News

POST TYPE

AUTOMOBILE

မြင့်မြတ်နဲ့ တွေ့ ဆုံခြင်း
02-Sep-2018 tagged as အနုပညာ

“ကျွန်တော် ရှုတင်ပြီးလို့ အိမ်ပြန်သွားရင် သူတို့မျက်နှာကို မြင်လိုက်ရတာနဲ့ တစ်နေ့လုံး ပင်ပန်းခဲ့သမျှ အမောပြေသွားတယ်” 



နာမည်ကျော် သရုပ်ဆောင် မြင့်မြတ်နဲ့  တွေ့ ဆုံပြီး လက်ရှိ ရိုက်ကူးနေတဲ့ “သစ္စာနန်းတော်” ရုပ်ရှင် ဇာတ်ကားမှာ သရုပ်ဆောင်ရတဲ့ဇာတ်ကောင်စရိုက်အကြောင်း၊ ရိုက်ကွင်းအတွေ့အကြုံများ၊ သရုပ်ဆောင်ဒွေးကို လေးစားအားကျတဲ့အကြောင်းနဲ့ သားဦးရင်သွေးလေးအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : လက်ရှိ ရိုက်ကူးနေတဲ့ “သစ္စာနန်းတော်” ရုပ်ရှင် ဇာတ်ကားအကြောင်းကနေ စပြီး ပြောပြပေးပါဦး။
MM : ဒီဇာတ်ကားမှာတော့ ငယ်ငယ်ကတည်းက မိဘတွေက ကွဲသွားတယ်။ ကျွန်တော်ကတော့ အဖေနဲ့ နေခဲ့တယ်။ ညီမဖြစ်တဲ့ ဆုမြတ်နိုးဦးကတော့ အမေနဲ့လိုက်သွားတယ်။ အရွယ်ရောက်လာတော့ ကိုယ့်အမေနဲ့ ညီမကို တွေ့ချင်တဲ့အတွက် လိုက်ရှာတယ်။ ဒါပေမဲ့ မတွေ့ခဲ့ဘူးပေါ့နော်။ နောက်ပိုင်းကျတော့မှ မထင်မှတ်ထားတဲ့ပုံစံမျိုးနဲ့ ပြန်တွေ့တာပေါ့။ မိသားစု ဒရာမာ ဇာတ်လမ်းလေးပါပဲ။

Voice : ဒီဇာတ်ကားကို အရင်က ကိုသားကြီး (ဒွေး) ကိုယ်တိုင် သရုပ်ဆောင်၊ ဒါရိုက်တာအနေနဲ့ ရိုက်ခဲ့တာရှိတယ်။ ကိုယ်ပြန်ရိုက်တဲ့အခါမှာရော ဘယ်လို ခံစားချက်ရှိလဲ။
MM : ကိုသားကြီး အောင်မြင်ခဲ့တဲ့ ဇာတ်ကားကို ပြန်ရိုက်ရတာဆိုတော့ တာဝန်တော့ နည်းနည်းကြီးတာပေါ့နော်။ ဇာတ်လမ်းကလည်း ဟဲဗီး၊ ဒရာမာဆိုတော့ အက်တင်လုပ်တဲ့အခါမှာလည်း ပိုပြီးအားစိုက်ရပါတယ်။ အခုနောက်ပိုင်းမှာ ထုတ်လုပ်သူအများစုက ဒရာမာဇာတ်ကားတွေ မရိုက်ကြတော့ဘူး။ အခုလိုမျိုး ဒရာမာဇာတ်လမ်းကောင်းကောင်းလေး ရိုက်ခွင့်ရတဲ့အတွက် စီစဉ်ပေးတဲ့ ထုတ်လုပ်သူကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

Voice : ဒီဇာတ်ကားမှာ မြင့်မြတ်အတွက် အက်တင်လုပ်ရတာ ခက်ခဲမယ့်ဇာတ်ဝင်ခန်းတွေဆိုရင်ရော ဘယ်အခန်းတွေ ဖြစ်မလဲ။
MM : အက်တင်လုပ်ရတာ နည်းနည်းခက်ခဲတဲ့အပိုင်းတွေ ပါပါတယ်။ အမေနဲ့ ပြန်ဆုံတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ တရားရုံးမှာ အမှုရင်ဆိုင်ရမယ့် အခန်းတွေကတော့ အရေးကြီးတဲ့ ဇာတ်ဝင်ခန်းတွေပါပဲ။ ကျွန်တော့်ဘက်ကတော့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။ ကိုသားကြီးကို အားပေးခဲ့တဲ့ ပရိသတ်တွေလည်း စိတ်မပျက်စေရပါဘူးလို့ပြောချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ငယ်ငယ်ကတည်းက ကိုသားကြီးရဲ့ ပရိသတ်ပါ။ ကိုသားကြီးက အက်တင်အရမ်းကောင်းတယ်။ ဇာတ်ကားတွေထဲမှာဆိုလည်း အရမ်းသဘာဝကျပါတယ်။

