News

POST TYPE

AUTOMOBILE

ယာဉ်မတော်တဆမှု နည်းပါးရေး
03-Sep-2018


ပို့ဆောင်ရေးအတွက် အသုံးချဖို့ ယာဉ်ကို လူအများသုံးစွဲနေကြတယ်။ ကိုယ်ပိုင်ကား မရှိသူတွေကလည်း ခရီးသည်တင်ယာဉ်ကားများကို အားထားပြီး စီးနင်းရပါတယ်။ အဲဒီလို အသုံးဝင်တဲ့ယာဉ်တွေကို အသုံးပြုရာမှ မတော်တဆယာဉ်တိုက်မှုတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားနေရပါတယ်။ ဒီလိုဖြစ်ပွားတယ်လို့ဆိုရာမှာ အများစုက ပေါ့ဆမှုကြောင့် ဖြစ်ပွားရတာ ပိုများတာကို လေ့လာမှုတွေအရ သိရပါတယ်။ ဒါကြောင့် ယာဉ်တိုက်မှုလျှော့ချနိုင်ရေးအတွက် ကားမောင်းနေချိန်မှာ မပြုမူသင့်တဲ့အရာတွေနဲ့ လုပ်သင့်တဲ့အရာတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

မြန်နှုန်း

ကားတစ်စီးကို တစ်နာရီမှာ ၄၅ ကီလိုမီတာနှုန်းနဲ့ မောင်းနှင်ခြင်းဟာ တစ်စက္ကန့်မှာ ၁၂ ဒသမ ၅ မီတာနှုန်းနဲ့ သွားနေတာဖြစ်ပါတယ်။ အဲဒီအကွာအဝေးဟာ ဘာနဲ့ညီမျှလဲဆိုတော့ တစ်စက္ကန့်မှာ ကားသုံးစီးစာရဲ့ အရှည်နဲ့ညီမျှပါတယ်။ ပြောချင်တာက မြန်နှုန်းမြင့် လေယာဉ်တိုက်မှုဖြစ်နိုင်ခြေ (ဝါ) ထိခိုက်ပျက်စီးဆုံးရှုံးနိုင်ခြေ (ဝါ) သေဆုံးနိုင်ခြေများတယ်လို့ ဆိုချင်တာပါ။

မြန်နှုန်း ၁ ကီလိုမီတာ မြှင့်လိုက်ခြင်းအားဖြင့် ကားတိုက်မှုနှုန်း ၃ ရာခိုင်နှုန်းမြင့်တက်စေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အဲဒီအချိန်မှာ ယာဉ်တိုက်လို့ သေဆုံးမည့်နှုန်းဟာလည်း ၄ ကနေ ၅ ရာခိုင်နှုန်းအထိ မြင့်တက်စေပါတယ်။ ဒါကြောင့် နိုင်ငံတစ်ခုမှာ တစ်နာရီကို သတ်မှတ်ထားတဲ့ ကီလိုထက် ပိုမမောင်းမိဖို့နဲ့ လိုရာခရီးကို အန္တရာယ်ကင်းစွာ ရောက်ရှိစေဖို့အတွက် သတ်မှတ်စည်းကမ်းတွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ ဒီမှာတော့ မြို့တွင်းဆိုရင် တစ်နာရီ ကီလို ၃၀ နှုန်းနဲ့ အမြန်လမ်းလို အဝေးပြေးလမ်းမတွေမှာ အိမ်စီးယာဉ်တွေကို တစ်နာရီ ကီလိုမီတာ ၁၀၀၊ ခရီးသည်တင်ယာဉ်တွေကို ကီလို ၉၀ နဲ့ လုပ်ငန်းသုံးယာဉ်တွေကို ကီလိုမီတာ ၆၀ မောင်းနှင်ခွင့်ပြုထားပါတယ်။ ကိုယ့်ယာဉ်ကို အရှိန်မြှင့်ပြီး မောင်းနှင်လေ တိုက်တဲ့အရှိန်ပိုမြင့်လေ ပိုပြင်းတဲ့ ဒဏ်ရာတွေရရှိလေပဲ ဖြစ်ပါတယ်။ နောက်ဆုံး သေဆုံး စေတဲ့အထိဖြစ်စေပါတယ်။ တစ်နာရီ ၈၀ ကီလိုမီတာ အရှိန်နဲ့ တိုက်တဲ့ကားပေါ်က ခရီးသည်တွေဟာ ၃၀ ကီလိုမီတာအရှိန်နဲ့တိုက်တဲ့ ကားတွေထက် သေဆုံးမှု အဆ ၂၀ အထိ ပိုမိုများစေပါတယ်။

