News

POST TYPE

AUTOMOBILE

စက်သုံးဆီဈေး အမြင့်ဆုံးရောက်
07-Aug-2018


ရန်ကုန်၊ ဩဂုတ် ၇

အမြင့်ဈေးဖြင့် ငြိမ်သက်နေသော စက်သုံးဆီဈေးနှုန်းသည် ယခုနှစ်အတွင်း အမြင့်ဆုံး ဈေးနှုန်းအဖြစ်သို့ ထပ်မံရောက်ရှိကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။

စက်သုံးဆီဈေးနှုန်းများသည် အမြင့်ဆုံး ဈေးနှုန်းအဖြစ် ဒီဇယ်တစ်လီတာလျှင် ၉၄၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာလျှင် ၉၅၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၉၁၀ ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာလျှင် ၉၆၀ ကျပ်တို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ဒေါ်လာဈေးမြင့်တက်မှု ကာလကြာမြင့်လာသည့်အတွက် ထိုသို့ဈေးနှုန်း ထပ်မံမြင့်တက်လာခြင်းဖြစ်ကြောင်း စက်သုံးဆီ လုပ်ငန်းရှင်များက ရှင်းပြပြောဆိုသည်။

ယခုအခါ စက်သုံးဆီဈေးနှုန်းများသည် ပြီးခဲ့သည့်ရက်ပိုင်းကထက် တစ်လီတာလျှင် ၁၀ ကျပ်မှ ၁၅ ကျပ်အထိ မြင့်တက်လာပြီး ယခုနှစ်အတွင်း စက်သုံးဆီ တစ်လီတာလျှင် ကျပ် ၁၁၀ မှ ၁၄၀ အထိ မြင့်တက်ကြောင်း စက်သုံးဆီဈေးကွက်အတွင်းမှ သိရသည်။

ထိုသို့ စက်သုံးဆီဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာသည့်အတွက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် လုပ်ငန်းများ ထိခိုက်ရပြီး ကုန်ဈေးနှုန်းအချို့မြင့်တက်ခြင်းနှင့် ယာဉ်ငှားရမ်းခ မြင့်တက်ခြင်းတို့ကို ဖြစ်ပေါ်စေလျက်ရှိသည်။

ပြည်ပ စက်သုံးဆီဈေးနှုန်းမှာမူ ပြီးခဲ့သည့်ရက်ပိုင်းက အကျဈေးဖြင့် ငြိမ်သက်နေရာမှ ဩဂုတ်လ ၇ ရက်နေ့တွင် တစ်စည်လျှင် ၁ ဒေါ်လာခန့် မြင့်တက်ပြီး လက်ရှိပြည်ပဈေးသည် ဒီဇယ်တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၆၊ အဆင့်မြင့် ဒီဇယ်တစ်စည်လျှင် ၈၇ ဒေါ်လာ၊ အောက်တိန်း ၉၂ တစ်စည်လျှင် ၈၁ ဒေါ်လာနှင့် အောက်တိန်း ၉၅ တစ်စည်လျှင် ၈၃ ဒေါ်လာဈေးရှိကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။

S-04