News

POST TYPE

AUTOMOBILE

ဆီဈေးတက်၍ ကားခတိုးရန် အဝေးပြေးယာဉ်လိုင်းများ အစိုးရထံတင်ပြရန်စီစဉ်
20-Sep-2018



ရန်ကုန်၊ စက်တင်ဘာ ၁၉

ဆီဈေးမြင့်တက်မှုဒဏ်ကြောင့် အဝေးပြေးယာဉ်လိုင်းများ ရေရှည်ရပ်တည်ရန် အခက်အခဲများရှိနေပြီး ခရီးစဉ်တစ်ကြောင်းလျှင် လက်မှတ်ခ ကျပ် ၅၀၀ တိုးကောက်ရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံ တင်ပြမည်ဖြစ်ကြောင်း အဝေးပြေးယာဉ်လိုင်းလုပ်ငန်းရှင်များအဖွဲ့ (အောင်မင်္ဂလာအဝေးပြေး) ထံမှ သိရသည်။

“ဆီဈေးမြင့်တက်တဲ့ဒဏ်က ယာဉ်လိုင်းအချို့တောင် မဟုတ်ဘူး။ ယာဉ်လိုင်းအားလုံး ဒီဒဏ်ကြောင့် ဒုက္ခရောက်နေကြတယ်။ ဒီအတိုင်းဆိုရင် ရေရှည်ရပ်တည်ဖို့ မလွယ်ဘူး။ ဒါကြောင့် အဖွဲ့က ဈေးနှုန်းအပြောင်းအလဲလုပ်ဖို့ ဆွေးနွေးညှိနှိုင်းနေတယ်။ ပြီးရင် YRTA ကို တင်ပြမယ်” ဟု အဝေးပြေးယာဉ်လိုင်းလုပ်ငန်းရှင်များ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အဝေးပြေးယာဉ်လိုင်းများ ရေရှည်ရပ်တည်နိုင်ရန် ခရီးစဉ်အလိုက် လက်မှတ်ခ တိုးကောက်ခွင့်ပြုရန်၊ ယာဉ်တစ်စီး၏ တစ်ခေါက်လျှင် ၂ ရာခိုင်နှုန်း ပေးဆောင်နေရခြင်းကို ဖြေလျှော့ပေးရန် YRTA ကို စက်တင်ဘာလအတွင်း တင်ပြသွားမည်ဖြစ်ကြောင်း အဝေးပြေးယာဉ်လိုင်းလုပ်ငန်းရှင်များအဖွဲ့ထံမှ သိရသည်။

ဆီဈေးမြင့်တက်နေခြင်းကြောင့် လက်ရှိတွင် ယာဉ်တစ်စီးလျှင် တစ်လကို ကျပ် ၁၅ သိန်းမှ ကျပ်သိန်း ၂၀ ကြား အရှုံးပေါ်နေပြီး ရေရည်ရပ်တည်ရန် ခက်ခဲနေသော်လည်း လက်မှတ်ခတိုးကောက်ခြင်း မလုပ်သေးကြောင်း ဘုန်းမြတ်ပိုင်အဆင့်မြင့်ခရီးသည် သယ်ယူပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ လုပ်ငန်းစဉ် အဆင့်လိုက်ပဲ တင်ပြတောင်းဆိုသွားမယ်။ လက်ရှိကတော့ အဖွဲ့က တောင်းဆိုမယ့်အချက်ကို အတည်ပြုဖို့ ဆွေးနွေးနေတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ရန်ကုန်မှ မွန်ပြည်နယ်၊ မန္တလေးခရီးစဉ်ကို ပြေးဆွဲသည့် ယာဉ်လိုင်းအချို့ ဆီဈေးမြင့်တက်နေခြင်းကြောင့် လက်မှတ်ခ ကျပ် ၅၀၀ တိုးကောက်နေခြင်းများ ရှိနေပြီး ဆီဈေးမြင့်တက်မှုဒဏ်ကို လုပ်ငန်းရှင်များအပြင် အခြေခံလူတန်းစားများဖြစ်သော ပြည်သူများပါ ခံနေရကာ လက်မှတ်ခဈေးမြင့်တက်ခြင်းကို လက်မခံနိုင်ကြောင်း ခရီးသည်များက ပြောကြားသည်။

အဝေးပြေးယာဉ်လိုင်းလုပ်ငန်းရှင်များအနေနှင့် လက်ရှိအချိန်အထိ ၎င်းတို့၏ အခက်အခဲကို စာဖြင့်သော်လည်းကောင်း၊ လူအားဖြင့်သော်လည်းကောင်း တင်ပြထားခြင်းမရှိသေးကာ အဝေးပြေးယာဉ်လိုင်းလုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ၎င်းတို့ တင်ပြတောင်းဆိုမည့်အချက်အပေါ်မူတည်ပြီး ညှိနှိုင်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

J-06