News

POST TYPE

AUTOMOBILE

ရန်ကုန်နှင့် မြဝတီရှိ Delivery Van များ စက်တင်ဘာ ၇ ရက် နောက်ဆုံးထား ထုတ်ရမည်
04-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၄

ဒဏ်ကြေးမလျှော့သည့်အတွက် ဆိပ်ကမ်းများမှမထုတ်ဘဲ ထားသည့် ရန်ကုန်ဆိပ်ကမ်းနှင့် မြဝတီကုန်သွယ်ရေးဇုန်တို့ရှိ Delivery Van ယာဉ်များကို စက်တင်ဘာလ ၇ ရက်နေ့ နောက်ဆုံးထား၍ မထုတ်ယူပါက သိမ်းဆည်းမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်သည်။

မြဝတီရှိ Delivery Van ယာဉ်များကို ဩဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ထုတ်ယူရန် ကြေညာချက် ထားရှိခဲ့သော်လည်း ယခုအခါ စက်တင်ဘာလ ၇ ရက်နေ့အထိ ထုတ်ခွင့်ပေးလိုက်ခြင်းဖြစ်ပြီး ရန်ကုန်ဆိပ်ကမ်းများရှိ ယာဉ်များကိုမူ နောက်ဆုံးထုတ်ရက် ယခင်က ကြေညာထားခြင်း မရှိသော်လည်း ယခုအခါ နောက်ဆုံးကားထုတ်ရက်ကို ကြေညာလိုက်ခြင်း ဖြစ်သည်။

“မြဝတီက ကားတွေက အဲဒီရက်နဲ့ ထုတ်လို့ပြီးနိုင်တယ်။ ရန်ကုန်က ကားတွေကတော့ မလွယ်ဘူး။ ခက်ခဲနိုင်တယ်။ သောကြာနေ့ (စက်တင်ဘာ ၇) နောက်ဆုံး ငွေအသွင်းလက်ခံပြီးတော့ ကားကို နောက်အပတ်မှ အပြီးထုတ်ပေးမယ်ဆိုရင် အဆင်ပြေတယ်။ ဘာလို့ဆို ရန်ကုန်မှာက လေလံပယ်ဖျက်တာတွေ ဘာတွေလုပ်ရဦးမှာဆိုတော့လေ။ အဲလိုမှမဟုတ်ဘူးဆိုရင် ကားတွေအကုန် အသိမ်းခံရနိုင်တယ်”ဟု Delivery Van ယာဉ်များ ဒဏ်ကြေး လျှော့ပေါ့ရေး လုပ်ဆောင်ခဲ့သူ ကားဝယ်ရောင်း ဦးမြတ်မင်းချစ်က ဆိုသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၌ ယာဉ်စစ်ဆေးမှုခံယူပြီးနှင့် ခံယူဆဲ Delivery Van ယာဉ်များအနေနှင့် စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား၍ အခွန်ငွေပေးသွင်းခြင်း၊ ရက် ၆၀ လေလံပယ်ဖျက် ဘုတ်အဖွဲ့စစ်ဆေးခြင်းနှင့် ဆိပ်ကမ်းရှင်းလင်း ထုတ်ယူခြင်းလုပ်ငန်းများအပြီး ဆောက်ရွက်ကြရန်နှင့် သတ်မှတ်ကာလကုန်လွန်ပါက ဥပဒေအရ သိမ်းဆည်းသွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီး ကြပ်ရေးကော်မတီ (ကြီး/ကော်)က သတ်မှတ်ထားသည့် ဒဏ်ကြေးများဖြင့် ရန်ကုန်ဆိပ်ကမ်းမှ Delivery Van အစီးရေ ၃၀ဝ ကျော်နှင့် မြဝတီနယ်စပ်တို့မှ အစီးရေ နှစ်ထောင်ကျော်တို့ကို ယင်းယာဉ်တင်သွင်းထားသူများ စတင်ထုတ်ယူနေကြပြီး ဟိုက်ဂျက်နှင့် ဆူဇူကီးကဲ့သို့ ကားသေးများအနေနှင့် ဒဏ်ကြေး ကျပ်သိန်း ၂၀ မှ ၂၅ သိန်းနှင့် Nissan Vanette နှင့် Hiace ကဲ့သို့ အမြင့်ယာဉ်များအနေနှင့် ကျပ်သိန်း ၃၀ မှ ၄၀ အထိ ဆိပ်ကမ်းခများ ပေးထုတ်နေရကြောင်း အဆိုပါယာဉ်တင်သွင်းထားသူများထံမှ သိရသည်။

ကြီး/ကော်က Delivery Van များ တင်သွင်းရာတွင် မူလ စက်ရုံထုတ်ယာဉ်များနှင့် ကွဲပြားနေသည်ဟုဆိုကာ ယခုနှစ် ဖေဖော်ဝါရီလအတွင်းမှစတင်၍ မြဝတီနှင့် ရန်ကုန်ဆိပ်ကမ်းများတွင် ယင်းယာဉ်များ ထုတ်ခွင့်ကို ရပ်ဆိုင်းထားရာမှ ဇွန်လအတွင်း အုပ်စုလေးခုခွဲ၍ ဒဏ်ကြေးများ အသီးသီး သတ်မှတ်ထုတ်ယူခွင့်ပြုခဲ့ရာတွင် အုပ်စု C ကို ကားတန်ဖိုး၏ ဒဏ်ကြေး လေးပုံတစ်ပုံနှင့် အုပ်စု D ကို ကားတန်ဖိုးအတိုင်း ဒဏ်ကြေးပေးဆောင်ရန် သတ်မှတ်ခဲ့သည်။

ယင်းသတ်မှတ်မှုကို အဆိုပါယာဉ်တင်သွင်းသူများက မကျေနပ်၍ ဒဏ်ကြေးလျှော့ပေးရန်နှင့် ဆိပ်ကမ်းခလျှော့ပေးရန်တို့ကို ဌာနဆိုင်ရာများသို့ အကြိမ်ကြိမ် တင်ပြပြီးနောက် ဆန္ဒထုတ်ဖော်ခြင်းခဲ့သော်လည်း ဒဏ်ကြေး လျှော့ပေးခြင်းမရှိဘဲ ယခုအခါ ဆိပ်ကမ်းနှင့် မြဝတီနယ်စပ်တို့မှ မထုတ်ယူသည့်ယာဉ်များကို အစိုးရက သိမ်းဆည်းရန် ပြင်ဆင်လာခြင်းဖြစ်သည်။

S-04