News

POST TYPE

AUTOMOBILE

ဘေးကင်းစွာ ကားမောင်းလိုရင် ရှောင်ရမယ့်အရာတွေ
09-Jul-2018



မော်တော်ယာဉ်ဆိုတာ သယ်ယူပို့ဆောင်ရေးအတွက် မရှိမဖြစ်အရာဖြစ်သလို အသက်အန္တရာယ်အပေးနိုင်ဆုံး အရာလည်းဖြစ်ပါတယ်။ ဒါကြောင့် မော်တော်ယာဉ်မောင်းနှင်သူပဲဖြစ်ဖြစ်၊ လိုက်ပါစီးနင်းသူပဲဖြစ်ဖြစ် လိုက်နာရမယ့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းတွေရှိပါတယ်။ ကားပေါ်တက်လိုက်တာနဲ့ ခါးပတ်ပတ်ခိုင်းတာ လိုအပ်လို့ပါ။ မြို့တွင်းမို့မလိုပါဘူး။ အက်ဆီးဒင့်တစ်ခုခုဖြစ်ရင် ခါးပတ်ဖြုတ်မရတာနဲ့ ဒုက္ခတောင်ပေးနိုင်သေးတယ်လို့ ပြောကြပေမယ့် ခါးပတ်ပတ်ပြီး ကားမောင်းလို့၊ စီးလို့ အသက်မသေခဲ့တာတွေ ကမ္ဘာပေါ်မှာအများကြီးပါပဲ။ ဒါကြောင့် ဒီတစ်ပတ်အတွက်တော့ ကားမောင်းတဲ့အခါ၊ လိုက်ပါစီးနင်းတဲ့အခါ လိုက်နာရမယ့် အရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ထိုင်ခုံခါးပတ်ပတ်ပါ

ဒါက ကျွမ်းကျင်သူတိုင်းလည်း အမြဲတမ်းမှာနေကျ သတိပေးချက်လေးတစ်ခုပါပဲ။ နိုင်ငံခြားမှာဆိုရင်လည်း အကျင့်ကောင်းတစ်ခုအနေနဲ့ ကားပေါ်တက်လိုက်တာနဲ့ ခါးပတ်ပတ်တတ်ကြတာကို ရုပ်ရှင်ကားတွေ တော်တော်များများမှာ မြင်ဖူး၊ တွေ့ဖူးကြမှာပါ။ ခါးပတ်ပတ်မှ မတော်တဆမှု တစ်ခုခုဖြစ်ရင် လေအိတ်ပွင့်မှာပါ။ အဲဒါကိုမှ ခါးပတ်မပတ်ဘဲ လေအိတ်ပွင့်ခဲ့မယ်ဆိုရင်တော့ နံရိုးတွေ ကျိုးစေတတ်ပါတယ်။ ကျိုးသွားတဲ့ နံရိုးကလည်း အသည်းတွေ၊ နှလုံးတွေ စိုက်မိပြီး သေတတ်ပါတယ်။ ရူပဗေဒသဘောတရားအရ ယာဉ်မတော်တဆမှုဖြစ်ရင်ပဲဖြစ်ဖြစ်၊ ရုတ်တရက် ဘရိတ်ဆောင့်နင်းလိုက်လို့ပဲဖြစ်ဖြစ် Speed က ရုတ်ရက်ရပ်သွားလို့ ကားရပ်သွားတယ်ဆိုပေမယ့် အထဲက လူတွေကတော့ မရပ်ပါဘူး။ အဲ့တော့ ရှေ့ကို အရှိန်နဲ့ ရိုက်မိတဲ့အခါ လေအိတ်က ပွင့်လာမှာပါ။ အဲဒီအချိန်မှာ လေအိတ်တွေဟာ အမြန်ဖောင်းလာစေတာ လေအိုးထဲကလေကို ဖြည့်လိုက်တာမျိုး မဟုတ်ဘဲ လေအိတ်ထဲမှာက ယမ်းတောင့်ပါပါတယ်။ Chemical Explosion ဖြစ်လို့ ဖောင်းလာတဲ့သဘောမျိုးပါ။ အဲဒီအချိန်မှာ လေအိတ်က သူ့အလုပ်ဖြစ်တဲ့ စတီယာရင်နဲ့ ခေါင်းနဲ့ မဆောင့်မိဖို့ကို လုပ်ဆောင်ပေးဖို့ လေအိတ်ကို ပွင့်ပေးလိုက်ပေမယ့်လူက ခါးပတ်မရှိတဲ့အတွက် အပေါ်ကပြောသလို ဒုက္ခတွေကို တွေ့စေနိုင်ပါတယ်။ ခါးပတ်ပတ်ထားမယ်ဆိုရင်တော့ ခါးပတ်ကြိုးတွေကို မော်တာက တင်းလိုက်တဲ့အတွက် ခန္ဓာကိုယ်ကို ထိန်းပေးထားလို့ လေအိတ်နဲ့ တခြားနေရာတွေကို ဆောင့်မိတဲ့ဒဏ်ကို ခံနိုင်သွားစေပါတယ်။ ခါးပတ်မပတ်ထားရင်တော့ ခေါင်းတင်မဟုတ်ဘဲ လူပါလေအိတ်ကို သွားဆောင့်မိရင် နံရိုးတွေကျိုးတဲ့အထိဖြစ်စေပါတယ်။

