News

POST TYPE

AUTOMOBILE

တေးသံရှင်ဆူဇီနှင့် တွေ့ဆုံခြင်း
23-Jul-2018



“BMW လေးတော့ စီးဖူးတယ်ရှိအောင် ဝယ်လိုက်မယ်ဆိုပြီး ဝယ်လိုက်ပြီးတော့မှ ဒုက္ခတွေရောက်နေတာ”

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ စတုတ္ထမြောက်တေးအယ်လ်ဘမ်ထွက်ဖို့အတွက် ကြိုးစားနေတဲ့ တေးသံရှင်ဆူဇီနဲ့တွေ့ဆုံပြီး သူစီးနေတဲ့ကားအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
SZ : လက်ရှိစီးနေတာကတော့ BMW ပေါ့။ 

Voice : ဝယ်ထားတာကြာပြီလား။
SZ : ဝယ်ထားတာတော့ တစ်နှစ်ကျော်၊ ၂ နှစ် လောက်တော့ရှိပြီ။ မနှစ်က အစ်မမွေးနေ့မတိုင်ခင်ဝယ်လိုက်တာ။

Voice : လက်ရှိမှာရော BMW ရဲ့ အားသာချက်တွေက ဘာတွေရှိတယ်လို့မြင်လဲ။
SZ : ကောင်းတာတွေက BMW ဆိုတော့ စီးရတာသက်သောင့်သက်သာပိုဖြစ်တယ်။ ပိုပြီးတော့ Safe ဖြစ်တယ်လို့ ခံစားရတယ်။ ဒါပေမဲ့လည်း တစ်ခုခုပျက်ရင် အရမ်းစိတ်ညစ်ရတယ်။ အစ်မပြီးခဲ့ တဲ့အခေါက်ကပဲ နွေရာသီမှာအရမ်းပူတော့ ရေတိုင်ကီတွေ လဲလိုက်ရတယ်။ ပစ္စည်းကတော့ သူများတိုယိုတာတို့၊ နစ်ဆန်တို့ဆိုရင်တော့ ဥပမာကွာ ရေပိုက်လေး တစ်ခုပဲဖြစ်ဖြစ်၊ ရေတိုင်ကီလေးတစ်ခုပဲဖြစ်ဖြစ် လဲမယ်ဆို တစ်သိန်းခွဲ၊ နှစ်သိန်းပေါ့။ BMW ကျ ငါးသိန်းကုန်သွားတယ်။ အမှန်အတိုင်းပြောရရင် ဝယ်ချင်လွန်းလို့ ဝယ်စီးလိုက်တာတော့မဟုတ်ဘူး။ သူငယ်ချင်းတစ်ယောက်က သူရောင်းချင်တယ် ဆိုတာ နဲ့ ယူလိုက်တဲ့သဘောပေါ့။ 

Voice : ဒါဆို အစ်မက Luxury ကားမျိုးသဘောကျလို့ ဝယ်ဖြစ်သွားတာပေါ့။
SZ : အဲဒီလိုမျိုးပေါ့။ ဒီဟာကလည်း အရမ်းမော်ဒယ်လ်မြင့်တဲ့ အမျိုးအစားတော့မဟုတ်ပါဘူး။ ဒါပေမဲ့လည်း အရင်က သိန်းထောင်ကျော်ကနေ အခုက အဲဒီလောက်မပေးရတော့ဘူးဆိုတော့ ဝယ်ဖြစ်သွားတာ။ BMW လေးတော့ စီးဖူးတယ်ရှိအောင် ဝယ်လိုက်မယ်ဆိုပြီး ဝယ်လိုက်ပြီးတော့မှ ဒုက္ခတွေရောက်နေတာ။

Voice : ဒီကားအရင်ကရော ဘာကားစီးခဲ့ဖူးတာလဲ။
SZ : ဒီအရင်က Nissan လေးစီးတယ်။ 

Voice : အဲဒီကားကိုရော သဘောကျခဲ့လား။
SZ : အဲဒီကားတုန်းကတော့ သူကပြိုင်ကားနည်းနည်းဆန်တယ်ဆိုတဲ့အတွက် ဖိနပ်အမြင့်တွေ ဘာတွေနဲ့ဆို အဆင်မပြေဘူး။ ဒါနဲ့ပဲ ဒီကားလဲဖြစ်သွားတာ။

Voice : ကားနဲ့ပတ်သက်ပြီး အမှတ်တရတွေ ရှိခဲ့ဖူးလား။
SZ : အမှတ်တရအနေနဲ့ဆိုရင်တော့ ခရီးတွေအများကြီးထွက်တယ်။ တစ်ခေါက်က နေပြည်တော်သင်္ကြန်သွားတာ။ Nissan Skyline နဲ့သွားရင်းနဲ့ လုံးဝကားထိုးရပ်သွားပြီး အချိန်တွေမမီတာမျိုးတွေ ဖြစ်ခဲ့ဖူးတယ်။ ပွဲစီစဉ်သူတွေကလာခေါ်နဲ့ အတော်လေး အဆင်မပြေဖြစ်ခဲ့ဖူးတယ်။ ဒါကတော့ အမှတ်တရပေါ့။

Voice : ကားနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုအမှတ်တံဆိပ်မျိုးမှ စီးချင်တာဆိုပြီးရောရှိလား။
SZ : အဲဒီလိုတော့ မရှိပါဘူး။ အဆင်ပြေပြေနဲ့ စီးလို့ရရင်ဖြစ်တယ်။

ခိုင်ချယ်ရီထွန်း