News

POST TYPE

AUTOMOBILE

ရန်ကုန်နှင့် စက်ဘီးစီးလမ်း
27-Aug-2018
ရန်ကုန်နှင့် စက်ဘီးစီးလမ်း

“စက်ဘီးစီးလမ်းတွေကို သတ်သတ်မှတ်မှတ် လုပ်ပေးနိုင်ရင် ယာဉ်ကြော ကျပ်တည်းမှုတွေကို တစ်ဖက်တစ်လမ်းကနေလည်း အထောက်အကူဖြစ်စေပါတယ်”
ဦးကျော်ဇေယျ (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်) 

ရန်ကုန်မှာ စက်ဘီးစီးလမ်းတွေ လုပ်ပေးနိုင်ဖို့ ကျွန်တော့်အနေနဲ့ အရင်ကတည်းက စိတ်ကူးရှိပါတယ်။ အရင်က ပြည်သူ့ရင်ပြင်ထဲမှာ စက်ဘီးတွေစီးခွင့်ရတာကနေ ပိတ်လိုက်ရတာမျိုးလည်း ရှိတယ်။ လက်ရှိမှာက စက်ဘီးစီးလမ်းတွေလုပ်ဖို့ထက် မိုးပျံလမ်းတွေ ဆောက်ဖို့ကိုပဲ အားသန်နေကြတာ။ နောက်ပြီး ရန်ကုန်မှာက အရင်ကတည်းက စက်ဘီး၊ ဆိုင်ကယ်က စီးခွင့်မရဘူးဖြစ်နေတာ။ အစိုးရအနေနဲ့လည်း စက်ဘီးစီးလမ်းတွေကို သတ်သတ်မှတ်မှတ် လုပ်ပေးနိုင်ရင် ယာဉ်ကြောကျပ်တည်းမှုတွေကို တစ်ဖက်တစ်လမ်းကနေလည်း အထောက်အကူဖြစ်စေပါတယ်။ သူတို့လည်း နိုင်ငံခြားတွေ ခဏခဏသွားနေတာဆိုတော့ စက်ဘီးစီးလမ်းလေးတွေ လုပ်ပေးထားတာကို မြင်မှာပါ။ ကိုယ့်ဆီမှာလည်း ဒီလိုလေးတွေရှိလာဖို့ နောက်ကျရင်တော့ ဖြစ်လာမှာပါ။ ကျွန်တော်တို့တောင် ရုံးနဲ့ အိမ်က နီးတဲ့အတွက် စက်ဘီးနဲ့တက်လို့ရရင် ကောင်းမယ်လို့ စဉ်းစားမိတယ်။ နီးနီးလေးကို ယာဉ်ကြောပိတ်တဲ့အတွက် ကြာနေတာ။ ဒီလိုဖြစ်လာဖို့အတွက် ပို့ဆောင်ရေး ကော်မတီအဖွဲ့ဝင်က စဉ်းစားပြီးတင်ပြရမယ်။

“ခရီးသွားဝန်ဆောင်မှုကနေ ပိုက်ဆံတွေ ရှာနိုင်လာမယ်”
ဦးလှိုင်မျိုးသူ (ပြည်သူတစ်ဦး)

စက်ဘီးလမ်းတွေ လုပ်ပေးခြင်းအားဖြင့်တော့ ယာဉ်ကြောကျပ်တည်းမှုကို အပြည့်အဝ လျှော့ချမပေးနိုင်လောက်ပါဘူး။ ယာဉ်ကြောပိတ်စေတဲ့ အကြောင်းအရင်းတွေက အရမ်းကိုများလွန်းပါတယ်။ ဒါပေမဲ့ ယာကြောကျပ်တည်းမှုကို အထိုက်အလျောက်တော့ လျှော့ချပေးနိုင်မယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့မှာ ကားတွေသွားဖို့ လမ်းတွေထပ်ပြီးဆောက်ပေးနိုင်ပြီလား၊ ကျွန်တော့်အနေနဲ့ဆိုရင်တော့ ထပ်ပြီးမဆောက်ပေးနိုင်တော့ဘူးလို့ မြင်ပါတယ်။ ဒါပေမဲ့ ကားအရေအတွက်ကတော့ နေ့တိုင်းတိုးနေပါတယ်။ နောက်ပြီး လမ်းတွေတစ်ခုပြီးတစ်ခု ဆောက်တာကလည်း ယာဉ်ကြောကျပ်တည်းမှုကို လျှော့ချပေးနိုင်တဲ့ အဖြေလို့တော့ မမြင်ပါဘူး။ ဒါဆို ကျွန်တော်တို့အနေနဲ့ တခြားနည်းလမ်း စဉ်းစားဖို့လိုတယ်။ အဲဒါကတော့ စက်ဘီးစီးလမ်းလေးတွေ လုပ်ပေးဖို့ပါ။ မြို့ပြတစ်ခုရဲ့ အင်္ဂါရပ်တစ်ခုလိုပေါ့။ နောက်တစ်ခုက ခရီးသွားကဏ္ဍအတွက်ဆိုရင်လည်း ကမ္ဘာ့လှည့်ခရီးသည်တွေကို ဆွဲဆောင်လာနိုင်မယ်။ ခရီးသွားဝန်ဆောင်မှုကနေ ပိုက်ဆံတွေရှာနိုင်လာမယ်။ ဒီလို လုပ်တဲ့အခါမှာ အဆိုးတွေကိုဖြစ်လာမှာက လမ်းဘေးဈေးသည်တွေရှိနေတာက ကျွန်တော်တို့ မမွေးခင်အချိန်ကတည်းကဆိုတော့ ဒီပြဿနာအတွက်တော့ အခက်အခဲတွေ ရှိလာမယ်လို့ ထင်ပါတယ်။

“ဖြစ်နိုင်ရင် စက်ဘီးစီးပြီး ရုံးသွားချင်တာ”
ဒေါ်စုနွယ်ထွန်း (ပြည်သူတစ်ဦး)

စက်ဘီးစီးလမ်းတွေ ရှိလာတဲ့အတွက် ယာဉ်ကြောကျပ်တည်းမှုကို လျှော့ချပေးနိုင်လား ဆိုတာကိုတော့ သိပ်မသေချာဘူး။ ဒါပေမဲ့ ကျွန်မဆို အိမ်နဲ့ရုံးနဲ့က နီးတယ်။ ဖြစ်နိုင်ရင် စက်ဘီးစီးပြီး ရုံးသွားချင်တာ။ တက္ကစီခ သက်သာမယ်၊ လေ့ကျင့်ခန်းသဘောလည်းဖြစ်တယ်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရာလည်း ရောက်တာပေါ့။ ဒါပေမဲ့ အားနည်းချက်က ကားထက်စာရင် အန္တရာယ်ရှိတယ်။ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာကတော့ သေချာ မပြောတတ်ဘူး။

ခိုင်ချယ်ရီထွန်း