ခါးပတ်ပတ်ခြင်းရဲ့ အကျိုးကျေးဇူး နောက်တစ်ခုက မတော်တဆမှုတစ်ခုဖြစ်လို့ ကိုယ့်ကားက လိမ့်ထွက်သွားရင်တောင် လူကို အပြင်ကိုလွင့်စဉ်ထွက်မသွားအောင် ကူညီပေးနိုင်ပါသေးတယ်။ အဲ့အချိန်မှာ ခါးပတ်မပတ်ထားမိရင်တော့ ကားထဲမှာ လိမ့်နေတာမျိုးတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခါးပတ်ပတ်ကြပါ။

မှန်တွေကို ချိန်ညှိပါ

နောက်တစ်ခုကတော့ နောက်ကြည့်မှန်နဲ့ ဘေးမှန်တွေကို ချိန်ညှိဖို့ပါ။ ဒါကလည်း မလုပ်မဖြစ် လုပ်သင့်တဲ့ အရာတစ်ခုပါပဲ။ ကားမောင်းတာရဲ့ အသက်ကဘက်မှန်တွေ၊ ဘေးမှန်တွေကို ကြည့်မောင်းတတ်ဖို့ပါပဲ။ အဲဒါကြောင့် ဘေးကင်းကင်း ကားမောင်းချင်တယ်ဆိုရင် ကားမှန်တွေကို နေရာမှန်ဖြစ်အောင် အမြဲတမ်းချိန်ညှိတဲ့ အကျင့်ကောင်းလေးတစ်ခု လုပ်ပေးဖို့လိုပါတယ်။

စိတ်အေးအေးထားပြီး မောင်းပါ

နောက်တစ်ခုကတော့ ကားမောင်းမယ်ဆိုရင် အလွယ်တကူ စိတ်မတိုတတ်ဖို့ပါ။ အလွယ်တကူ ဒေါသထွက်တတ်ရင် အမှားများနိုင်သလို အဖြစ်နိုင်ဆုံးကတော့ ဒေါသထွက်ပြီဆိုတာနဲ့ ကိုယ့်ဘက်က အမှားများသွားနိုင်တာပါပဲ။ ဒါကြောင့် ကားမောင်းသူတွေအနေနဲ့ စိတ်တည်ငြိမ်အောင်၊ ဒေါသအလွယ်တကူ မထွက်တတ်အောင် တရားထိုင်တာတွေ လုပ်ပေးသင့်ပါတယ်။ မြန်မာနိုင်ငံမှာ ကားမောင်းမယ်ဆိုရင် ဒေါသထွက်စရာတွေ၊ စိတ်ပျက်စရာတွေ အများကြီးပါပဲ။ ကားမောင်းတာ စည်းကမ်းမရှိတာတွေ၊ စည်းကမ်းပျက် မောင်းနှင်တာတွေ၊ လမ်းပိတ်လို့ စိတ်ညစ်ရတာတွေ အများကြီးပါပဲ။ ဒါကြောင့် ကားမောင်းရင် စိတ်အေးအေးထားပြီး မောင်းနှင်သင့်ပါ တယ်။ ကိုယ်သွားမယ့်နေရာကို မသွားခင်ကတည်းက လမ်းပိတ်နိုင်တဲ့ နေရာတွေကို ကြိုတင်စဉ်းစားပြီး ရှောင်ကွင်းမောင်းတတ်အောင်လည်း လုပ်ဆောင်သင့်ပါတယ်။

