News

POST TYPE

AUTOMOBILE

သရုပ်ဆောင်မော်ဒယ်လ် ဟန်လေးနှင့် တွေ့ဆုံခြင်း
06-Aug-2018
“မိုးရာသီဆို ကားမီးပွိုင့်မှာလွှတ်ပြီဆို မြန်မြန်သွားလို့မရဘူး”



ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ မော်ဒယ်လ်သရုပ်ဆောင်ဟန်လေးနဲ့ တွေ့ဆုံပြီး သူစီးနေတဲ့ ကားအကြောင်း မေးမြန်းဖြစ်ခဲ့တာလေးကို ဖော်ပြပေးလိုက်ပါတယ်။

Voice : ဟန်လေးလက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
HL : ညီမ လက်ရှိစီးနေတဲ့ကားက KIA အနီလေး စီးနေပါတယ်။

Voice : ဝယ်ထားတာရော ကြာပြီလား ညီမ။
HL : ခြောက်လကျော်သွားပါပြီ။

Voice : ဘာလို့ KIA လေး ဝယ်စီးဖြစ်သွားတာလဲ။
HL : စီးဖြစ်သွားတဲ့အကြောင်းအရင်းကတော့ အစကလည်း တခြား Brand တွေလည်းကြည့်တယ်။ သူ့ရဲ့ ပုံစံက။ မာစီဒီးတွေလည်း ဒီပုံစံက ဒီပုံစံလေးပဲပေါ့နော်။ BMW ကျတော့ မကြိုက်ဘူး။ မကြိုက်ဘူးဆိုတာက မိန်းကလေးအကြိုက်နဲ့လည်း ကွာတာပေါ့နော်။ သူ့အကြိုက် ကိုယ့်အကြိုက် KIA က ကိုရီးယားထုတ်၊ ပြီးတော့ ဘယ်မောင်း၊ ပြီးတော့ ဟန်လေး KIA လေးကျတော့ Optima ပေါ့နော်။ အဲဒါက အနီလေးရယ်၊ အဖြူရယ်၊ ခဲရောင်ရယ်ဆိုပြီး သုံးရောင်ရှိတယ်။ ဟန်လေးကကျတော့ အနီရောင်လေးကို သဘောကျပြီး ရွေးဖြစ်သွားတာ။ သူ့ရဲ့ ပုံစံလေးလည်းလှတယ်။ မိန်းကလေးအတွက်လည်း သင့်တော်တယ်။ သူက ဆလွန်းပုံစံကို ရှည်ရှည်လေး။ အမျိုးစုံရှိတယ်။ ဓာတ်ဆီနဲ့ရယ်၊ ဒီဇယ်ရယ် အစုံပဲ။

Voice : ဆီစားရော သက်သာလား။
HL : သက်သာတယ်လို့ ပြောရမှာပေါ့။ ဟန်လေးတို့က ဟိုသွားဒီသွားနဲ့ သွားတာများတယ်။ ဟန်လေးက ၉၅ ပဲဖြည့်တယ်။ တစ်ခါဖြည့်ရင် အနည်းဆုံး သုံးသောင်းခွဲ၊ ဒါတောင်အပြည့် မဟုတ်ဘူး။ တစ်ဝက်ပဲ ဖြည့်ထားတာ။ 

Voice : ဟန်လေးအနေနဲ့ ကိုရီးယားထုတ်ကားကို ဘာလို့ရွေးချယ်ဖြစ်သွားတာလဲ။
HL : ကိုရီးယားကားကို ရွေးဖြစ်သွားတာက ဟန်လေး အသိမိတ်ဆွေ Show Room ကို သွားကြည့်တော့ အဲဒီမှာ Brand အမျိုးအစား အများကြီးတွေ့တယ်။ အဲဒီထဲကနေ မိန်းကလေးအတွက်လည်း အရမ်းလိုက်တယ်ဆိုပြီးရွေးဖြစ်တယ်။ ကိုရီးယားမှာပြထားတဲ့ ဗီဒီယိုလေးတွေဆိုလည်း ကိုရီးယားနိုင်ငံမှာ နေရာတော်တော်များများမှာ စီးနေကြတာတွေ့တယ်။ လက်ရှိမှာ သိန်း ၂၀၀ လောက်ဆို ကောင်းကောင်းဝယ်စီးလို့ရနေပြီ။ အဲဒီအထဲမှာမှ ဟန်လေးက အလယ်အလတ်လောက်ရှိတဲ့ ဒါလေးကိုရွေးဖြစ်သွားတယ်။

Voice : စီးတာလည်း ခြောက်လလောက်ရှိပြီဆိုတော့ ဒီကားရဲ့ အားသာချက်ကရော ဘာတွေရှိတယ်လို့ မြင်လဲ။
HL : အားသာချက်ကတော့ မောင်းလို့အရမ်းကောင်းတယ်။ ပေါ့ပေါ့လေး အရမ်းကြီးလေးမနေဘူး။ တချို့ကားတွေဆို လေးနေတာတွေ ရှိတယ်။ ဟန်လေးကလည်း စည်းကမ်းရှိရှိ မောင်းတာပေါ့နော်။ အခုထိ ဝယ်ထားတာ တစ်ခါမှမတိုက်သေးဘူး။ ပါကင်ထိုးထားလို့ သူများလာပွတ်သွားတာလောက်ပဲရှိတာ။ သူများကိုတော့ သွားမတိုက်ဘူး။ 

Voice : မိုးတွင်းဆိုတော့ ကားမောင်းရတာ ဘယ်လိုအခက်အခဲတွေရှိလဲ။
HL : အခက်အခဲတွေက ညီမတို့မြန်မာပြည်က မိုးရွာရင် ချိုင့်ခွက်တွေအရမ်းများတယ်။ ညဘက်တွေဆို ရေတွေတင်နေလို့ မမြင်ရဘူး။ အဲဒီထဲကို မမြင်လို့ ဝင်မိသွားရင် ကားကဒုန်းဆိုပြီး အသံအကျယ်ကြီးမြည်ပြီး လာစောင့်မိသွားရော။ အဲဒီလိုကျ ကားက အရမ်းနာသွားတယ်။ နောက်တစ်ခုခုဖြစ်မှာ စိုးရိမ်တယ်။ ဘီးပေါက်သွားမှာတို့၊ တာယာအက်သွားမှာတို့ စိုးရိမ်တယ်။ စိတ်ညစ်ရတယ်။ မိုးရာသီဆို ကားမီးပွိုင့်မှာလွှတ်ပြီဆို မြန်မြန်သွားလို့မရဘူး။ မီးပွိုင့်ရဲ့အောက်ဘက်မှာကို ချိုင့်ခွက်တွေက အများကြီးဆိုတော့ ကားတွေက ဘယ်ယိမ်းညာယိမ်းနဲ့ဆိုတော့ ခရီးမတွင်တော့ဘူး။ မီးပွိုင့်တစ်ခါမိရင် ကား ၁၅ စီးလောက် သွားလို့ရတဲ့နေရာမှာ ကားငါးစီးလောက်ပဲ သွားလို့ ရတော့တယ်။

ခိုင်ချယ်ရီထွန်း