News

POST TYPE

AUTOMOBILE

စက်သုံးဆီဈေးနှင့် ရန်ကုန်တက္ကစီ
10-Sep-2018 tagged as



“အခုကျွန်တော်နားနေတာတော့ တစ်ပတ်လောက်ရှိသွားပါပြီ”

ကိုအောင်ကျော်မိုး (အငှားယာဉ်မောင်း)

လက်ရှိမှာ ကားနားလိုက်တာက ဆီဈေးတက်တာက အဓိကပေါ့နော်။ အရင်က ကျွန်တော်တို့ တစ်ရက်ကားဆွဲရင် တစ်သောင်းခွဲလောက် ကိုယ့်အတွက် ကျန်တယ်။ အခုက တစ်ရက်လုံးဆွဲမှ တစ်သောင်းလောက်ပဲ ကိုယ့်အတွက် ကျန်တဲ့အတွက် မကိုက်တော့ဘူး။ ဆီဈေးက တက်ရတဲ့ကြားထဲမှာ ခရီးသည်ကလည်း ပါးသွားတယ်။ ဆီဈေးတက်တဲ့အတွက် ခရီးသည်ဆီက ပိုတောင်းတဲ့အခါ ခရီးသည်နဲ့ ညှိမရတာတွေလည်း ရှိတယ်။ ၁၀ ယောက်မှ တစ်ယောက်လောက်လိုက်ဖြစ်၊ သူတို့ပေးတဲ့ဈေးကျတော့လည်း ကိုယ့်အတွက် မကိုက်တဲ့အတွက် မလိုက်ဖြစ်တာက များနေတာ။ ရတဲ့ တစ်သောင်းလောက်ဆိုတာလည်း ကားပျက်ရင် ပြင်ရပြုရတာနဲ့ဆို ကိုယ့်အတွက်က ဘာမှမကျန်တော့ဘူး။ အဲဒီအတွက် တက္ကစီကို ပြန်ရောင်းဖို့ လုပ်နေတယ်။ အခုကျွန်တော်နားနေတာတော့ တစ်ပတ်လောက်ရှိသွားပါပြီ။ တက္ကစီဆွဲမယ့်အစား ကျွန်တော့်မိန်းမဖွင့်ထားတဲ့ ဖိနပ်ဆိုင်လေးထဲမှာပဲ အရင်းအနှီးထည့်ထားတော့မယ်။ ဖိနပ်ကရတဲ့ အမြတ်ကလည်း တက္ကစီဆွဲရင် ကျန်တဲ့အမြတ်လောက်ရတာဆိုတော့ အိမ်မှာပဲ အေးအေးဆေးဆေးနေပြီး ဆိုင်ထိုင်တော့မယ်။ တက္ကစီက ပင်ပန်းတယ်။ အခုဆီဈေးနဲ့က ကိုယ့်အတွက်လည်း မကျန်တာမို့ မဆွဲတော့ဖို့ ဆုံးဖြတ်ထားတယ်။



“တခြားလုပ်စရာအလုပ်လည်း မရှိသေးတဲ့အတွက် တက္ကစီကိုပဲ မှေးမောင်းနေရတာ”

ဦးကျော်ဝင်း (အငှားယာဉ်မောင်း)

လက်ရှိမှာ စက်သုံးဆီဈေးတွေကတော့ ဆက်တိုက်တက်နေတာပါပဲ။ အဲဒီ အတွက် ကျွန်တော်တို့ ယာဉ်မောင်းတွေ အတွက် စားဝတ်နေရေးအကျပ်အတည်းတော့ ဖြစ်လာတာအမှန်ပဲ။ လက်ရှိ တက္ကစီသမားတွေ အများစုထည့်တာကတော့ ၉၂ ထည့်တာများတယ်။ အခုသူက ၉၈၀ ဈေးဝယ်ရပါတယ်။ ဆိုလိုတာကတော့ ဆီဈေးလေးကျရင် ပိုကောင်းတာပေါ့။ အခုတော့ တခြားလုပ်စရာ အလုပ်လည်း မရှိသေးတဲ့အတွက် တက္ကစီကိုပဲ မှေးမောင်းနေရတာ။ လက်ရှိ ဈေးထက်ဆက်တက်ပြီး ထောင်ကျော်သွားမယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် ဘယ်လိုမှမကိုက်တော့ဘူး။ ရပ်ကို ရပ်လိုက်ရတော့မှာ။ လက်ရှိဆီဈေးတွေ မြင့်နေတဲ့အတွက် အုံနာကြေးပေးပြီးမောင်းနေရတဲ့ တက္ကစီတွေဆို ဆီဈေးနဲ့ အုံနာကြေးနဲ့မကိုက်လို့ ပြန်အပ်လိုက်တယ်ကြားတယ်။ လက်ရှိမှာ ဆီဈေးတက်တဲ့အတွက် ခရီးသည်တွေ ပါးသွားတယ်။ ခရီးသည်ဘက်ကျတော့လည်း ဆီဈေးတက်တဲ့အတွက် တိုးတောင်းတဲ့အခါ ပေးနိုင်တာမျိုးရှိသလို မပေးနိုင်တော့လည်း ကိုယ့်အတွက်နည်းနည်း ကျန်ရင်ကို လိုက်ပို့ပေးလိုက်ရတာပဲ။ အတင်းလည်ပင်းညှစ်တောင်းလို့လည်း မရဘူးလေ။ ခရီးသည်တွေကလည်း တက္ကစီကို မစီးမဖြစ်နေရာတွေလောက်ပဲ စီးပြီး ၂၀၀ နဲ့ ရောက်နေတော့ လိုင်းကားစီးသွားကြတာပေါ့။

