News

POST TYPE

AUTOMOBILE

သရုပ်ဆောင် ငြိမ်းသော်နှင့် တွေ့ဆုံခြင်း
02-Jul-2018



“အမြင့်ကားကို လှလှလေးတွေကို ပိုပြီးသဘောကျတယ်”

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ နာမည်ကြီးရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ “ည” ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်ထားပြီး လူသိများခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်နဲ့ မော်ဒယ်လ်တစ်ဦးလည်းဖြစ်တဲ့ ငြိမ်းသော်နဲ့တွေ့ဆုံပြီး သူလက်ရှိစီးနေတဲ့ ကားအကြောင်း မေးမြန်းဖြစ်ခဲ့တာလေးကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ 

Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
NT : ကျွန်တော် အခုလက်ရှိကတော့ Vanguard လေး စီးနေပါတယ်။

Voice : ဒီကားလေးကရော ဝယ်ထားတာ ကြာပြီလား။
NT : မကြာသေးဘူးဗျ။ လေးလလောက်ပဲ ရှိသေးတယ်။

Voice : ဒီကားကို ဘယ်လိုအချက်တွေကြောင့် ရွေးဝယ်ဖြစ်သွားတာလဲ။
NT : ရွေးဖြစ်သွားတယ်ဆိုတာက ဒီကားကကြီးလည်း ကြီးတယ်၊ ရှုတင်တွေနဲ့လည်း ကိုက်တယ်။ အစကတော့ ဆလွန်းကားပေါ့။ အခုကျ အမြင့်ကား ဖြစ်သွားတာပေါ့။ ဒီကားကျ ရှုတင်သွားတဲ့အခါ နောက်မှာသယ်ရပြုရတာတွေရော၊ အဝတ်အစားလဲတာရော၊ သူငယ်ချင်းတွေနဲ့ အပြင်သွားတဲ့အခါမှာရော အဆင်ပြေတယ်။ 

Voice : ကားပုံစံကရော ကားအမြင့်တွေကို သဘော ကျတာလား။ ဘယ်လိုပုံစံတွေ သဘောကျတာလဲ။
NT : ကားကတော့ ဒီလိုမျိုး အမြင့်ကားမျိုးပေါ့နော်။ အမြင့်ကားကို လှလှလေးတွေကို ပိုပြီးသဘောကျတယ်။ ဘယ်ကုမ္ပဏီကပဲ ထုတ်ထုတ်ပေါ့နော်။ 

Voice : နောက်ပြီးတော့ ကားကိုအပြောင်းအလဲနဲ့ စီးရတာသဘောကျလား။
NT : ကားကို အပြောင်းအလဲလေးနဲ့ စီးရတာတော့ သဘောကျတယ်။ ဒါပေမဲ့ Sport Type တွေကို ပိုသဘောကျတယ်။ Saloon Type တော့ သဘောမကျဘူး။

Voice : ဒီကားကို ကျတော့ရော။
NT : ခရီးတွေဘာတွေ သွားရတာလည်း အဆင်ပြေတယ်။ နောက်နည်းနည်းမြင့်တယ်။ ပြီးရင် ဘယ်လိုပြောမလဲ။ တစ်နေရာရာသွားလည်း သူငယ်ချင်းတွေများများလည်း ခေါ်သွားလို့ရတယ်။ ဒါကြောင့် သဘောကျတာလည်းပါတယ်။ 

Voice : ဒီကားအရင်ကရော ဘာကားအမျိုးအစားတွေ စီးခဲ့ဖူးလဲ။
NT : ဒီကားအရင်ကတော့ Honda Fit လေး စီးခဲ့ဖူးပါတယ်။

Voice : ကားမှာ အလှဆင်ရတာတွေရော လုပ်ဖြစ်လား။
NT : ကျွန်တော်က ကားမှာအလှဆင်ရတာတော့ သဘောမကျဘူး။ ဒါပေမဲ့ အခုကားမှာတော့ အမေက အဝတ်လဲရတာလည်း အဆင်ပြေအောင်ဆိုပြီး မှန်ကပ်အမည်းရောင်လေး ကပ်ပေးထားတာပဲရှိတယ်။ ကျန်တာတော့ မလုပ်ဖြစ်ဘူး။

Voice : ကားနဲ့ပတ်သက်ပြီးတော့ရော အမှတ်တရလေးတွေ ကြုံခဲ့ဖူးလား။
NT : ကားနဲ့ပတ်သက်ပြီး ထွေထွေထူးထူးတော့ မရှိပါဘူး။ သူငယ်ချင်းတွေစုပြီး ခရီးထွက်ရတာမျိုးတော့ ကြိုက်တယ်။ ကားကိုတစ်ယောက်တစ်လှည့်စီ မောင်းတယ်။ ကားမှန်တွေချပြီး သီချင်းတွေ အော်ဆိုကြတယ်။ ကားနဲ့ခရီးထွက်ရတာကို ကြိုက်တယ်။

ခိုင်ချယ်ရီထွန်း