ယာဉ်တိုက်မှုဖြစ်စေတဲ့ အနှောင့်အယှက်များ

ဒါကလည်း အများသိပြီးတဲ့ အချက်တွေပါပဲ။ ဒါပေမဲ့ ကားမောင်းသူအများစု မလိုက်နာကြတဲ့ အချက်တွေလည်းပဲ ဖြစ်နေပြန်ပါတယ်။ အဲဒီအပြုအမူတွေကြောင့်ပဲ ယာဉ်တိုက်မှုတွေ မကြာခဏဖြစ်နေရတာပါ။ အဲဒီအပြုအမူတွေမှာဆိုရင် ...

ကားမောင်းရင်း အရက်သောက်တာ

ဒီအပြုအမူက သိပ်ဆိုးတဲ့အပြုအမူဖြစ်ပြီး ကိုယ်ကားမောင်းရာမှာ ကြီးမားတဲ့ အနှောင့်အယှက်ကို ပေးနိုင်ပါတယ်။ အရက်၊ ဘီယာ သောက်သုံးခြင်းအားဖြင့် ဦးနှောက်ကိုထုံထိုင်းစေပြီး ဆုံးဖြတ်ချတာကိုလည်း တွေဝေစေပါတယ်။ ကားမောင်းရင်း အရက်၊ ဘီယာသောက်တာဟာ ရုတ်တရက်ကြုံလာမယ့် အခြေအနေကို ရင်ဆိုင်ရာမှာ အားနည်းစေသလို၊ ပုလင်းကိုကိုင်ပြီး သောက်နေတဲ့အချိန်မှာလည်း ရုတ်တရက် တွေ့လာနိုင်တဲ့ အရာဝတ္ထုတွေကို တိမ်းရှောင်ရာမှာ အမှားတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီအပြုအမူမျိုးကို ကားမောင်းရင်း မလုပ်ဖို့ သတိပေးလိုက်ပါရစေ။

ကားမောင်းရင်း အစာစားတာ

ဒါက ဒီ Motoring ကဏ္ဍရဲ့ ဆောင်းပါးတော်တော်များများမှာ ဖော်ပြခဲ့တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒီအပြုအမူက အလုပ်များတဲ့ ကားအသုံးပြုသူတွေ၊ မနက်စောစောမထနိုင်တဲ့ အလုပ်သမား၊ ကျောင်းသားတွေလုပ်တတ်တဲ့ အမူအကျင့်တစ်ခုလို့ ဆိုရမှာပါ။ အလုပ်များတဲ့အတွက် မနက်စာ၊ နေ့လယ်စာကို အချိန်လုစားရတဲ့အတွက် ကားမောင်းနေရင်း စားလိုက်တာမျိုးက မလုပ်သင့်တဲ့ အပြုအမူတစ်ခုပါ။ ဒါဟာ ကိုယ့်အသက်ကို အန္တရာယ်ပြုနိုင်သလို၊ ကိုယ်နဲ့ လိုက်ပါလာသူတွေကိုလည်း အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အစားကို လက်က ကိုင်ထားရတဲ့အတွက် စတီယာရင်ကို ကိုင်ရတာ အဆင်မပြေစေသလို အစားပေါ်အာရုံရောက်နေတဲ့အတွက် ကားမောင်းနေတာကိုလည်း မေ့သွားတတ်ပါတယ်။ ဒါကြောင့် ဒီအပြုအမူကလည်း မကောင်းတဲ့ အပြုအမူဖြစ်လို့ ရှောင်ရှားစေချင်ပါတယ်။

