News

POST TYPE

AUTOMOBILE

MRTV-4 Presenter သဇင်နွယ်ဝင်းနှင့် တွေ့ဆုံခြင်း
13-Aug-2018
“ံHummer တို့လို ကားအမြင့်တွေ သဘောကျတယ်”



ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ ခေတ်သစ်ပျိုမေအစီအစဉ်နဲ့ MRTV-4 ရုပ်သံပိုင်းမှာ အစီအစဉ်တင်ဆက်သူလုပ်နေတဲ့ သဇင်နွယ်ဝင်းနဲ့တွေ့ဆုံပြီး သူစီးနေတဲ့ကားအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

Voice : ညီမ လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
TZNW : ညီမ လက်ရှိစီးနေတာက Crown အမျိုးအစားပါ။

Voice : ကားက ကိုယ်တိုင်မောင်းတာလားညီမ။
TZNW : ကားကို ညီမကိုယ်တိုင် မမောင်းပါဘူး။ ညီမအဖေပဲ မောင်းပို့ပေးတာပါ။

Voice : ဒီကားမှာ ညီမကြိုက်တဲ့အချက်တွေက ဘာတွေရှိလဲ။
TZNW : ညီမကားနဲ့ပတ်သက်ပြီး အများကြီးတော့ မသိဘူး။ သဘောကျတာကတော့ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ စီးရတာ အရမ်းအဆင်ပြေတယ်။ ဒါလေးတော့ သဘောကျတယ်။ စက်ပစ္စည်းပိုင်းမှာ အရမ်းကြီး ဒုက္ခမပေးဘူး။ ဒါမျိုးလေးတွေပေါ့နော်။

Voice : မိန်းကလေးဆိုတော့ ဘယ်လိုကားမျိုးလေးတွေဆို သဘောကျမိတာမျိုးရှိလဲ။
TZNW : ညီမကကျတော့ မိန်းကလေးသာဖြစ်တာ ပြိုင်ကားတွေ ဘာတွေ သဘောမကျဘူး။ ယောကျာ်းလေးတွေစီးတဲ့ Hummer တို့လို ကားအမြင့်တွေ သဘောကျတယ်။ 

Voice : မြို့တွင်းမှာရော ယာဉ်လမ်းကြောအခြေအနေတွေကို ဘယ်လိုမြင်လဲ ညီမ။ 
TZNW : အခု မြို့ထဲမှာ ဖြစ်နေတာကလေ အရင်ကဆို ရုံးသွားမယ်ဆို နာရီဝက်လောက်နဲ့ရောက်တယ်။ အခုဆို တစ်နာရီခွဲလောက် စောထွက်မှ ရုံးကိုရောက်တယ်။ ယာဉ်ကြောတွေ အရမ်းပိတ်လာတယ်။ ယာဉ်ကြောပိတ်တာတွေ အဓိကက ယာဉ်ကြောပိတ်တာနဲ့ ပတ်သက်ရင် တစ်ဦးချင်းစီက ပိုပြီးတော့ လိုက်နာရင်ကောင်းမယ်။ ဖြတ်ဝင်ဖြတ်ထွက်ဆိုတော့ မီးပွိုင့်က ဘာလဲဆိုတော့ အဖေဆို ကားမောင်းရင် အရမ်းစိတ်ညစ်ရတယ်။ ဘာလို့လဲဆို မီးပွိုင့်ကစိမ်းနေပြီ၊ ကြားထဲမှာ ကားတွေက ဟိုဖြတ်သည်ဖြတ်နဲ့ဆိုတော့ ကိုယ်ကလည်း အချိန်မီရောက်ဖို့အတွက်ဆိုတော့ ဘယ်လိုပြောရမလဲ တစ်ခါတလေကျရင် အဲဒီလိုမျိုး စည်းကမ်းမဲ့ဖြတ်ဝင်တဲ့ကားတွေဆို အရမ်းစိတ်ညစ်ရတယ်။ 

Voice : အဲဒီလို စည်းကမ်းဖောက်ဖျက်တာတွေကိုရော ဘယ်လိုဖြစ်စေချင်လဲ။
TZNW : ညီမ အခုမြင်တာက YBS တွေ ခရီးသည်တင်တဲ့ကားတွေဆို တစ်ခါတလေ လမ်းပြောင်းပြန် မောင်းလာတာမျိုး ညီမတွေ့ဖူးတယ်။ ဒါမျိုးတွေလည်း တွေ့တယ်ဆိုတော့ အကုန်လုံးကို စည်းကမ်းတကျဖြစ်ဖို့အတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို လိုက်နာစေချင်တယ်။ တစ်ဖက်ကားကိုလည်း မတိုက်မိအောင်၊ ကိုယ့်ဘာသာလည်း အတိုက်မခံရအောင် စနစ်တကျလေး မောင်းစေချင်တယ်။

Voice : အခု မိုးတွင်းမှာ လမ်းတွေ ပြင်နေတာတွေ ဘာတွေလည်းရှိတော့ သွားရလာရတာရော ဘယ်လို အခက်အခဲတွေရှိတယ်လို့ မြင်လဲ။
TZNW : မိုးတွင်းမှာ လမ်းတွေပြင်နေတော့ သွားရလာရတာ ယာဉ်ကြောအရမ်းပိတ်တယ်။ လမ်းပြင်နေတဲ့အတွက် တစ်ဖက်လမ်းလွှဲက သွားရလာရတာမျိုးတွေဆိုတော့ မိုးတွင်းမှာလမ်းပြင်တယ်ဆိုတာက ယာဉ်မောင်းတွေအတွက် သွားရလာရတာ အရမ်းခက်ခဲတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ မိုးတွင်းရောက်မှ လမ်းပြင်တယ်ဆိုတာထက် နွေရာသီလောက်ကတည်းက လမ်းတွေကို ကြိုပြီးပြင်နိုင်မယ်ဆို ယာဉ်မောင်းတွေအတွက် ပိုပြီး အဆင်ပြေနိုင်ပါတယ်။

ခိုင်ချယ်ရီထွန်း