News

POST TYPE

AUTOMOBILE

ကားလောကအတွက် ဆေးမြီးတို
25-Jul-2016

မော်တော်ယာဉ်လုပ်ငန်းရှင်များ မျှော်လင့်နေကြသည့် ပါကင် ပါမစ်သည် သုံးလကျော်၊ လေးလပြည့်ချိန်နီးအထိ ဘယ်ဆီနေမှန်း မသိပေ။

ယခုအချိန်အထိ ရန်ကုန်လိုင်စင် (သို့မဟုတ်) ကားပါကင် ပါမစ်ဖြင့် မော်တော်ယာဉ် တင်သွင်းခွင့် ပြန်ပေးရန်ကိစ္စတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က နှုတ်ဆိတ်နေသည်။

ဇူလိုင်လ ၁၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ မော်တော်ယာဉ် လုပ်ငန်းရှင် အသင်းချုပ်များ၊ အစိုးရ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် တိုင်းဒေသကြီး အစိုးအဖွဲ့တို့ တွေ့ဆုံခဲ့ခြင်းသည်လည်း အကြံဥာဏ် ရယူသည့် ပွဲမျှသာ ဖြစ်သည်။

ထိုတွေ့ဆုံပွဲ မတိုင်မီကလည်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ယာဉ်ကြောပိတ်ဆို့မှုနှင့် ပတ်သက်၍ အကြံဥာဏ်ရယူမည့် တွေ့ဆုံပွဲ တစ်ခုသာဖြစ်ပြီး မည်သည့် ဆုံးဖြတ်ချက်မျှ ထွက်ရှိလာမည် မဟုတ်ကြောင်း ပြောဆိုထားသည်။

သို့သော် ဝန်ကြီးချုပ်က ပါကင်ပါမစ် ပြန်ပေးမည်ဟု ကတိပေး ပြောဆိုခဲ့ကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြန်လည် ပြောဆိုသည်။

ဈေးနှုန်းနဲ့ ဈေးကွက်ဘာဖြစ်မလဲ

ထိုသို့ ရန်ကုန်မော်တော်ယာဉ်များ တင်သွင်းခွင့် ပိတ်ပင်ထားခြင်းကြောင့် မော်တော်ယာဉ်ဈေးကွက် အေးစက်နေပြီး မော်တော်ယာဉ် ဈေးနှုန်းများ မြင့်တက်နေရခြင်း ဖြစ်သည်ဟု မော်တော်ယာဉ် လုပ်ငန်းရှင်များက ပြောဆိုကြသည်။

''ဒီဟာ ဖွင့်ပေးမယ်ဆိုရင်တော့ ဈေးက သေချာပေါက် ကျသွားနိုင်တယ်''ဟု ယတိပြတ် ပြောဆိုလိုက်သူက ဦးအောင်ကျော်စိုး ဖြစ်သည်။

၎င်းသည် လှိုင် ယာဉ်ရောင်းဝယ်ရေးစခန်းမှ ဝယ်ရောင်း တစ်ဦးဖြစ်ပြီး ကားလောကတွင် ဆယ်စုနှစ် တစ်စုမျှမက ကျင်လည်ပြီးဖြစ်သည့် ဝါရင့်ဝယ်ရောင်းကြီး တစ်ဦးဖြစ်သည်။

သို့သော် လက်ရှိ မော်တော်ယာဉ် ဈေးကွက်အတွင်း ဈေးနှုန်းများသည် ကျပ်သိန်း ၂၀ မှ ၃၀ ခန့်အထိ မြင့်တက်နေကြောင်း မော်တော်ယာဉ် ဝယ်ရောင်းများထံမှ သိရသည်။

အကျိုး သက်ရောက်မှု ဘယ်လိုလဲ

ပါကင်ပါမစ် ပြန်လည် ဖွင့်လှစ် ပေးလိုက်မည်ဆိုပါက အကျိုးအမြတ် ရမည့်သူနှင့် ဆုံးရှုံးမည့်သူ ဟူ၍ နှစ်မျိုး နှစ်စား ပေါ်ပေါက် လာနိုင်ဖွယ် ရှိသည်။

''အမြတ်ရမယ့် သူကတော့ များနိုင်တယ်။ ဒါပေမဲ့ ဒီလိုင်စင် မရဘူးဆိုတာကြောင့် ဆိပ်ကမ်းက ထုတ်ဖို့ နယ်လိုင်စင်တွေနဲ့ ကပ်ထားရတဲ့ သူတွေအတွက်ကတော့ ဒုက္ခ တွေ့နိုင်ပါတယ်''ဟု ကားဝယ်ရောင်း ဦးဖုန်းက သတိပေး ပြောဆိုသည်။

မော်တော်ယာဉ် လုပ်ငန်းရှင် အများစုသည် ပါကင်ပါမစ် အခက်အခဲကြောင့် သွင်းကုန်လိုင်စင် လျှောက်ထားခြင်း မပြုမီ ဂျပန် လေလံဆွဲခြင်းဖြစ်သည့်အတွက် လေလံအောင်သည့် မော်တော်ယာဉ် အမျိုးအစားပေါ် လိုက်၍ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိချိန် ရောက်မှသာ ပါကင်ပါမစ် ကပ်၍ ဆိပ်ကမ်းမှ ထုတ်ယူခြင်းဖြစ်သည်။

ထို့ကြောင့် ရန်ကုန်တွင် ပါကင်ပါမစ် ပိတ်လိုက်ချိန်တွင် ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ယာဉ်များကို ရရာလိုင်စင်ဖြင့် ကပ်၍ ထုတ်ယူထားရသည့် ကားအစီးရေမှာ ထောင်မှ သောင်းဂဏန်းအထိ ရှိနိုင်သည်။