ကားမောင်းရင်း ဖုန်းသုံးတာ

ဒီလိုအပြုအမူကလည်း ကိုယ်ကားမောင်းရာမှာ ကြီးမားတဲ့အနှောင့်အယှက်ကို ပေးနိုင်ပါတယ်။ ကားမောင်းနေရင်း ဖုန်းလာလို့ပဲဖြစ်ဖြစ်၊ SMS လာလို့ပဲဖြစ်ဖြစ် နောက်မှ ပြန်ခေါ်တာတွေ၊ ဒါမှမဟုတ် Bluetooth နဲ့ပြောတာမျိုးတွေ၊ SMS ကို နောက်မှကြည့်တာမျိုးတွေပဲ လုပ်သင့်ပါတယ်။ ဖုန်းကို ကားမောင်းနေရင်း ကိုင်ပြီးသုံးတဲ့အကျင့်ကို တတ်နိုင်သမျှ ဖျောက်သင့်ပါတယ်။

ကားမောင်းရင်းစကားပြောတာ

ကားမောင်းရင်းစကားပြောတာကလည်း ကိုယ့်ရဲ့အာရုံကို ပျံ့လွင့်စေပါတယ်။ အဲဒီအထဲကမှ ချစ်သူတွေ၊ ချစ်သူဖြစ်ဖို့ စကားလမ်းကြောင်းနေတဲ့သူတွေက ပိုမိုအာရုံပြန့်လွင်စေပါတယ်။ အာရုံပြန့်လွင့်သွားပြီးဆိုတာနဲ့ ယာဉ်တိုက်မှု ဒါမှမဟုတ် လမ်းပေါ်က တခြားအရာတွေ လူ၊ တိရစ္ဆာန်တွေကို တိုက်မိတာတွေ ဖြစ်နိုင်ခြေများပါတယ်။ ဒါကြောင့် ဒီအပြုအမူမျိုးကိုလည်း မလုပ်သင့်ပါဘူး။

ကားမောင်းရင်းမလုပ်သင့်တာတွေကတော့ အများကြီးပါပဲ အထက်က ဖော်ပြခဲ့တာတွေ အပါအဝင် ရေဒီယိုလိုင်းပြောင်းတာ၊ GPS ချိန်ညှိတာ၊ ကလေး (သို့မဟုတ်)အိမ်မွေးတိရစ္ဆာန်တွေကို ထိုင်ခုံနဲ့ မထားတာတွေကို မလုပ်သင့်ပါဘူး။

အရက်သောက်ပြီး ယာဉ်မမောင်းရ

ဒါက နိုင်ငံတိုင်းမှာ သတ်မှတ်ထားတဲ့ တင်းကျပ်တဲ့ ကန့်သတ်ချက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆို ယာဉ်မောင်းတွေအတွက် ဆောင်ပုဒ်တစ်ခုရှိပါတယ်။ “မူးလျှင် မမောင်းနဲ့ မောင်းလျှင် မမူးပါနဲ့” ဆိုပြီး ဖြစ်ပါတယ်။ တခြားနိုင်ငံတွေမှာ အရက်သောက်သုံးမှုကို တိုင်းတဲ့ ကိရိယာလေးတွေရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ မြို့တွင်းမှာတော့ အဲလိုစစ်ဆေးတာမျိုး မရှိပေမယ့် အမြန်လမ်းပေါ်မှာ မောင်းရင်တော့ အဲလိုစစ်ပါတယ်။ ဒါလည်း တစ်ခါတစ်ရံမှ အဖွဲ့နဲ့ စစ်ကြတာပါ။ 

အရက်ရဲ့ သက်ရောက်မှု

အရက်ရဲ့ သောက်ခြင်းကြောင့် ဖြစ်ပေါ်စေနိုင်တာကတော့ တစ်ကိုယ်လုံးကို ထုံထိုင်းသွားစေတာပါပဲ။ အဲလိုထုံထိုင်းသွားစေလို့ အဓိကအချက်သုံးချက်ကို ဖြစ်ပေါ်စေပါတယ်

၁။ ရုတ်တရက်တွေ့ကြုံလာတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရာမှာ တုံ့ပြန်နိုင်တဲ့အချိန်ဟာ ၁၀ ကနေ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းစေပါတယ်။ 