အနှောင့်အယှက်ဖြစ်စေသည်များကို ရှောင်ပါ

ကားမောင်းတဲ့အချိန်မှာ အာရုံနောက်စရာ၊ သတိလွတ်စရာ၊ စိတ်အနှောင့်အယှက်၊ လူအနှောင့်အယှက် ဖြစ်စေမယ့်အရာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ အနှောင့်အယှက်ဖြစ်စေတယ်ဆိုတဲ့နေရာမှာ ကားမောင်းရင်း အစားစားတာ၊ ဖုန်းပြောတာ၊ ရှေ့၊ နောက်၊ ဘေးတွေကို လှည့်ပြီး စကားပြောတာမျိုးတွေနဲ့ အမျိုးသမီးတွေမှာဆိုရင် ကားမောင်းရင်း ကိုယ့်ကိုယ်ကိုယ်မှန်ကြည့်တာ၊ အလှပြင်တာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

ရှေ့ကားနဲ့ သုံးစက္ကန့်ခွာမောင်းပါ

မိုးတွေ အရမ်းရွာနေတဲ့အချိန်၊ ဆောင်းတွင်း နှင်းတွေကျနေတဲ့ လမ်းတွေပေါ်မှာ မောင်းမယ်ဆိုရင် ရှေ့ကားနဲ့ သုံးစက္ကန့်စာလောက် ခွာပြီးမောင်းနှင်သင့်ပါတယ်။ မီးပွိုင့်တွေက ထွက်မယ်ဆိုရင် သုံးစက္ကန့်ခွာမောင်းပါ။ မြန်မာနိုင်ငံမှာ အဲဒီလို သုံးစက္ကန့်ခွာမောင်းမယ်ဆိုရင်တော့ နောက်ကားတွေရဲ့ ဟွန်းသံတွေနဲ့ မေတ္တာပို့သံတွေကို ခံစားစေရမှာဖြစ်ပါတယ်။ ဒါကလည်း ကားမောင်းတဲ့အချိန်မှာ ဘေးကင်းကင်းနဲ့ မောင်းနိုင်မယ့် အကျင့်ကောင်းတစ်ခုဖြစ်ပါတယ်။

အရှိန်လျှော့မောင်းပါ

အန္တရာယ်ကင်းကင်း ကားမောင်းလိုတယ်ဆိုရင်တော့ ဟိုင်းဝေးလမ်းတွေပေါ်မှာပဲဖြစ်ဖြစ်၊ မြို့တွင်းလမ်းတွေမှာပဲဖြစ်ဖြစ် ကားမောင်းတဲ့အခါ သတ်မှတ်ထားတဲ့ အရှိန်ထက် ပိုမမောင်းမိဖို့နဲ့ သတ်မှတ်အရှိန်အတိုင်း မောင်းဖို့လိုပါတယ်။ ဒီကယာဉ်မတော်တဆမှု အဖြစ်များတဲ့ အမြန်လမ်းမှာဆိုရင်တော့ လူစီးကားတွေကို တစ်နာရီကို ကီလို ၁၀၀ နဲ့ လုပ်ငန်းသုံးနဲ့ ခရီးသည်တင်ယာဉ်ကားတွေဆိုရင်တော့ တစ်နာရီကို ကီလို ၆၀ ပဲပေးမောင်းပါတယ်။ အဲဒီသတ်မှတ်ကီလိုတွေထက် ပိုမောင်းရင်တော့ ဒဏ်ကြေးဆောင်ရတယ်ဆိုပေမယ့် လတိုင်းလိုလို သတ်မှတ်ကီလိုအထက် ပိုမောင်းလို့ ယာဉ်မတော်တဆဖြစ်တာတွေ၊ ဖမ်းဆီးရမိတဲ့ ကားတွေက လျော့မသွားပါဘူး။ ဒါကြောင့် ကားမောင်းမယ်ဆိုရင် အရှိန်လျှော့မောင်းပြီး ဂီယာကို စံနှုန်းအနေနဲ့ ၁၅၀၀ ကနေ ၂၅၀၀ မစာကြားမှာပဲထားပြီး မောင်းသင့်ပါတယ်။

