News

POST TYPE

AUTOMOBILE

ရန်ကုန်ဘတ်စ်ကားမှတ်တိုင်များ အဆင့်မြှင့်ခြင်း
13-Aug-2018


“စည်းကမ်းမလိုက်နာတဲ့သူတွေကြောင့် ရေရှည်မခံဘူး ဖြစ်နေတယ်”

ကိုကျော်ဝင်းသိန်း (ပြည်သူတစ်ဦး)

YBS ဘတ်စ်ကားမှတ်တိုင်တွေ အဆင့်မြှင့်ဆောင်ရွက်မယ်ဆိုတာနဲ့ ပတ်သက်ပြီး အရင်တစ်လောတုန်းကတော့ သတင်းတွေ ဖတ်ရပါတယ်။ ပြည်သူတစ်ယောက်အနေနဲ့ဆိုရင်တော့ ဒီလိုမျိုး နိုင်ငံတကာအဆင့်မီ YBS မှတ်တိုင်တွေ ဆောက်ပေးတာ ကောင်းတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ လက်ရှိက နေရာတိုင်းမှာ စည်းကမ်းမရှိတဲ့သူတွေ များနေတဲ့အတွက် သူတို့ လုပ်ပေးထားတဲ့ ဘတ်စ်ကားစောင့်ရင်း အားသွင်းလို့ရအောင် အားသွင်းကြိုးအပေါက်တွေ ဘာတွေက သိပ်ခံမယ်မထင်ဘူး။ ဒီမှာက ဘာပဲလုပ်လုပ်အစပိုင်းမှာ အကောင်းဆုံး လုပ်ပေးထားလည်း စည်းကမ်းမလိုက်နာတဲ့သူတွေကြောင့် ရေရှည်မခံဘူးဖြစ်နေတယ်။ ဒါကိုတွေလည်း ကောင်းကောင်းကိုင်တွယ်နိုင်မယ်ဆိုရင်တော့ ကောင်းပါတယ်။ နောက်ပြီး တချို့မှတ်တိုင်မရှိတဲ့ နေရာတွေမှာဆို လူတွေ လမ်းမပေါ်တက်ပြီး ဘတ်စ်ကားစောင့်ရတာမျိုးတွေကနေ ဘတ်စ်ကားမှတ်တိုင်ကနေ သတ်သတ်မှတ်မှတ်စောင့်လို့ရမယ်။ အရင်ဆို YBS တွေကလည်း သတ်မှတ်မှတ်တိုင်ကနေ ကျော်ရပ်တာမျိုးတွေ ပျောက်သွားမယ်ဆိုရင် ကောင်းပါတယ်။ အဓိကကတော့ အခုလို အဆင့်မြှင့်ဘတ်စ်ကားမှတ်တိုင်တွေ လုပ်ပေးထားပြီးပြီဆို အကျိုးတူ ပူးပေါင်းတဲ့ကုမ္ပဏီအနေနဲ့ ပျက်စီးတာတွေကို ပြုပြင်ထိန်းသိမ်းစေချင်ပါတယ်။

“လှလှပပလေးတွေ လုပ်ပေးပြီဆိုရင် ဖျက်ဆီးကြတဲ့သူတွေကများတယ်”

ကိုမျိုးသက်နိုင် (ပြည်သူတစ်ဦး)

အဆင့်မြှင့် ဘတ်စ်ကားမှတ်တိုင် ငါးရာကို အစိုးရက ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းဆောက်မယ်ဆိုတာ ကျွန်တော်သိရတယ်။ အဆင့်မြင့်ဘတ်စ်ကားမှတ်တိုင်ဆိုတာကတော့ ကုမ္ပဏီဘက်က သတ်မှတ်တာပေါ့နော်။ ဘယ်လောက်အထိ အဆင့်မြှင့်မလဲဆိုတာကတော့ ကုမ္ပဏီပေါ်မှာပဲ မူတည်တယ်။ သူတို့ဘက်ကတော့ ကြော်ငြာကနေ ပိုက်ဆံပြန်ရှာနိုင်မယ်လို့ပြောပေမယ့် မြန်မာနိုင်ငံမှာ အများဆုံးဖြစ်တဲ့ ပြဿနာက အဲဒီလို လှလှပပလေးတွေ လုပ်ပေးပြီဆိုရင် ဖျက်ဆီးကြတဲ့သူတွေက များတယ်။ ဒါကတော့ ရှေ့မှာ အမှိုက်ပုံကိစ္စတွေ၊ တခြားကိစ္စတွေ အများကြီးပဲ။ အဲဒီတော့ ဒါမျိုးလေးတွေကို သတိပြုစေချင်တယ်။ အခုလည်း ဖုန်းအားသွင်းတဲ့ System တွေလည်း လုပ်ပေးထားတယ်ဆိုတော့ ကောင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရုံးချိန်မှာ၊ အိမ်မှာ အချိန်မမီလိုက်လို့ အားမသွင်းဖြစ်တာမျိုးတွေရှိရင် အဆင်ပြေမယ်လို့ ကျွန်တော်ထင်ပါတယ်။ အဓိကက မှတ်တိုင်မှာရှိတဲ့ သန့်ရှင်းသပ်ရပ်မှုတွေကို ဘတ်စ်ကားစီးမယ့်သူတွေရော၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေပါ ရန်ကုန်မြို့တော် စည်ပင်ကရော အားလုံးဝိုင်းပြီး ထိန်းသိမ်းပေးလိုက်မယ်ဆိုရင် ကောင်းပါတယ်။ မှောင်မည်းနေတဲ့ မှတ်တိုင်လေးတွေမှာ လင်းလင်းရှင်းရှင်းလေးတွေ ဖြစ်သွားမယ်။ လူနေနည်းပါးတဲ့ ရပ်ကွက်တွေဆီကို အရောက်သွားနိုင်မယ်ဆိုရင်တော့ အဆင်ပြေမယ်လို့ ကျွန်တော်မြင်ပါတယ်။