News

POST TYPE

AUTOMOBILE

တက္ကစီယာဉ်နှစ်စီး ပွတ်တိုက်မိရာက ယာဉ်မောင်းတစ်ဦး ရိုက်သတ်ခံရ
23-Aug-2018
ရန်ကုန်၊ ဩဂုတ် ၂၃

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းတွင် ဩဂုတ်လ ၂၂ ရက် ည ၁၀ နာရီက အငှားယာဉ်နှစ်စီး ပွတ်တိုက်မိရာမှ ယာဉ်မောင်းနှစ်ဦး စကားများရန်ဖြစ်ကာ ပရိုဘောက် အငှားယာဉ်မောင်း အမျိုးသားမှာ စတီးပိုက်လုံးဖြင့် ရိုက်သတ်ခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရိုက်သတ်ခံရသူ ပရိုဘောက် အငှားယာဉ်မောင်း အသက် ၄၄ နှစ် ဦးလင်းလင်းမှာ ယင်းညက ဗိုလ်မှူးဗထူးလမ်းရှိ ၃၆၀ ဆီဆိုင်အနားတွင် ၎င်းယာဉ်ရှေ့ရှိ ပရိုဘောက်အငှားယာဉ်တစ်စီးကိုကျော်တက်ရာမှ ယာဉ်နှစ်စီးပွတ်တိုက်မိပြီး ယာဉ်မောင်းနှစ်ဦး စကားများ ရန်ဖြစ်ခဲ့ကြောင်း ရဲအရာရှိက ပြောသည်။

“အငှားယာဉ်မောင်း နှစ်ယောက်လုံးက မြောက်ဒဂုံမှာနေကြတာ။ ကားဘေးချင်း ပွတ်တိုက်မိတဲ့ကိစ္စကို ပြေလည်အောင် မဆွေးနွေးဘဲ ပြစ်မှုကျူးလွန်တဲ့ ကားသမားက သူ့ကားပေါ် အသင့်ပါလာတဲ့ စတီးပိုက်လုံးနဲ့ ဆင်းရိုက်တာ။ ဦးခေါင်းဒဏ်ရာတွေကြောင့် အရိုက်ခံရတဲ့ကားသမားက မြောက်ဥက္ကလာပဆေးရုံမှာ သေဆုံးသွားရှာတယ်”ဟု ရဲအရာရှိက ရှင်းပြသည်။

စတီးပိုက်လုံးဖြင့် ရိုက်နှက်ခံရမှုကြောင့် ပရိုဘောက် အငှားယာဉ်မောင်း ဦးလင်းလင်းမှာ ဦးခေါင်းနှင့် မျက်နှာတို့တွင် ဖူးရောင်စုတ်ပြဲဒဏ်ရာများဖြင့် သေဆုံးခဲ့သဖြင့် အငှားယာဉ်မောင်း အသက် ၂၉ နှစ် အောင်ကိုဦးကို ဖမ်းဆီးပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မ ရဲစခန်းက (ပ) ၁၆၅၆/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03