''ကောင်းတာကို ပြောရမယ်ဆိုရင်တော့ လေလံ ပြန်ဆွဲကြမယ်။ အသစ်တွေ ပြန်အရောင်းအဝယ် ဖြစ်မယ်။ ဒါပဲပေါ့''ဟု ဦးအောင်ကျော်စိုးက မှတ်ချက်ပြုသည်။

သို့သော် အရောင်းစင်တာနှင့် ပြခန်းများအတွက်မူ ရန်ကုန်လိုင်စင် ရရှိမည်ဆိုပါက ၎င်းင်းတို့၏ ရပ်ထားရသော မော်တော်ယာဉ် အရောင်းအဝယ်များ ပြန်လည် စတင်နိုင်မည်ဖြစ်သည်။

၎င်းတို့အတွက် အတားအဆီး တစ်ခုတော့ ရှိနေဦးမည်။ ယင်းမှာ မော်တော်ယာဉ် ကြိုတင် ဝင်ငွေခွန် ဖြစ်သည်။

ဈေးကွက်ဦးတည်ချက် ဘယ်လဲ

ဝင်ငွေခွန် ပေးဆောင်ရခြင်း၊ စလစ်ဈေး မြင့်လာခြင်းတို့အပြင် တစ်ပတ်ရစ် မော်တော်ယာဉ်များ၏ ဈေးနှုန်းများသည်လည်း တဖြည်းဖြည်း မြင့်တက်လာခြင်းတို့ကြောင့် မော်တော်ယာဉ်ဈေးကွက်သည် ဇူလိုင်လ၏ မိုးရေစက်များ နည်းတူ အေးစက်နေဆဲ ဖြစ်သည်။

''ဒီအတိုင်းဆို ဆက်အေးနေဦးမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အခုက အရောင်းထိုင်း ရာသီဆိုတော့ ပိုဆိုးတယ်''ဟု ဝိုင်းထိုင်နေကြသည့် ကားဝယ်ရောင်းများထဲမှ တစ်ဦးက ပြောဆိုလိုက်သည်။

ဈေးကွက်အပေါ် သက်ရောက်မှုမှာ မူဝါဒ အပြောင်းအလဲပေါ်၌သာ မူတည်ကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ် ရောင်းဝယ်ရေးအသင်း အတွင်းရေးမှူး ဦးအေးကျော်က ပြောဆိုသည်။

ထိုသို့ပင် ယခင် ရန်ကုန်တိုင်းဒေသကြီး အစိုးရဟောင်း၏ မူဝါဒကို ပြန်ခွင့်ပြုမည်လား။ အခြားမူဝါဒသစ်ဖြင့် ခွင့်ပြုပေးမည်လား ဆိုတာတော့ အတတ် မသိနိုင်။

သို့သော် ယင်းသည်ပင် မော်တော်ယာဉ် လုပ်ငန်းရှင်များအတွက် မျှော်လင့်စရာ တစ်ခုဖြစ်သည်။ ရေရာ သေချာခြင်းတော့ မရှိ။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ နောက်ပိုင်းက မော်တော်ယာဉ် လုပ်ငန်းရှင်များက ''မဖြစ်သင့်ဘူး။ ဒါ နောက်ပြန်ဆွဲနေတာ''ဟု ဝေဖန်ခဲ့သော ပါကင်ပါမစ်ဖြင့် မော်တော်ယာဉ် တင်သွင်းရခြင်းကို ယခုတော့ ၎င်းတို့ ပြန်လည် လွမ်းဆွတ်နေရပြီ ဖြစ်သည်။

ဘယ်ဆေးမြီးတိုဖြင့် ကုစားမည်နည်း

မော်တော်ယာဉ် လုပ်ငန်းရှင်များက ယခုလို ဆိုနေကြသည်။

''ပါကင်ပါမစ် ပြန်ခွင့်ပြုပေးမှသာ မော်တော်ယာဉ် များစွာ တင်သွင်းရောင်းချနေသည့် လုပ်ငန်းရှင်များ အသက်ရှူ ချောင်နိုင်မည်''

သို့သော် မရေရာ...

မော်တော်ယာဉ် လုပ်ငန်းရှင်များ မျှော်လင့်နေသည့် ဇူလိုင်လ ၁၈ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့တော်သို့ ရောက်ခိုက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။ သို့သော် မည်သည့်လမ်းညွှန်ချက်တို့ ချပေးခဲ့သည်ကို ပြည်သူတို့ မသိ။

ယင်းသို့ ရှေ့ဆက်မည်ဆိုပါက ယိုင်နဲ့နဲ့ မော်တော်ယာဉ် လောကမှာ ချည့်နဲ့စရာတွေက များလှပြီဖြစ်၍ အဘယ်သို့ ခရီးဆက်နိုင်မည် ဆိုသည်ကို KL Seven Star မော်တော်ယာဉ် အရောင်းစင်တာပိုင်ရှင် ဦးကြည်သာဟန်က ယခုလို ဆိုသည်။

''ကျွန်တော်တို့က ဘာမှ မထုတ်ပြန်ပေးတာကို သဘော မကျပါဘူး။ ကျွန်တော်တို့ မျှော်လင့်တာက ဘယ်အချိန်မှာ ဘယ်လို မူဝါဒနဲ့ ပြန်ခွင့်ပြုပေးမလဲ ဆိုတာကို တိတိကျကျ သိချင်တာပါပဲ''ဟုသာ...။ ။

ဟိန်းမြတ်စိုး

  • VIA