တာယာများကို စစ်ဆေးပါ

ကိုယ့်ကားရဲ့ တာယာတွေမှာ ဘာချို့ယွင်းချက်ရှိလဲ၊ အပြစ်အနာအဆာရှိလဲဆိုတာ အမြဲတမ်းစစ်ဆေး နေဖို့လိုပါတယ်။ တာယာတွေ ချို့ယွင်းနေရင် အသက်အန္တရာယ်အထိ ဒုက္ခပေးနိုင်လို့ပါ။ တာယာလေ ပေါင်ချိန်ကလည်း သတ်မှတ်ထားတဲ့ လေပေါင်ချိန်ဖိအားမှာ အမြဲတမ်းရှိနေရပါမယ်။ ဒါမှလည်း ကားမောင်းရာမှ ကားရဲ့အခြေအနေဟာ တည်ငြိမ်နေ စေမှာဖြစ်ပါတယ်။ တာယာစစ်ဆေးတာကို အများစုက ခရီးဝေးထွက်ခါနီးမှာ လုပ်ကြတာများပေမယ့် တကယ်တော့ အမြဲတမ်း၊ သတိရတိုင်း စစ်ဆေးပေးနေတာကောင်းတဲ့ အလေ့အကျင့်တစ်ခုပါ။

မလိုအပ်တဲ့ဝန်တွေကို လျှော့ပါ

မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ပါဆိုတဲ့နေရာမှာ ခရီးသွားလို့ပဲဖြစ်ဖြစ်၊ မြို့တွင်းမှာ မောင်းဖို့ပဲဖြစ်ဖြစ် ကိုယ့်ကားရဲ့ ခံနိုင်ဝန်ထက်ပိုပြီး အလုပ်လုပ်ရစေမယ့် ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ဖို့ကို ဆိုလိုတာပါ။ ဒီလိုတွေ မလျှော့ဘဲ ကားရဲ့ ခံနိုင်ဝန်ထက် လူပိုတင်တာ၊ ပစ္စည်းပိုတင်တာတွေကြောင့် ကားမီးလောင်တာတွေ၊ သက်တမ်းမတိုင်ခင် ပျက်စီးတာတွေ၊ မတော်တဆဖြစ်မှုတွေကို ဖြစ်ရစေပါတယ်။ ဒီမှာဖြစ်နေတဲ့ ကားမီးလောင်တာတွေကို ရာသီဥတု အပူချိန်ကြောင့်ဆိုပြီး ပြောကြပေမယ့် တကယ်တော့ အဲဒါက အကြောင်းအရင်းအသေးအမွှားတစ်ခုစာလောက်ပဲဖြစ်ပြီးတော့ အဓိကအချက်က ခံနိုင်ဝန်ထက် ပိုမိုသယ်ဆောင်ရတာကြောင့် ကားကမရုန်းနိုင်ဘဲ အင်ဂျင်အပူချိန်တက်ပြီး မီးလောင်တာတွေကို ဖြစ်ပေါ်စေတာဖြစ်ပါတယ်။ အလျဉ်းသင့်လို့ ကားမီးလောင်ရတာကို ပြောရရင် မကောင်းတော့တဲ့ ကားတွေကို အကြိမ်ကြိမ်ပြင်ဆင်ပြီး မောင်းနှင်အသုံးပြုတာတွေကြောင့်လည်း ဖြစ်ပေါ်ရတာပါ။ ကားမောင်းမယ်ဆိုရင် ခရီးဝေးပဲဖြစ်ဖြစ်၊ မြို့တွင်းပဲဖြစ်ဖြစ် ကိုယ့်ကားရဲ့ခံနိုင်ဝန်လောက်ကိုပဲ ပစ္စည်းတင်၊ လူတင်ပြီး အသုံးပြုကြဖို့ လိုပါတယ်။ 

ဟိန်းမြတ်စိုး

Reference - Ford Myanmar