News

POST TYPE

AUTOMOBILE

ကျောင်းကားနှင့် GPS Application စနစ်
06-Aug-2018
“ကျောင်းကား ဘယ်ရောက်နေပြီဆိုတာသိရင် မိဘတွေအနေနဲ့ အချိန်ကိုက်လာကြိုလို့ရမယ်”
ဦးနန်းအောင် (Yangon School Bus (YRTA)၊ တာဝန်ခံ)

ဒီ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ ကျောင်းကားစနစ်ကို စတင်လုပ်ဆောင်ခဲ့တယ်။ ကျောင်းအနေနဲ့ကတော့ TTC  ကမာရွတ်၊ TTC  ရန်ကင်းတွေကို ပြေးဆွဲနေတာပါ။ အခုမိဘတွေအတွက် ကျောင်းပို့၊ ကျောင်းကြို စိတ်ချရတဲ့ အနေအထားတစ်ခုကို ဖန်တီးတဲ့အနေနဲ့ GPS နဲ့ ချိတ်ဆက်ကြည့်လို့ရတဲ့ App တစ်ခုကို ဖန်တီးပေးလိုက်ပါပြီ။ အဓိက ကျောင်းသားတွေရဲ့ လုံခြုံရေးအတွက်ပါ။ နောက်တစ်ခုက မိဘတွေက အခုကျောင်းကားပေါ်မှာ ကျောင်းသားတွေ အတက်အဆင်း ပုံရိပ်ကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်မှာဖြစ်ပါ တယ်။ ကျောင်းကား ဘယ်ကိုရောက်နေပြီဆိုတာကိုပါ GPS ထဲကနေ သိနေရမှာဖြစ်ပါတယ်။ ကျောင်းကား ဘယ်ရောက်နေပြီ ဆိုတာသိရင် မိဘတွေအနေနဲ့ အချိန်ကိုက် လာကြိုလို့ရမယ်။ ဒါတွေအဆင်ပြေအောင် ရည်ရွယ်ပြီး လုပ်ဆောင်တာပါ။ နည်းပညာပိုင်းက Asia Starmar Transport Intelligent ကုမ္ပဏီက တာဝန်ယူဆောင် ရွက်ပေးတာဖြစ်ပါတယ်။ စမ်းသပ်ကာလ က ဇူလိုင် ၂၃ ရက်ကနေ ၃၁ ရက်အထိပါ။ ဩဂုတ်လ ၁ ရက်ကနေစပြီး အတည်ပြု အသုံးပြုနေပါပြီ။ ကျောင်းသားမိဘတစ်ဦးပဲ အဆင်မပြေဘူးလို့သိရလို့ ကုမ္ပဏီနဲ့ ချိတ်ပေးလိုက်တယ်။ သေချာရှင်းပြပြီး အဆင်ပြေအောင်ဖြေရှင်းပေးလိုက်ပါပြီ။

“စက်တို့၊ လိုင်းတို့က အမြဲကောင်းနေမှ ဖြစ်မှာ”
ဒေါ်နန်းဆုပြည့် (ကျောင်းသားမိဘ)

YSB (Yangon School Bus) မှာ App စနစ်နဲ့ စတင်နေပြီဆိုတာကို ဖတ်ရပါတယ်။ တကယ် ရေရှည်လုပ်နိုင်ရင်တော့ ကောင်းပါတယ်။ TTC  မှာတော့ ဟိုတစ်လောကပဲ YSB ပေါ်မှာ ကလေးအချင်းချင်း နိုင်စားတဲ့အဖြစ်မျိုး ဖြစ်သွားသေးတယ်လေ။ ကားသမားကလည်း မိဘကို အကြောင်းကြားရမယ့်အစား ပြန်မပြောဖို့ တားတာမျိုးတွေရှိလာတယ်။ လက်လွတ်စပယ် လုပ်တာမျိုးပေါ့လေ။ ဒါမျိုးတွေ ကြားရ၊ သိရတော့ App ရှိလည်း မိဘကကြည့်တတ်ဦးမှ။ စက်တို့၊ လိုင်းတို့က အမြဲကောင်းနေမှဖြစ်မှာ။ ကျောင်းကားသမားတွေကိုလည်း သေချာစိစစ်ပြီးမှ ခန့်စေချင်တယ်။ သူတို့လက်ထဲ ကလေးတွေ အပ်လိုက်ရတာကိုး။ ကျောင်းကားတွေ ရှိလာလို့တော့ ကားကျပ်တဲ့ကိစ္စတွေ ပြေလည်သွားမှာမဟုတ်ဘူးဆိုတာလည်း သိစေချင်ပါတယ်။ လမ်းတွေ တအားပျက်နေတာနဲ့လည်း ဆိုင်တာပေါ့လေ။ ကောင်းတာ လုပ်တာပဲ။ မိဘတွေဘက်က အားပေးရမှာပေါ့။ ကြိုဆိုပါတယ်။ တစ်ခုပဲ ရေရှည်လုပ်နိုင်ဖို့ပါပဲ။

“Application တပ်ပေးမယ်ဆိုတဲ့အတွက် ကိုယ့်ကလေးအတွက် ပိုပြီးစိတ်ချရပါတယ်”
ဒေါ်စန္ဒာဝင်းတင် (ကျောင်းသားမိဘ)

လက်ရှိ ဒီလထဲမှာစပြီး ကျောင်းကားတွေမှာ ကိုယ့်သားသမီးက ကျောင်းကိုသွားရင် ကျောင်းကပြန်လာရင်ဖြစ်ဖြစ် မိဘက တိုက်ရိုက်သိလို့ရမယ့် Application တစ်ခုကို ကျောင်းကားတွေမှာ စတင် စမ်းသပ်ပြေးဆွဲပေးနေပြီဆိုတာ သိရတယ်။ ကျောင်းကားတွေမှာ ဒီလိုမျိုး Application တွေ တပ်ဆင်ပေးထားတာက မိဘတွေအတွက် ကိုယ့်သားသမီး ဘယ်နားရောက်နေပြီ၊ ဘယ်အချိန်ဆို ပြန်ရောက်မယ်ဆိုတာ ကြိုသိရတဲ့အတွက် အရင်ကထက် ပိုပြီးကောင်းလာပါတယ်။ နောက်အစ်မကလေးတွေကို ကျောင်းကားနဲ့ပို့နေတာလည်း ကြာပြီဆိုတော့ ကျောင်းကားတွေကို စိတ်ချတယ်။ နောက်ပြီး ကျောင်းကားမောင်းတဲ့သူတွေကလည်း ကျောင်းရဲ့ထောက်ခံချက်ရမှ မောင်းခွင့်ရှိတဲ့အတွက် ကိုယ့်ကလေးအတွက်က စိတ်ချရတယ်။ နောက်ပြီး ကျောင်းကားကို တာဝန်ယူထားတဲ့သူတွေကလည်း ကလေးတွေကို ကိုယ့်သား၊ သမီးတွေလို ဂရုစိုက်ပေးတဲ့အတွက် စိတ်ချရတယ်။ အခုလို Application တပ်ပေးမယ်ဆိုတဲ့အတွက် ကိုယ့်ကလေးအတွက် ပိုပြီးစိတ်ချရပါတယ်။

ခိုင်ချယ်ရီထွန်း