News

POST TYPE

AUTOMOBILE

အဝေးပြေးဝင်း၌ တက္ကစီငှားခြင်း
09-Jul-2018


“ကားနံပါတ်မှတ်ပြီး တိုင်လို့ရအောင် လုပ်ပေးစေချင်ပါတယ်”

ကိုကျော်ကျော်ဇင်ဖြိုး (အစိုးရဝန်ထမ်း)

ကျွန်တော် နယ်က ပြန်လာတိုင်း အဝေးပြေးမှာ တက္ကစီငှားတယ်။ ခရေပင်လမ်းခွဲပဲငှားတာပါ။ ၂၀၀၀၊ ၃၀၀၀ ထက် ပိုမတန်တဲ့ ခရီးတိုလေးပါ။ တစ်ခါကဆို တစ်သောင်းတောင်းတယ်။ နောက်တစ်ခါက ၇၀၀၀ တောင်းတာခံရတယ်။ အဝေးပြေးဝင်းက ကားသမားတွေက အဲဒီလို လိုက်တောင်းနေတာပါ။ ရန်ကုန်မှာနေတဲ့သူနဲ့ တွေ့တော့လည်း အရှက်မရှိ ဈေးပြန်လျှော့ပေးတာပေါ့နော်။ နယ်က တက်လာတဲ့သူတွေ ခံပေတော့ပဲ။ ဒါမျိုး ကားသမားတွေကို ကားနံပါတ်မှတ်ပြီး တိုင်လို့ရအောင် လုပ်ပေးစေချင်ပါတယ်။ ကားက ဈေးသတ်မှတ်ထားတာမဟုတ်လို့ တိုင်လို့မရဘူးလို့ ပြောချင်တဲ့ အဝေးပြေးဂိတ်က ကြီးကြပ်သူတွေ ရှိနေပါတယ်။ တချို့ နေမကောင်းလို့ ဆေးလာကုတဲ့၊ ဘုရားဖူးလာတဲ့ ချို့ချို့တဲ့တဲ့ နယ်ကလူတွေ သနားဖို့ကောင်းပါတယ်။ ဘယ်လောက်တောင် ခံရပြီးပြီလဲ မသိဘူး။



“အငှားကားတွေ ကြီးကြပ်တဲ့အဖွဲ့က သိသိနဲ့ မျက်နှာလွှဲထားသလားလို့ ထင်မိတယ်”

ကိုအောင်ပြည့်ဖြိုး (ဆရာဝန်)

ကားဈေးက သတ်မှတ်ထားတာ မဟုတ်တော့ ဒါကိုပြောလည်း အငှားကားတွေ ကြီးကြပ်တဲ့အဖွဲ့က သိသိနဲ့မျက်နှာလွှဲထားသလားလို့ ထင်မိတယ်။ ကားငှားတဲ့ ခရီးစဉ်ကိုပြောပြပြီး မတန်တဆဈေးတောင်းတာကို တိုင်လို့ရစေချင်တယ်။ အထူးသဖြင့် နေ့စဉ်နယ်ကလူတွေသွားလာနေတဲ့ အဝေးပြေးကားဂိတ်လိုနေရာမျိုးမှာ ဒီလိုတွေလုပ်နေတာ တစ်နည်းအားဖြင့် လိမ်စားနေတာပါပဲ။ အခြားဖြောင့်မှန်တဲ့ ကားသမားတွေရှိရင်လည်း ရောပြီးသိက္ခာကျပါတယ်။ ကိုယ့်နိုင်ငံသားတွက ဆင်းရဲရတဲ့ကြားထဲ ရှာဖွေစားနေရတဲ့ လူချင်းအတူတူ ဒီလိုမလုပ်ကြစေချင်ပါဘူး။



“ကားပေါ်ကဆင်းပြီဆို အထုပ်လုဆွဲပြီး မတန်တဆဈေးတွေတောင်းတာ”

ကိုသက်ပိုင်သူ (ခရီးသည်)

ကျွန်တော့်အရင်အလုပ်က မကြာခဏ ခရီးသွားရတယ်လေ။ မကြာခဏ ဆိုသလို အဲဒီလိုတွေ ကြုံရတယ်။ ကားပေါ်ကဆင်းပြီဆို အထုပ်လုဆွဲပြီး မတန်တဆ ဈေးတွေတောင်းတာ။ နောက်ပြီး တကယ်တော့ ကားဂိတ်တွေမှာ ခရီးသည်တွေကို အလုအယက် အတင်းဆွဲခေါ်တာမျိုးတွေ မရှိသင့်ဘူးပေါ့။ သူတို့ကျ ကော်မရှင်ခပေးရတော့ ဈေးကနှစ်ဆလောက်များနေရော။ အောင်မင်္ဂလာကနေ မြို့ထဲကို တစ်သောင်းလောက်တောင်းတယ်။ မန္တလေးမှာဆိုရင်လည်း အလုအယက်နဲ့။ ပိုဆိုးတာက နေရာမသိဘူးဆိုရင် ကွေ့ပတ်မောင်းပြီး ပိုက်ဆံပိုတောင်းတာမျိုးတွေတွေ့ရတယ်။ အရင်ကတော့ ဂိတ်တွေမှာ အဲဒီလိုခေါ်တဲ့လူတွေကို အရေးယူမယ် ဆိုပြီးလုပ်ခဲ့တယ်။ ခဏပဲ။ ဖိဖိစီးစီး အရေးယူမှုမရှိခဲ့တော့ အရင်အတိုင်းပဲ ပြန်ဖြစ်နေတယ်။ အခုနောက်ပိုင်း လေဆိပ်မှာတွေလို Taxi Stand တွေ၊ ဘယ်ကနေဘယ်သွားရင် ဘယ်လောက်ကျမယ်ဆိုတာမျိုးတွေ လုပ်ပေးရင် ပိုအဆင်ပြေမယ် ထင်တယ်။