၂။ နောက်တစ်ချက်က အမြင်မကြည်လင် ခြင်းကို ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် ညဘက်လိုအချိန်များမှာ ပိုဆိုးပါတယ်။ 

၃။ နောက်ဆုံးအချက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲစေနိုင်ပါတယ်။

အရက်သောက်ပြီးနောက်

တစ်ခွက် = ယာဉ်မတော်တဆမှုနှုန်း မြင့်မားနိုင်တယ်။

၂ ခွက် = နှစ်ဆမြင့်မားနိုင်တယ်။

၅ ခွက် = ၁၀ ဆအထိ မြင့်မားနိုင်ပါတယ်။

အိပ်ငိုက်ရင်းကားမောင်းခြင်း

လူဟာ လှုပ်ရှားမှုနည်းသွားရင် ပျင်းရိပြီး အိပ်ငိုက်တတ်တာ ဓမ္မတာပါပဲ။ အဲဒါကိုမှ အစားစားပြီးချိန်ဆို ပိုဆိုးတတ်ပါတယ်။ အဲဒါကြောင့် အလှုပ်အရှားနည်းတဲ့ အလုပ်ဖြစ်တဲ့ ယာဉ်မောင်းရသူ အများစုဟာလည်း အိပ်ငိုက်တတ်ကြပါတယ်။ အဲဒီလို အိပ်ငိုက်ပြီး ကားမောင်းရင် ယာဉ်တိုက်မှုဖြစ်နိုင်ခြေက ၈ ဆအထိ ပိုများနိုင်ပါတယ်။

ပြုလုပ်ရမည့်အချက်များ

ဒီလိုအိပ်ငိုက်နေပြီလို့ ကိုယ့်ကိုယ်ကိုယ် သတိထားမိလိုက်ပြီဆိုတာနဲ့ ဘေးမှာရှိတဲ့လူကို (ခရီးသွားဖော်ပါရင်) စကားပြောတာ၊ သီချင်းကျယ်ကျယ်ဖွင့်ပြီး လိုက်ဆိုလိုက်တာ(ဒါက ကိုယ်ပိုင်ကားနဲ့ ခရီးသွားသူတွေ လုပ်နိုင်ပါတယ်)၊ အရှိန်ကို ထိန်းသိမ်းမောင်းနှင်တာ၊ တုံ့ပြန်မှုအချိန်ရစေဖို့ ရှေ့ကားနဲ့ ခွာမောင်းတာ၊ ရှေ့ကားကို အမြဲမပြတ်ကြည့်နေတာ။ ကားရဲ့ မှန်တွေနဲ့ အချက်ပြမီးတွေကို အသုံးပြုတာတွေကို လုပ်ဆောင်သင့်ပါတယ်။

ရှောင်ကြဉ်ရမယ့်အချက်များ

အဓိက ရှောင်ကြဉ်ရမယ့် အချက်တွေလည်း အများကြီးရှိပါသေးတယ်။ အဓိက,ကတော့ ဆက်အိပ်မငိုက်တော့အောင် လုပ်ဖို့ပါ။ နောက်ပြီး အရှိန်နဲ့မောင်းပြီး ရုတ်တရက် ဘရိတ်အုပ်တာ၊ ကားလမ်းကြောင်းတွေ ခဏခဏပြောင်းပြီး မောင်းတာ၊ တခြားကားမောင်းသူတွေကို သတိမထားတာ၊ တခြားကားတွေကို ရပ်မယ်လို့ ထင်တာ၊ ဒေါသထွက်တာတွေကို ရှောင်ဖို့လိုပါတယ်။

ဒီအရာတွေအားလုံးက သုတေသနလုပ်ပြီး ကမ္ဘာအရပ်ရပ်မှာ လေ့ကျင့်သင်ကြားပေးနေတဲ့ Ford Driving For Skills က သင်ခန်းစာတွေကို ပြန်လည်ရေးသားဖော်ပြခြင်းဖြစ်ပါတယ်။ ဒီသင်ခန်းစာတွေကို RMA Group ကနေ ကမ္ဘာအရပ်ရပ်မှာ သင်ကြားပေးနေပါတယ်။ 

ဟိန်းမြတ်စိုး

Reference - Ford Myanmar