News

POST TYPE

AUTOMOBILE

ဗိုလ်တထောင် - သန်လျင် Water Bus
03-Sep-2018


“စက်တင်ဘာပထမအပတ်မှာ ဗိုလ်တထောင် - သန်လျင် ခရီးစဉ်အသစ်ကို ပြေးဆွဲပေးဖို့ စီစဉ်ထားပါတယ်”

ဒေါ်တင့်တင့်လွင် (တင့်တင့် မြန်မာကုမ္ပဏီ၊ ဥက္ကဋ္ဌ )

ကျွန်မတို့ Water Bus အနေနဲ့ ခရီးစဉ်တွေကို လက်ရှိပြေးဆွဲနေတဲ့ ဗိုလ်တထောင်-အင်းစိန် ခရီးစဉ်အပြင် ခရီးစဉ်တွေကို တဖြည်းဖြည်းနဲ့ တိုးချဲ့ပြေးဆွဲပေးတာမျိုးတွေ ဆောင်ရွက်တယ်။ သမ္မတ-ဗိုလ်တထောင်၊ အံ့ကြီး-ပန်းဆိုးတန်း၊ ဆာပါချောင်-ပန်းဆိုးတန်း ခရီးစဉ်ကို ရှေ့လတွေကမှ တိုးချဲ့ပြေးလိုက်တာပါ။ ဒီခရီးစဉ်ကနေ ခရီးသည်စီးနင်းတာတွေတိုးလာတဲ့အတွက် အခုစက်တင်ဘာ ပထမအပတ်မှာ ဗိုလ်တထောင်-သန်လျင် ခရီးစဉ်အသစ်ကို ပြေးဆွဲပေးဖို့ စီစဉ်ထားပါတယ်။ လက်ရှိမှာတော့ ဗိုလ်တထောင်-အင်းစိန် ခရီးစဉ်က ခရီးသည်တွေ တစ်ရက်တစ်ရက်ကို စီးနင်းတာနည်းလာတယ်။ ဒါပေမဲ့ အံ့ကြီးတို့၊ ဆာပါချောင်တို့က စီးတဲ့ခရီးသည်ကတော့ တော်တော်လေး များလာတာ တွေ့ရတယ်။ ဒါကြောင့် တစ်ရက်တာ ခရီးစဉ် အားလုံးကို ခြုံပြီးကြည့်ရင် ခရီးသည် စီးနင်းမှုက တိုးတက်မှုရှိလာပါတယ်။ လက်ရှိ မှာတော့ သင်္ဘောစင်းရေက ၁၃ စင်း ရှိတာကို သုံးစင်းကတော့ အရေးပေါ်အခြေအနေအတွက် ချန်ထားပါတယ်။ သင်္ဘော ၁၀ စင်း နဲ့ပဲ ပြေးဆွဲပေးနေပါတယ်။ ဗိုလ်တထောင်ကနေ သန်လျင်ဆိပ်ကမ်းအထိ ပြေးဆွဲပေးသွားမယ့် ခရီးစဉ်ကိုတော့ ဒီလပထမပတ်ထဲမှာ ပြေးဆွဲနိုင်အောင် စီစဉ်ဆောင်ရွက်နေတဲ့အတွက် ဘယ်ဆိပ်ကမ်းတွေ သင်္ဘောပြေးဆွဲပေးသွားမယ်ဆိုတာတွေကို အသေးစိတ်ကို Yangon Water Bus မှာ အသေးစိတ်ထုတ်ပြန်ပေးသွားမှာပါ။ ခရီးစဉ်စဆုံးကို ၃၀၀ ကျပ်နဲ့ ပြေးဆွဲပေးသွားဖို့ရှိပါတယ်။ 



“တကယ်တမ်း လုပ်ငန်းခွင်အတွက် စီးမယ်ဆိုရင်တော့ သိပ်ပြီးအဆင်ပြေမယ်မထင်ဘူး”

