News

POST TYPE

AUTOMOBILE

အဝေးပြေးကားလမ်းများ ရေကြီးခြင်း
30-Jul-2018

“ဘယ်နေ့ ပြန်ထွက်မယ်ဆိုတာကို အတိအကျတော့ မပြောနိုင်သေးဘူးဆိုပေမယ့် ရေကျတာနဲ့ ချက်ချင်းပြေးဆွဲပေးသွားမှာပါ” ဒေါ်လဲ့ (မန္တလာမင်း ယာဉ်လိုင်းပိုင်ရှင်)

အခုရက်ပိုင်း မိုးများတဲ့အတွက် မြန်မာပြည်အောက်ပိုင်းတွေမှာ ကားလမ်းတွေ ရေကြီး၊ ရေလျှံတာတွေဖြစ်နေတဲ့အတွက် ခရီးစဉ်တွေကို ယာယီရပ်နားထားပါတယ်။ နောက် ဒီရက်တွေက ရုံးပိတ်ရက်တွေဖြစ်တဲ့အတွက် ကြိုတင်လက်မှတ်ဝယ်ထားတဲ့ ခရီးသည်တွေကိုလည်း အကျိုးအကြောင်းပြောပြပြီး ခရီးစဉ်အတွက် ငွေပြန်အမ်းပေးတာတို့၊ ခရီးစဉ်ရက်ရွှေ့ဆိုင်းပေးတာတို့ကို အစ်မတို့ယာဉ်လိုင်း လုပ်ပေးနေပါတယ်။ လက်ရှိ မြန်မာပြည်အောက်ပိုင်းခရီးစဉ်တွေဖြစ်တဲ့ မော်လမြိုင်တို့၊ ဘီးလင်းတို့ဘက်ကိုသွားတဲ့ ခရီးသည်တွေကိုလည်း ခရီးစဉ်ရှေ့ဆက်မရတော့တဲ့ အတွက် ရေလွတ်ရာမှာရပ်နားထားပြီး ခရီးရှေ့ဆက်ချင်တဲ့သူတွေကို ကားကြုံနဲ့ထည့်ပေးတာတို့ ဆက်မသွားချင်တော့တဲ့ ခရီးသည်တွေကို ရန်ကုန်အထိ ပြန်ခေါ်လာပေးပါတယ်။ လက်ရှိမှာ ခရီးစဉ်တချို့ကို ရပ်နားထားပေမယ့်၊ ဘယ်နေ့ပြန်ထွက်မယ်ဆိုတာကို အတိအကျတော့ မပြောနိုင်သေးဘူးဆိုပေမယ့် ရေကျတာနဲ့ ချက်ချင်းပြေးဆွဲပေးသွားမှာပါ။



“မြစ်ရေကြီးနေတော့ ဘီးလင်းနားမှာ ပိတ်မိနေကြတဲ့ ရေဘေးဒုက္ခသည်တွေ တော်တော်များတယ်” ဒေါ်ယွန်းလဲ့ပိုင် (ကျောင်းဆရာမ)
 
