီးသည် လုတင်ရုံတင် မဟုတ်ဘူး။ လူပေါင်းတင်တယ်”
ဦးရဲလင်းထွဏ်း (ခရီးသည်)

ကားသမားတွေ ခရီးသည်တွေကို လုတင်တာမျိုး ကျွန်တော်လည်း ကြုံဖူးပါတယ်။ ခရီးသည်တစ်ယောက် အနေနဲ့ ပြောရမယ်ဆို ခုလို Taxi သမားတွေ ခရီးသည်ကို အတင်းလုတင်နေတာမျိုးက အဆင်မပြေပါဘူး။ သူတို့က ခရီးသည် လုတင်ရုံတင် မဟုတ်ဘူး။ လူပေါင်းတင်တယ်။ ပေါင်းတင်တဲ့သူတွေက နီးနီးနားနားလည်း မဟုတ်ဘူး။ တောင်းတဲ့ဈေးကျတော့လည်း လမ်းကြောင်းတူနေရင်တောင် ပုံမှန်စီးလုံးငှားတဲ့ဈေးတွေ။ သူတို့ အဲဒီလိုဖြစ်တဲ့နေရာမှာ ပြန်ကြည့်တော့ ဘာလို့တုံးဆို အဲဒီလို ခရီးသည် ဝိုင်းလုတာနဲ့ ဈေးမတန်တဆ တောင်းရတာဟာ အဲဒွှီ Taxi တစ်စီးတည်းမှာကို Taxi သမား တစ်ယောက်တည်း မဟုတ်ဘူး။ ပွဲစားလည်း ရှိသေးတယ်။ အများအားဖြင့် ခရီးသည် လာခေါ်တာက ပွဲစားတွေ များတယ်။ သူတို့နှစ်ယောက် မျှယူတာ။ နောက်တစ်ခုက အရင်က အဲဒီလို ဆိုက်ရောက်ဂိတ်တွေမှာ အောင်မင်္ဂလာမှာပဲ မှတ်ပုံတင်ထားတဲ့ (တခြားတစ်နည်းနည်းနဲ့ အသိအမှတ်ပြုထားတာ ဖြစ်ကောင်းဖြစ်မယ်) Taxi ကားတွေပဲ ဆိုက်ခွင့်ရှိတယ်။ အဲဒါသူတို့အတွက် အခွင့်ကောင်းပဲ။ နောက်ထပ် ခရီးသည် ဝိုင်းလုတယ် ဆိုတာမျိုးကတော့ ရှင်းပါတယ်။ ခရီးသည်နဲ့ ကားသမားနဲ့ မမျှတာပေါ့။ 

ဖြစ်သင့်တာက သူတို့ အဲဒီလို မလုပ်ဖို့အတွက် အာဏာပိုင်တွေက ကြပ်မတ်သင့်သလို ခရီးသည်တွေ ကိုလည်း ဒီလိုတွေရှိတယ် ဆိုတာ ပညာပေးသင့်တယ်လို့ ထင်တယ်။ 

ခိုင်ချယ်ရီထွန်း

ABOUT AUTHOR

ခိုင်ချယ်ရီထွန်း (ခိုင်ချယ်ရီထွန်း)