Voice : ကိုသားကြီးရဲ့ ဇာတ်ကားတွေထဲမှာရော ကိုယ်မှတ်မှတ်ရရရှိခဲ့တဲ့ ဇာတ်ကားမျိုးရှိလား။
MM : ကိုသားကြီးရဲ့ ဇာတ်ကားတိုင်းလိုလိုကို သဘောကျပါတယ်။ အဲဒီဇာတ်ကားတွေထဲမှာ ကျွန်တော် အမြဲအမှတ်ရနေတဲ့ ဇာတ်ကားတစ်ကားကတော့ “ပန်းသီသူရဲ့ ပုံပြင်”ပါ။ ကိုသားကြီးရယ်၊ ဦးနေအောင်ရယ်၊ မနန္ဒာလှိုင်ရယ် ရိုက်ခဲ့တာပေါ့နော်။ အဲဒီဇာတ်ကားကိုတော့ ကိုယ်တိုင်လည်း ပြန်ရိုက်ချင်တယ်။ ဒါပေမဲ့ ကိုယ့်ရှေ့မှာ ပြန်ရိုက်ထားကြတာလည်းရှိတော့ စဉ်းစားနေတာပါ။ နောက်လထဲမှာတော့ ကိုသားကြီး အောင်မြင်ခဲ့တဲ့ “အချစ်မိုက်မဲ” ဇာတ်ကားကို “မိုက်မဲချစ်”ဆိုပြီး ပြန်ရိုက်ဖို့ ရှိပါတယ်။

Voice : ကားရိုက်တွေဆက်တိုက်ရှိနေတာဆိုတော့ ကိုယ့်သားလေးအတွက်ရော၊ မြင့်မြတ် ဘယ်လိုအချိန်ပေးဖြစ်လဲ။
MM : သားလေးကိုတော့ တော်တော်လေး ဂရုစိုက်ပြီး စောင့်ကြည့်နေရပါတယ်။ အဲဒီလောက် စောင့်ကြည့်နေတဲ့ကြားထဲကိုမှ တစ်လောက နို့သီးပြီးတော့ နှာခေါင်းထဲကနေ ပြန်ထွက်လာတယ်။ သူခဏတော့ အသက်ရှူကျပ်သွားတယ်။ ကျွန်တော်ရော၊ ကျွန်တော့်မိန်းမရော၊ သူနာပြုဆရာမရော အကုန်လုံး လန့်သွားကြတယ်။ တော်တော်လေးကို စိုးရိမ်ခဲ့ရတယ်။ သားသမီးအတွက် ပူရတဲ့အပူက ဘာနဲ့မှမတူပါဘူး။ မပြောကောင်း၊ ပြောကောင်း သေပြီလို့တောင် ထင်တာပါ။ အခုတော့ သက်သာသွားပါပြီ။

Voice : ကိုယ့်ရဲ့ အိမ်အပြန်ကို စောင့်နေတဲ့ ဇနီးမယားအပြင် သားလေးပါရှိလာပြီဆိုတော့ မြင့်မြတ်ဘဝက ပိုပြီးပြည့်စုံသွားမှာပေါ့။
MM : အရင်တုန်းက သူများတွေပြောတာ ကြားဖူးတာပေါ့နော်။ အိမ်ပြန်သွားလို့ သားသမီးမျက်နှာမြင်ရင် အမောပြေတယ်ဆိုတာလေ။ တကယ်ပြေတယ်ဗျ။ ကျွန်တော်ရှုတင်ပြီးလို့ အိမ်ပြန်သွားရင် သူတို့မျက်နှာကိုမြင်လိုက်ရတာနဲ့ တစ်နေ့လုံး ပင်ပန်းခဲ့သမျှ အမောပြေသွားတယ်။ အခုနောက်ပိုင်း ကျွန်တော် အပြင်တွေ၊ ဘာတွေ သိပ်မသွားချင်တော့ဘူး။ ရှုတင်ပြီးတာနဲ့ အိမ်တန်းပြန်တော့တာပါပဲ။ သားနဲ့ မိန်းမကို ပိုပြီးတော့ အချိန်ပေးဖြစ်တယ်။

သန့်ဇင်ဦး