“အရင်က မနက် ၇ နာရီကနေ ည ၇ နာရီအထိကို အုံနာကြေးပေးပြီး တစ်သောင်းခွဲလောက်ကျန်တယ်”

ဦးမျိုးအောင် (အငှားယာဉ်မောင်း)

အခု ဆီဈေးမြင့်တက်နေတဲ့အတွက် တက္ကစီယာဉ်မောင်းတွေ ရပ်တည်ဖို့ အရမ်းခက်ခဲနေပါတယ်။ တော်တော်များများလည်း ကားတွေကို အုံနာပြန်အပ်နေကြရတယ်။ ကျွန်တော် အခုရင်ဆိုင်နေရတဲ့ အခက်အခဲဆိုရင် ခရီးသည်ရှားပါးလာတယ်။ ဈေးမကိုက်လည်း လိုက်နေရတယ်။ ဘာကြောင့်လဲဆိုတော့ ၁၀ ရက်တစ်ကြိမ် ကားအုံနာကြေးပေးရတယ်။ အဲဒီတော့ ကိုယ့်အတွက်မကိုက်လည်း အုံနာကြေး မီဖို့ကို မောင်းနေရတဲ့အခြေအနေ ဖြစ်နေတယ်။ ကျန်တဲ့သူတွေလည်း ဒီလိုပဲနေမှာပါ။ ကျွန်တော်ကတော့ ကားပြန်မအပ်ရ သေးဘူးဆိုပေမယ့် ကျွန်တော့်ဘော်ဒါတွေ ကားပြန်အပ်လိုက်တာတွေရှိတယ်။ ကိုယ့်မိသားစု စားဝတ်နေရေးအတွက် အရင်က မနက် ၇ နာရီကနေ ည ၇ နာရီ အထိကို အုံနာကြေးပေးပြီး တစ်သောင်းခွဲလောက်ကျန်တယ်။ အခု ငါးထောင်၊ ခြောက်ထောင်လောက်ပဲကျန်တယ်။ အဲဒီတော့ ဘာလုပ်ရလဲဆိုရင် ညပိုင်းတွေအချိန်ကျော်အထိ ပိုကားဆွဲရတော့တာပေါ့။ အသက်ကြီးတဲ့ ယာဉ်မောင်းတွေဆိုရင် ဘယ်အချိန်ပိုကြီး မောင်းနိုင်တော့မလဲ။ သူတို့ဆိုရင် ဝင်ငွေအရမ်းထိခိုက်သွားပြီလေ။ လူငယ်တွေကတော့ ကိုယ့်အတွက်ကျန်အောင် တစ်နေကုန်မိုးချုပ်တဲ့အထိ ခရီးသည်ရှာတယ်။ ဘယ်လောက်ဆီဈေးတက်တက် အုံနာကြေးလျှော့ယူတယ်ဆိုတာ မရှိဘူးလေ။ ခရီးသည်တွေကလည်း သူတို့ရဲ့ ဝင်ငွေ၊ ထွက်ငွေအရ ပိုမပေးချင်ကြဘူး။ တချို့ခရီးသည်ကတော့ ဆီဈေးတက်နေလို့ပါပြောရင် နားလည်ပေးကြတာလည်း ရှိပါတယ်။

ခိုင်ချယ်ရီထွန်း

  • TAGS