ကရင်ပြည်နယ်၊ မွန်ပြည်နယ်မှာ မိုးက ဆက်တိုက်ရွာနေတယ်။ နေမမြင်ရတာ ၁၀ ရက်လောက်ရှိနေပြီ။ ဇွန်လက မွန်ပြည်နယ်မှာ ရေတွေကြီးတော့ သွားရေး၊ လာရေး တစ်ရက်လောက် အခက်အခဲဖြစ်ကြတယ်။ အခုက ဘီးလင်းနဲ့ ပဲခူးမှာ ရေကြီးနေတော့ မွန်ပြည်နယ်ကရော၊ ကရင် ပြည်နယ်ကရော ယာဉ်လိုင်းတွေက မထွက်ကြတော့ ရန်ကုန်ပြန်မယ့်သူတွေ အရမ်းကို ဒုက္ခရောက်နေကြတယ်။ ညီမတို့တောင် ဝါဆိုလပြည့်ပိတ်ရက်မှာ ရန်ကုန်သွားလည်ဖို့ စီစဉ်ထားတာ။ ကားတွေမထွက်လို့ မသွားလိုက်ရဘူး။ ကားတွေမထွက်တော့ ကားဂိတ်က ငွေပြန်အမ်းတယ်။ မြစ်ရေကြီးနေတော့ ဘီးလင်းနားမှာ ပိတ်မိနေကြတဲ့ ရေဘေးဒုက္ခသည်တွေ တော်တော်များတယ်။ ရထားလမ်းကလည်း နှင်းပုလဲဘူတာနားမှာ ရေဒေါက်တိုင်လည်း ရေစီးနဲ့မျောသွားလို့ ရထားတွေထွက်တာလည်း ရက်ကြာမယ်လို့ သိရတယ်။ ကားလမ်းတွေ၊ ရထားလမ်းတွေကလည်း ပိတ်ထားတော့ ရန်ကုန်ပြန်မယ့်သူတွေအတွက် ရေမြန်မြန် ကျပါစေပဲ ဆုတောင်းတယ်။ လေယာဉ်ကလည်း ပိုက်ဆံရှိတဲ့လူတွေလောက်ပဲ စီးနိုင်တော့ အဆင်မပြေဘူး။ ကရင်ပြည်နယ် ဘက်တွေလည်း ရေတွေကြီးလို့ ကျောင်းတွေရေမြုပ်၊ ကားတွေမထွက်ကြဘူး။ ထပ်ပြီးတော့ ရေမကြီးပါစေနဲ့ပဲ ဆုတောင်းတယ်။ 



“လေယာဉ်လက်မှတ်ကလည်း တစ်ယောက်ကို ငါးသောင်းကျော်ဆိုတော့ ပြန်ရတာအဆင်မပြေဘူး” ဒေါ်ဖူးသိမ့်ငုံ (အစိုးရဝန်ထမ်း)

မွန်ပြည်နယ်၊ ဘီးလင်းမှာ ရေတွေကြီးနေတဲ့အတွက် မုဒုံ၊ မော်လမြိုင်ကနေ ရန်ကုန်ပြန်မယ့်သူတွေ အရမ်းဒုက္ခရောက်ပါတယ်။ ဝါဆိုလပြည့်ကလည်း သောကြာနေ့၊ အစိုးရရုံးပိတ်ရက်က သုံးရက်ဆက်ပိတ်တော့ လူကြီးမိဘတွေကန်တော့ဖို့ နယ်ပြန်လာကြတဲ့သူတွေ တော်တော်များတယ်။ ကားလက်မှတ်တွေကလည်း ကားတွေမထွက်တော့ ကြိုတင်လက်မှတ်ဝယ်ထားသူတွေကို ငွေပြန်အမ်းတယ်။ ပြန်အမ်းငွေမယူတဲ့သူတွေကိုလည်း ရေကျတာနဲ့ ကားထွက်မယ်၊ ကားတွေနဲ့ ရန်ကုန်ပြန်ဖို့ စီစဉ်ပေးမယ်ပြောတယ်။ ဒီနေ့မေးကြည့်တော့ ဒီနေ့ ဇူလိုင် ၂၉ ရက်နေ့လည်း ကားမထွက်ဘူးပြောတယ်။ မနက်ဖြန်လည်း ကားတွေထွက်ဖို့ မသေချာဘူးပြောတယ်။ လေယာဉ်လက်မှတ်ကလည်း တစ်ယောက်ကို ငါးသောင်းကျော်ဆိုတော့ ပြန်ရတာ အဆင်မပြေဘူး။ လက်မှတ်တွေကလည်း ဇူလိုင် ၃၁ ရက်နေ့အထိ ကုန်နေပြီပြောတယ်။ ဇွန်လကလည်း မွန်ပြည်နယ် ရေတွေကြီးပေမယ့် တစ်ရက်မကြာဘူး၊ ရေတွေ ပြန်ကျသွားတယ်။ သွားလာရေးက ခဏပဲပိတ်သွားတယ်။ အခုက သုံး၊ လေးရက်တောင် ရေကမကျတော့ ရန်ကုန်ပြန်မယ့်သူတွေ အဆင်မပြေဘူး။ ရေမြန်မြန်ပြန်ကျပြီး ကားတွေထွက်ပါစေပဲ ဆုတောင်းရမယ်။