ဦးဝင်းအောင် (ခရီးသည်)

Water Bus ကို အရင်ကတော့ စီးဖူးပါတယ်ဆိုပေမယ့် ဒါက လေ့လာမှုအတွက် အပျော်သဘောလောက် စီးတာမျိုးပါ။ တကယ်တမ်း လုပ်ငန်းခွင်အတွက် စီးမယ်ဆိုရင်တော့ သိပ်ပြီးအဆင်ပြေမယ်မထင်ဘူး။ အဓိကကတော့ သင်္ဘောတစ်စင်းနဲ့ တစ်စင်းကြားမှာ အချိန်ကုန်သွားတာလေးတွေကို ပြင်စေချင်ပါတယ်။ နောက်တစ်ခု ရှိတာက လတ်မှတ်ဖြတ်ဖို့ကို အရမ်းစောင့်နေရတာမျိုးတွေရှိတယ်။ ဒါတွေက သူ့ရဲ့အားနည်းချက်တွေပေါ့။ လိုင်းကားထက်စာရင် သူက ပိုအချိန်ကုန်တယ်လို့ ထင်တယ်။ သန်လျင်ကနေ ရန်ကုန်ကို အလုပ်သွားအလုပ်ပြန် နေ့စဉ်စီးနေရတဲ့သူတွေအတွက်က ကားက ပိုပြီးအဆင်ပြေတယ်။ ၃၁ ယာဉ်လိုင်းဆို မြန်တယ်။ ကားကလည်း အချိန်နဲ့တစ်ပြေးညီပြေးဆွဲနေတဲ့အတွက် စောင့်စရာမလိုဘူး။



“သင်္ဘောက အချိန်ပိုယူတယ်လို့ ထင်တယ်”

ဦးဉာဏ်လင်းအောင် (ခရီးသည်)

ကျွန်တော်က သန်လျင်မှာနေတာပါ။ ရန်ကုန်ကို အလုပ်အတွက် ၃၁ စီး ဖြစ်တယ်။ Water Bus ကိုတော့ စီးဖြစ်မယ် မထင်ပါဘူး။ ဘာလို့လဲဆို အရင် ကျွန်တော်ဗိုလ်တထောင်- ရေလယ်ဘုရား အပျော်စီးတဲ့သင်္ဘော စီးဖူးတယ်။ အဲဒီဘက်မှာက လှိုင်းကြမ်းတဲ့အတွက် ဘုရားတပြီး စီးနေရတယ်။ နောက်ပြီး သူက ရေကြောင်းဖြစ်နေတဲ့အတွက် ပိုပြီး အန္တရာယ်ရှိတယ်။ ဒါက သန်လျင်ဘက်ကို ဘုရားလာဖူးတဲ့သူတွေအတွက် အပျော်စီးဖို့လောက်ပဲ ကောင်းပါတယ်။ နေ့တိုင်း အသွားအပြန်လုပ်နေတဲ့ ခရီးသည်တွေအတွက် အဆင်မပြေလောက်ဘူး။ နောက် သင်္ဘောနဲ့သွားတာ အချိန်မကုန်ဘူးထင်ရပေမယ့် သင်္ဘောလာဖို့စောင့်ရတဲ့အချိန်တွေ ထည့်တွက်မယ်ဆို သင်္ဘောက အချိန်ပို ယူတယ်လို့ထင်တယ်။ လိုင်းကားနဲ့ဆို လမ်းမပိတ်ရင် သန်လျင်နဲ့ ရန်ကုန်ကို သုံးဆယ့်ငါးမိနစ်လောက်နဲ့ ရောက်တယ်။ တံတားပေါ်မှာ လမ်းပိတ်ရင်တော့ တစ်နာရီ၊ တစ်နာရီခွဲလောက် ကြာသွားတာမျိုးတော့ရှိတာပေါ့။ 

ခိုင်ချယ်ရီထွန်း