News

POST TYPE

AUTOMOBILE

ကားအရောင်းအဝယ် ရပ်ဆိုင်းလုနီးဖြစ်
10-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၉

ဖောက်စွပ်ကိစ္စများအပါအဝင် ကားမူဝါဒအပြောင်းအလဲများကြောင့် ရန်ကုန်ကားဈေးကွက် အရောင်းအဝယ်မှာ ရပ်ဆိုင်းလုနီးပါးဖြစ်နေကြောင်း ရန်ကုန်ရှိ အဓိကကားရောင်းဝယ်သည့် နေရာများဖြစ်သည့် သီရိရတနာနှင့် လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းများထံမှ သိရသည်။

လတ်တလောကားတစ်စီးရောင်းချရာတွင် ယခင်ကကဲ့သို့ ပိုင်ရှင်ဖြင့် တိုက်ရိုက်ရောင်းချရသည့် ပုံစံထက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဖောက်စွပ်ကား (ပြည်ပမှ ထုတ်လုပ်ထားသည့် ကားများကို ကိုယ်ထည်ပြောင်း၊ ချက်စီနံပါတ်ကို ပြောင်းလဲထားသည့်ယာဉ်) များကို ယာဉ်စစ်ဆေးရသည့်အတွက် အချိန်ကြာမြင့်ခြင်းများ ဖြစ်ပေါ်စေသကဲ့သို့ အရောင်းအဝယ်ပြုလုပ်ရာတွင် အဟန့်အတားများ ဖြစ်ပေါ်စေကြောင်း ကားဝယ်ရောင်းများက ဆိုသည်။

“အလုပ်မဖြစ်တော့လို့ ကျွန်တော်တောင် တခြားပြောင်းလုပ်ဖို့ ပြင်နေတယ်။ ရှိတဲ့ကားလေးတွေကိုလည်း ဝယ်တဲ့လူရှိမှပဲ ရောင်းတော့မယ်”ဟု လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းမှ ဝါရင့်ကားဝယ်ရောင်း ဦးအောင်ကျော်စိုးက ပြောဆိုသည်။

ကားတင်သွင်းခွင့်ခက်ခဲခဲ့သည့် ကာလများက ပြည်ပမှ လိုင်စင်မဲ့ယာဉ်အဖြစ်တင်သွင်းပြီး ချက်စီကို ပြောင်းလဲ၍ ကညနတွင် ငွေကြေးပေးသွင်းကာ တရားဝင်သဘောမျိုးဖြင့် ပိုင်ရှင်ကို ခံဝန်ရေးထိုးစေပြီး RTA ထု၍ လိုင်စင်ပေးအပ်ခဲ့သည့်အတွက် ထိုသို့ဖောက်စွပ်နှင့် အလုံးချိန်းကားများပေါ်ပေါက်လာခဲ့ရပြီး ယခုအခါ ၂၀၁၅ မော်တော်ယာဉ်ဥပဒေအရ မညီတော့သည့်အတွက် သိမ်းဆည်းသည့် အစီးရေ ၄၀၀ နီးပါး အထိရှိပြီဖြစ်ကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်များထံမှ သိရသည်။

ထိုသို့သိမ်းဆည်းထားသည့် မော်တော်ယာဉ်များကို အစိုးရအနေနှင့် တိုက်ကြေမော်တော်ယာဉ်စာရင်းသို့သွင်း၍ ပြည်ပမှ ယာဉ်အစားထိုး တင်သွင်းခွင့်ပေးသင့်ကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်များက ဆိုသည်။ 

S-04


  • VIA